သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ


မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို ဒီနေ့ပဲ ဖမ်းဆီးလိုက်ကြောင်းနဲ့ နိုင်ငံပိုင်လုပ်ငန်းကနေ ငွေကြေးမသမာမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ ဆက်နွယ်ပြီး ထပ်မံအရေးယူဖို့ ရှိကြောင်းလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီက ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဒေါ်လာသန်း ၆ ရာကျော်ကို သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ လွဲှပြောင်းမှုအတွက် ဝန်ကြီးချုပ်ဟောင်းကို သူ့ရုံးခန်းမှာပဲ ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေအရ နောက်ထပ် တရားစွဲဆိုဖို့ မနက်ဖြန် ရုံးထုတ်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ ကြေညာချက်မှာ ဖော်ပြချက်အရ အာဏာအလွဲသုံးစားမှုနဲ့ အရေးယူခံရဖွယ် ရှိပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး လပိုင်းအကြာမှာပဲ နိုင်ငံပိုင် 1MDB ဘဏ်လုပ်ငန်းနဲ့ ဆက်နွယ်ပြီး၊ ယုံကြည်မှု ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ ငွေမည်းခဝါချမှု စတဲ့ ရာဇဝတ်ကြောင်းနဲ့ အစောပိုင်းမှာလည်း တရားစွဲခံထားရတာပါ။

ဝန်ကြီးချုပ်ဟောင်းကတော့ အပြစ်မရှိကြောင်း ငြင်းဆန်ထားပြီး၊ ရုံးတင်စစ်ဆေးမှုတွေကတော့ ရှေ့နှစ်ထဲ စတင်မှာဖြစ်ပါတယ်။ နိုင်ငံပိုင် 1MDB ဘဏ်ကိုတော့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ပြီး ဝန်ကြီးချုပ်ဟောင်း Najib က သူအာဏာရစဉ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပေမဲ့ ဒေါ်လာသန်းထောင်ချီ ကြွေးတင်နေသလို၊ အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများကလည်း နယ်စပ်ဖြတ်ကျော်ပြီး ငွေကြေးမသမာမှုတွေ၊ ငွေမည်းခဝါချမှုတွေအတွက် စုံစမ်းစစ်ဆေးခံနေရတာပါ။

နိုင်ငံပိုင်ဘဏ်လုပ်ငန်းက အရှုပ်တော်ပုံတွေအပေါ် လူထုက အမျက်ဒေါသထွက်ခဲ့ရာက မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ ၁၉၅၇ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်လာပြီးချိန်ကစလို့ တိုင်းပြည်မှာ အာဏာရလာခဲ့တဲ့ ပါတီလည်း ရှုံးနိမ့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG