ကြာသပတေးနေ့ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ NATO မဟာမိတ်အဖွဲ့ရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်ထိပ်သီးအစည်းဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို နောက်ထပ်ပံ့ပိုးပေးကြဖို့ အဓိကဆွေးနွေးခဲ့ကြသလို အနောက်နိုင်ငံတချို့ကတော့ ရုရှားကျူးကျော်မှုကနေ ကြုံလာရတဲ့ ကမ္ဘာတလွှားရှုပ်ထွေးမှုနဲ့အတူ နောက်စိန်ခေါ်မှုတခုဖြစ်တဲ့ လက်နက်ပြိုင်ဆိုင်မှုကို ရင်ဆိုင်ဖို့ပါပြင်ဆင်လာကြပါတယ်။
ရုရှားရဲ့အဆက်မပြတ်တိုက်ခိုက်ခံနေရတဲ့ယူကရိန်းမှာ ငြိမ်းချမ်းမှုရဖို့ သူတို့လိုအပ်တဲ့လက်နက်တွေနဲ့ စနစ်တွေ လုံလုံလောက်လောက်ရဖို့ လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ တွက်ဆလာသလို NATO အနေနဲ့ မဟာမိတ်နိုင်ငံသစ် ယူကရိန်းကို ရုရှားစစ်တပ်ရန်ကကယ်နိုင်ဖို့ လုံလုံလောက်လောက် ပြင်ဆင်ရမယ်လို့ ထောက်ပြကြပါတယ်။
ရုရှားအပြင် တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးလာတာကို အစည်းဝေးမှာ ဆွေးနွေးခဲ့ကြသလို အချိန်ဖြုန်းနေလို့မရတော့ဘူးလို့လည်း အမည်ဖေါ်ထုတ် ပြောဆိုခွင့်ရမထားတဲ့ NATO အရာရှိတဦးက VOA ကို ပြောပါတယ်။ ဒါ့အပြင် မဟာမိတ်နိုင်ငံအားလုံးအတွက် အဓိကဦးစားပေးရမယ့်ကိစ္စက အကူညီတွေအတွက် ကုန်ကျငွေထပ်တိုးဖို့တင်မကဘဲ သူတို့ လုပ်ကိုင်နိုင်စွမ်း တိုးလာအောင်လုပ်ပေးဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
တရုတ်ဟာ ရုရှားအတွက် အဆင့်မြင့်လက်နက်နဲ့ လက်နက်စနစ်တွေ မြှင့်တင်ပေးနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေတင်ပို့ပေးရင်း ရုရှားစစ်တပ်အသက်ရှည်အောင် အဓိကလုပ်ပေးနေသူဖြစ်တယ်လို့ ထပ်တလဲလဲ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ရုရှားစစ်တပ်အတွက် ဒရုန်းထုတ်လုပ်ရေးမှာ ပါဝင် ပတ်သက်နေတဲ့ အီရန်ကုမ္ပဏီတွေနဲ့အရာရှိတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ဧပြီနဲ့မေလတွေထဲမှာ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ခဲ့တာပါ။
ဒါ့အပြင် ဒီနှစ်စပိုင်းမှာ မြောက်ကိုရီးယားဟာ ရုရှားဆီကို ကျည်ဆံ ၃ သန်းကျော်ပါဝင်တဲ့ကွန်တိန်နာ အနည်းဆုံး ၆,၇၀၀ ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားအရာရှိတွေက ပြောနေချိန်မှာပဲ ရုရှားတပ်တွေဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေကိုသုံးခဲ့တယ်လို့ အမေရိကန်ထောက်လှန်းရေးက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
NATO ရဲ့ ထောက်လှမ်းရေးအချက်တွေကနေ ရုရှားစစ်တပ်ဟာ ခေတ်နောက်ကျနေတာတွေ့ရသလို သူ့စစ်တပ်ကိုခေတ်မီအောင် နှစ်အတော်ကြာ ပြန်ထူထောင်မှရမယ်ဆိုတာ တွေ့နေရပေမယ့် သူဟာ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေဆီကနေ ထောက်ခံပံ့ပိုးမှုတွေရနေတဲ့အတွက် ရုရှားရဲ့စစ်ပွဲအနေအထား သိသိသာသာ အပြောင်းအလဲဖြစ်လာတာတွေ့ကြောင်းလည်း NATO အရာရှိက VOA ကို ပြောပါတယ်။
Forum