သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂကူးစက်ရောဂါအခြေအနေ နယ်စည်းမထားဆရာဝန်များအဖွဲ့ လေ့လာမည်


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတနေရာ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတနေရာ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အမျိုးအစားမခွဲခြားနိုင်သေးတဲ့ ကူးစက်မြန်ရောဂါကို ကုသနိုင်ဖို့ အခုအခါ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ကပြင်ဆင်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတဲ့ နာဂဒေသမှာ မကြာသေးခင်ကစလို့ ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါကြောင့် သေဆုံးသူ လျော့နည်းသွားပမဲ့ ရောဂါကူးစက်နေဆဲ ဖြစ်တဲ့အတွက် အကူအညီပေးဖို့ တိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး MSF က သွားရောက်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကူးစက်မြန်ရောဂါကိုကုသဖို့နဲ့ အကူအညီပေးဖို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ရှေ့သီတင်းပတ်ထဲ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကိုသွားရောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လာမယ့်အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ကွင်းဆင်းသုတေသန ပြုလုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရနဲ့ ညှိနှိုင်းစီစဉ်ခဲ့တာလို့လည်း စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

“သူတို့က ကျန်းမာရေးကူညီပေးချင်တယ်ဆိုတော့ ကျနော်တို့နဲ့ နာဂဦးစီးတွေနဲ့ ဆွေးနွေးကြတာပေါ့လေ။ ပထမအချက်က ကျနော်တို့ က assessment လုပ်ဦးမယ်ပေါ့နော်။ ကွင်းဆင်းလေ့လာတာပေါ့ အဲဒီလေ့လာတာကို ကျနော်တို့က တိုင်းဒေသကြီးအစိုးရဖွဲ့ သွားရေးလာရေး၊ လုံခြုံရေးပေါ့နော် အဲဒါတွေကို တာဝန်ယူပေးပါပေါ့။ အဲဒီလိုမျိုး Assessment လုပ်ပြီးမှ ဘယ်ဟာကအရေးကြီးဆုံးလဲပေါ့။ ဥပမာ အဟာရချို့တဲ့တာ၊Malnutrition လား TB လားပေါ့လေ အဲဒီ ရတဲ့ Assessment အပေါ်ကိုမှ သူက data အချက်အလက်တွေကို ပြန်ညှိနှိုင်းပြီး ၁ လလောက်နေရင် ပြန်ပြီး အစည်းအဝေးတခုလေးလုပ်မယ်။ ဒီလ ၁၇ ရက်နေ့လောက် လဟယ်ဘက်ကို ဆင်းမယ် ၊ လဟယ်တင်မကဘူး၊ နန်းယွန်းရော၊ လီရှီး ရော သွားနိုင်သလောက် သွားမယ်။”

နာဂဒေသမှာကျန်းမာရေးစောင့်ရှောက်မှုအားဖြည့်လုပ်ဆောင်နိုင်ရေးအတွက် အောက်တိုဘာလ(၅)ရက်နေ့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရရုံးမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီးဦးဇော်ဝင်းနဲ့ နာဂဦးစီးအဖွဲ့ကအဖွဲ့ဝင် တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းသုတေသန ပြုလုပ်သွားဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကနေရရှိလာတဲ့အချက်အလက်အပေါ်အခြေခံပြီးရောဂါကုသပေးဖို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်းမှာ လက်ရှိတကျော့ပြန်ဖြစ်ပွါးတဲ့ရောဂါကြောင့် ထောင်နဲ့ချီတဲ့ဒေသခံ ရွာသားတွေရောဂါဖြစ်ပွါးမှုရှိနေတယ်လို့ နာဂအမျိုးသားရေးရာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ဆန်းကပြောပါတယ်။

“လက်တလောမှာတော့ ဆိုးဆိုးဝါးဝါးအနေအထားတခုမရှိတော့ဘူး ဒါပေမယ့် ဒီစက်တင်ဘာ အစောပိုင်းမှာတော့ တက်ကားကျေးရွာ အဲဒီဝန်းကျင်မှာတော့ ကလေးတွေ တော်တော်များများ ကူးစက်ခံရတယ်။ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကျနော်တို့အဖွဲ့ဝင်တွေထဲက ပြောပြချက်အရဆိုရင်တော့ ကလေးပေါင်း ၁၀၀၀ ဝန်းကျင်လောက် အနာဖြစ်ကြတယ်ပေါ့။ ၁၀၀၀ လောက်က ဆေးဝါးကုသမှုတွေ ခံယူရတဲ့အနေအထားမျိုးဖြစ်တယ်။ ကျောင်းတွေမှာလည်း ကလေးတွေ ၄၀၀-၅၀၀ ရှိတာကနေပြီးတော့ ၁၀၀-၂၀၀ လောက်က မလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတာလည်း ဒေသခံ ကျောင်းဆရာ၊ ဆရာမတွေပြောပြချက်အရသိရတယ်။”

နယ်စည်းမခြားဆရာဝန်အဖွဲ့တွေ နာဂဒေသမှာလာရောက်ပြီး ရောဂါသုတေသနလုပ်ဆောင်မဲ့အပေါ်ကြိုဆိုတယ်လို့ နာဂအမျိုးသားရေးရာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ဆန်းကပြောပါတယ်။

“နယ်စည်းမခြားဆရာဝန်အဖွဲ့က နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ INGO အဖွဲ့အစည်းတခုပါ။ သူ့မှာလုပ်နိုင်တဲ့အင်အားတွေရှိတယ်၊ နည်းပညာအင်အား၊ ငွေကြေးအင်အားတွေရှိတယ်၊ ဆိုတော့ နယ်စည်းမခြားဆရာဝန်အဖွဲ့ရောက်လာခြင်းအားဖြင့် ကျနော်တို့ နာဂဒေသအတွက်ကောင်းမွန်တဲ့ လက္ခဏာပါ ကြိုဆိုရမှာပါ။”

အခုလိုဖြစ်ပွါးတဲ့ရောဂါကြောင့် ကလေးငယ်နဲ့သက်ကြီးရွယ်ဦး(၅)ဦးသေဆုံးခဲ့ပြီး လက်ရှိမှာတိုင်းဒေသကြီးအစိုးရကနေကျန်းမာ ရေးအဖွဲ့တွေကိုစေလွှတ်ခဲ့တာ ကြောင့်အခြေအနေကောင်းမွန်လာနေပြီးလို့ စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီးဒေါက်တာဦးဇော်ဝင်း က အခုလိုပြောပါတယ်။

“နောက်ဆုံးအခြေအနေကောင်းပါတယ်။ ဆုံးတာက ၅ ဦးပဲပေါ့နော်၊ ကလေး ၂ ဦးနဲ့ လူကြီး ၃ ဦး ။ ကျန်တာတွေကတော့ ရိုးရိုးတုတ်ကွေးတွေ၊ နှာစေးချောင်းဆိုးတွေ၊ ဖျားတာနာတာတွေပါပဲ။ နာဂဒေသကို သားဖွားဆရာမ Midwife နဲ့ ကြီးကြပ် (၂) တွေပေါ့ ၅၇ ဦးကို လွှတ်ပေးထားတယ်။ ၅၆ ဦးသွားတယ် အဲဒီထဲမှာ ၃၇ ဦးကတော့ volunteer ပေါ့။ သွားကြတာ တပ်မတော်ကလည်း ကူညီပါတယ် တချို့ကို ရေခဲသေတ္တာတွေပို့တာအစ တပ်မတော် လေယာဉ်တွေနဲ့ ကူညီပါတယ်။"

နာဂဒေသမှာကူးစက်ရောဂါဖြစ်ပွါးမှုနဲ့ပက်သက်လို့ လူမှုရေးဝန်ကြီးဒေါက်တာဦးဇော်ဝင်း က အခုလိုပြောပါတယ်။

“အကြောင်းအရင်းကတော့ အရင်တုန်းကတော့ ကာကွယ်ဆေး အပြည့်အ၀ မလွှမ်းခြုံနိုင်တာပေါ့ ဆေးထိုးခွင့် မရကြဘူး။ အဟာရချို့တဲ့တာလည်းပါတယ်။ သူတို့နေမှုထိုင်မှုစနစ်ကလည်း အိမ်အရှည်ကြီးတလုံးထဲကို ဝင်ပေါက် ၁ ပေါက်ထဲ မီးဖိုကလည်း အိမ်မှာပဲလေ ။ မီးခိုးမှိုင်းတွေက လူအတွက်သိပ်မကောင်းဘူးပေါ့နော် ကျန်းမာရေးအခြေအနေအဆင့်အတန်း နေပုံထိုင်ပုံလေ ။ သူတို့ရိုးရာအရ အမဲလိုက်လို့ရတာတွေကို ချိတ်ထားတာတွေရှိတယ်။ နောက်တခုက ဆက်သွယ်ရေးအရ ဖုန်းလိုင်တွေကမမိတော့ ရောဂါစဖြစ်ခြင်း အကြောင်းမကြားနိုင်ဘူး။ အကြောင်းကြားတာ နောက်ကျတာပေါ့။”

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသမှာ ပြီးခဲ့တဲ့ဇွန်လထဲမှာလဲ ကူးစက်ရောဂါကြောင့် လဟယ်မြို့နယ် နန်းယွန်းမြို့နယ် ဒုံဟီး မြို့နယ်ခွဲကကျေးရွာတွေမှာ ကလေးငယ်(၆၈)ဦးအသေအပျောက်ရှိခဲ့တယ်လို့ နာဂအမျိုးသားရေးရာကောင်စီကနေ အတည် ပြု ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ကူးစက်ရောဂါဟာ ဝက်သက်ရောဂါဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက နောက်ပိုင်းမှာ အတည် ပြု ခဲ့ကြပါတယ်။

ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာရေး အသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု စတဲ့ပြဿနာတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG