သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးထိပ်သီးစည်းဝေးပွဲနောက်ဆုံးနေ့ ယူကရိန်းနဲ့ ဆွေးနွေးမည်


(From L) US President Joe Biden, NATO Secretary-General Jens Stoltenberg and Ukraine's President Volodymyr Zelenskyy talk ahead of a working session on Ukraine during the NATO summit, in Vilnius, July 12, 2023.
(From L) US President Joe Biden, NATO Secretary-General Jens Stoltenberg and Ukraine's President Volodymyr Zelenskyy talk ahead of a working session on Ukraine during the NATO summit, in Vilnius, July 12, 2023.

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ ဒီကနေ့မှာ နေတိုးခေါင်းဆောင်တွေနဲ့ ယူကရိန်း ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကို တရုတ်က ကူညီပေးနေတာတွေနဲ့ ပတ်သက်လို့လည်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ဒီကနေ့ ဆွေးနွေးကြဖို့ ရှိသလို၊ တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဥရောပ−အတ္တလန္တိတ်ဒေသရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က သတိပေး ပြောဆိုလိုက်ပါတယ်။

“ယူကရိန်းကို တိုက်နေတဲ့ ရုရှားစစ်ပွဲမှာ တရုတ်ဟာ အဓိကအဆုံးအဖြတ်ပေးတဲ့ နေရာအထိ ရောက်လာနေပါတယ်။ တရုတ်က ရုရှားကို အကူအညီတွေ တိုးမြှင့် ပေးနေတာဟာ ဥရောပ−အတ္တလန္တိတ်ဒေသ လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။” − လို့ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က မနေ့က ထိပ်သီးအစည်းအဝေးအတွင်း ပြောသွားတာပါ။

ရုရှားကာကွယ်ရေးဌာနကို တရုတ်က လက်နက်အစိတ်အပိုင်းတွေ၊ စစ်လက်နက် ပစ္စည်းကိရိယာ ကုန်ကြမ်းတွေ ထောက်ပံ့ပေးနေတာလို စစ်ဘက် အရပ်ဘက် နှစ်မျိုးလုံးသုံးနိုင်တဲ့ ပစ္စည်းတွေ ပို့ပေး နေတာကို ရပ်ဖို့ နေတိုး မဟာမိတ် ၃၂ နိုင်ငံ က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ နေတိုး ထိပ်သီး စည်းဝေးပွဲ နောက်ဆုံးနေ့ ဆွေးနွေးပွဲတွေမှာတော့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂ အီးယူခေါင်းဆောင်တွေလည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း နေတိုးထိပ်သီး ဆွေးနွေးပွဲတက်ရောက်ဖို့ ဝါရှင်တန်မြို့တော်ကို ရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဒီကနေ့ သီးခြား တွေ့ဆုံကြဖို့ ရှိနေပါတယ်။ သမ္မတ Zelenskyy ဟာ မနေ့တုန်းကတော့ အမေရိကန်လွှတ်တော်ကို သွားရောက်ခဲ့ပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG