သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြန်စနိုင်မယ့် အလားအလာကောင်း


JICM အစည်းအဝေး (မှတ်တမ်းဓာတ်ပုံ - Myanmar State Counsellor Office)
JICM အစည်းအဝေး (မှတ်တမ်းဓာတ်ပုံ - Myanmar State Counsellor Office)

(Zawgyi/Unicode)

JICM ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမယ့် ရက်ကို NCA ခေါ် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဆုံးဖြတ်လိုက်တာကြောင့် အစိုးရနဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မယ့် အလားအလာ ရှိနေပါတယ်။ JICM အစည်းအဝေး ကျင်းပမယ့်ရက်ကို ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီး အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဒီလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး JICM ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပမယ့် ရက်ကို ဆွေးနွေးသတ်မှတ်ခဲ့တာပါ။

ဒီလိုသတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ PPST အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အစည်းအဝေးအပြီးမှာ အခုလို ပြောကြားပါတယ်။

“ကျနော်တို့က ၂၀၂၀ ဇန်နဝါရီလ ပထမပတ်လောက်မှာ လုပ်ဖို့ စဉ်းစားထားတယ်လေ။ ကျနော်တို့ အစိုးရကို ပြန်ပြောပြရအုံးမှာပေါ့လေ။ အကြောင်းကြားရမယ်လေ။ ကျနော်တို့ လုပ်ချင်တဲ့နေ့ပေါ့။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အစည်းအဝေးမှာ အစိုးရက နိုင်ငံတကာတရားရုံး ICJ ကို သွားရောက် တရားရင်ဆိုင်မယ့်အရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း နိုင်အောင်မငေးက ပြောပါတယ်။

“ICJ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခု နိုင်ငံတော်က တာဝန်ယူပြီး သွားဖြေရှင်းတာကို ကျနော်တို့အနေနဲ့ ကောင်းတယ်။ ဒီကိစ္စဖြေရှင်းသင့်တယ်။ ကျနော်တို့က အခုရှာနေတာက တရားမျှတမှု၊ ဒါလည်း ဆက်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဒါမှ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ပိုပြီးတော့ ဂုဏ်တက်စေတာပေါ့နော်။ ဒီလို ကိစ္စထဲမှာ သွားပြီးတော့ ဖြေရှင်းရမယ်ဆိုတာ ဒါမှလည်း အခြေအနေက ကောင်းလာမယ်ပေါ့နော်။”

PPST အစည်းအဝေးပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးရပ်ဆိုင်းပြီး ဆွေးနွေးအဖြေရှာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

PPST က JICM အစည်းအဝေး ကျင်းပမယ့် ရက်သတ်မှတ်တာနဲ့ ပတ်သက်လို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက အခုလို သုံးသပ်ပြောဆိုပါတယ်။

“အစိုးရ ကိုယ်စားလှယ်အဖွဲ့ဘက်က JICM ကို ဒီဇင်ဘာလ ၁၈-၁၉-၂၀လောက်မှာ လုပ်နိုင်ဖို့ အဆိုပြုထားတာရှိတယ်။ ညီလာခံကိုလည်း မတ်လ နောက်ဆုံးပတ်မှာ လုပ်ဖို့ အဆိုပြုထားတာရှိတယ်။ အဲဒါကို သူတို့ PPST မှာ ဆွေးနွေးတယ်လို့ နားလည်ရတာပေါ့လေ။ အဲဒါကို သူတို့ဘက်ကတော့ ကျနော်တို့ အလွတ်သဘောအရ သိတာကတော့ ဇန်နဝါရီလ ပထမပတ်လောက်မှာ ကျင်းပနိုင်ဖို့ သူတို့လည်း တုံပြန်ပြောတယ်လို့ နားလည်တဲ့အတွက် JICM ကတော့ လွတ်လပ်ရေးနေ့ ပြီးတဲ့နောက်ပိုင်းလောက်မှာ ဖြစ်နိုင်လိမ့်မယ်လို့ ဒီလိုပဲ နားလည်ရတာပေါ့နော်။ JICM ဆွေးနွေးပွဲတွေ စတယ်ဆိုရင်တော့ ဒါ တရားဝင်ဆွေးနွေးပွဲတွေ အနေအထားပါပဲ။ အဲတော့ အစိုးရအဆိုပြုတဲ့ရက် အစားမှာ သူတို့ဘက်က ပြန်အဆိုပြုတဲ့ရက်ကို ကျနော်တို့ ဒီရက်ပိုင်းအတွင်းမှာပဲ ညှိနှိုင်းနိုင်မယ်လို့ ထင်တယ်ဗျ။”

JICM အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ ကျင်းပမယ့်နေ့ရက်နဲ့ ဆွေးနွေးမယ့် ခေါင်းစဉ် စတာတွေကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြိုတင် ညှိနှိုင်းကြမှာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေး ကျင်းပနိုင်မှုအပေါ် မူတည်ပြီး ၂၁ရာစုပင်လုံကို ကျင်းပမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံကို ၂၀၁၈ ခုနှစ် ဇူလိုင်လက နောက်ဆုံးအကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တနှစ်မှာ ၂ ကြိမ် ကျင်းပဖို့ သဘောတူညီခဲ့ပေမဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ တပ်တွေ ပြန်လည်ပေါင်းစည်းရေး စတဲ့အချက်တွေမှာ ညှိနှိုင်းမရတဲ့နောက် ညီလာခံ ကျင်းပရေးဟာ တနှစ်ကျော် ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG