သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသ ကူးစက်ရောဂါ ထပ်မံဖြစ်ပွါး


စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ။
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ။

ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းမှာ တကျော့ပြန်ဖြစ်ပွါးတဲ့ အမျိုးအစား အတိအကျ မခွဲခြားနိုင်သေးတဲ့ ကူးစက်မြန်ရောဂါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျေးရွာသား ရာကျော် ရောဂါဖြစ်ပွါးခဲ့သလို ကလေးသူငယ်တွေ သေဆုံးမှု ဖြစ်ပွါးခဲ့ ပါတယ်။ ရောဂါဖြစ်ပွါးရာဒေသကို မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ တပ်မတော်စစ်ဆေးရုံက ဆရာဝန်တွေကနေ ကွင်းဆင်းကုသပေးနေတယ် လို့လဲ ဒေသခံ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်းမှာ လက်ရှိ တကျော့ပြန်ဖြစ်ပွါးတဲ့ရောဂါကြောင့် ဒေသခံ ရွာသားရာကျော်ရောဂါ ကူးစက်ခဲ့ပြီးသေဆုံးမှုအထိဖြစ်ပွါးခဲ့တယ်လို့ နာဂဒေသ လူမှုအဖွဲ့အစည်းခေါင်းဆောင် ဦးနော် အောင်ဆန်းကပြောပါတယ်။

"သေဆုံးသွားတာကတော့ ငါးဦးပေါ့။ ကူးစက်ခံရတာကတော့ တစ်ရာအထက်မှာ ရှိတယ်လို့ပြောရင် ပိုမှန်မယ်။ စာရင်းအတိအကျကို ကျနော်တို့ မရနိုင်သေးဘူးခင်ဗျ။"

ဒီရောဂါဟာ စက်တင်ဘာလလယ်မှာ နန်းယွန်းမြို့ တတ်ကားကျေးရွာမှာ စတင်ဖြစ်ပွါးလာခဲ့တာပါ။ ရောဂါဖြစ်ပွါးမှုအခြေအနေ ကိုတော့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိမ်းမောင်က အခုလိုပြောပါတယ်။

" စက်တင်ဘာလ ၁၅ရက် ဝန်းကျင်လောက်မှာ စဖြစ်တာ။ အခုလောက်ဆို လူဦးရေက အားလုံးလောက်ဆို ၂၀၀ ကျော်တယ်ဗျ။ ကျနော်တို့က ဆရာဝန်တွေနဲ့ ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့တယ်ပေါ့နော်။ ဆရာဝန်တွေရဲ့ မှတ်ချက်ကတော့ ကူးစက်နိုင်တဲ့ ရောဂါကြီးကြီးမားမား ကြောင့်တော့ မဟုတ်ဘူး လို့ပြောတယ်။ အခြေအနေကတော့ ဒီရောဂါက အားလုံးကူးစက်နိုင်တယ်လို့တော့ မဆိုနိုင်ပေမဲ့လို့ တွေးပူရတဲ့ အနေအထားတော့ မရှိတော့ဘူးထင်တယ်။ "

နာဂဒေသအတွင်းဖြစ်ပွါးနေတဲ့ကူးစက်ရောဂါကြောင့် သေဆုံးမှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာဒေသခံကျန်းမာရေးအဖွဲ့တွေနဲ့ ခန္တီးတပ်မတော် စစ်ဆေးရုံက ဆရာဝန်တွေကနေ ကုသပေးနေလို့ ရောဂါကို ထိန်းချုပ်နိုင်ပြီးလို့ နန်းယွန်းမြို့နယ် ဆရာဝန် ဒေါက်တာဝင်းလှိုင် ဦး ကပြောပါတယ်။

" သေဆုံးသွားတဲ့သူတွေထဲမှာ အသက်ခြောက်ဆယ်အရွယ်ပါတယ်။ တစ်လသား အရွယ် ပါတယ်။ တစ်နှစ်သားလေးတွေပါတယ်။ လူလတ်ပိုင်းတွေ ပါတယ်။ ငါးယောက်သေတယ်လို့ သတင်းရတယ်။ ကျနော်တို့ ၂၉ရက်နေ့ကပဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောတယ်။ ပြောပြောချင်းပဲ ကျေျနာ်တို့ ဒီက ဆရာဝန်သုံးယောက်ပါတဲ့အဖွဲ့နဲ့ ဆရာမတယောက်ပါတဲ့အဖွဲ့ သွားပြီးတော့ ၁ရက်နေ့ရယ် ၂ရက်နေ့ရယ် ၃ရက်နေ့ရယ် သုံးရက်ဆက်တိုက် ကုသမှုပေးခဲ့တယ်။ အဲ့ဒီ့ခရိုင်မှာ တပ်မတော်ဆရာဝန်တွေ ပါတဲ့အဖွဲ့က ၄ရက်နေ့က ရောက်ပြီးတော့ ကျနော်တို့ဆီက ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းပြီးတော့ ကုသမှုပေးနေတယ်။ အဲ့ဒီ့မှာ အများစုက တွေ့ရတာကတော့ နှာစေး၊ ချောင်းဆိုး လူနာရယ် အစာအိမ်ယောင်တဲ့ လူနာတို့ တကိုယ်ရေမသန့်ရှင်းမှု ကြောင့် အရေပြားနာပေါက်တာ အမျိုးသမီးတွေကျတော့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ အဲ့တာလေးတွေ တွေ့တယ်။"

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသမှာ ပြီးခဲ့တဲ့ဇွန်လထဲမှာလဲ ကူးစက်ရောဂါကြောင့် လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ဒုံဟီး မြို့နယ်ခွဲကကျေးရွာတွေမှာ ကလေးငယ်(၆၈)ဦး အသေအပျောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကနေ အတည်ပြုပြောဆိုခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်း ကတော့ ကူးစက်ရောဂါဟာ ဝက်သက်ရောဂါဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မဖွံ့ဖြိုးသေးတဲ့ဒေသတခုဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာ ရေးအသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုစတဲ့ပြဿနာတွေရှိနေဆဲလို့လဲ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကပြောပါတယ်။

နာဂဒေသ ကူးစက်ရောဂါထပ်မံဖြစ်ပွါး
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG