ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ခေါ် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ PNLO ခေါ် ပအိုဝ်းအဖွဲ့ရဲ့ ခေါင်းဆောင်က ပြောဆိုပါတယ်။ လောလောဆည်မှာ အောက်ခြေတပ်အချင်းချင်းညှိနှိုင်းဖို့လည်း ညွှန်ကြားထားသလို ဒီတိုက်ပွဲဟာ အချင်းချင်းနားလည်မှုလွှဲမှားလို့ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ကြောင်း သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရနဲ့ KNPP ခေါ် ကရင်နီအဖွဲ့အကြားမှာ ဒီလကုန်ပိုင်းလောက် ထပ်မံဆွေးနွေးညှိနှိုင်းဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းမှာ အောက်တိုဘာလ ၁၆ရက်နေ့ က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါ် SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရှမ်းနဲ့ ပအိုဝ်း ၂ဖွဲ့လုံးဟာ NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဖြစ်ပြီး လောလောဆည်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် အောက်ခြေတပ်မှုးခြင်းညှိနှိုင်းဖို့ ညွှန်ကြားထားသလို နှစ်ဘက် ခေါင်းဆောင်ခြင်း ဆွေးနွေးဖို့လည်း ပြင်ဆင်နေကြောင်း PNLO အဖွဲ့ရဲ့ နာယက ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“ကျနော်တို့ အောက်ခြေကိုတော့ ပြောထားတာ။ အောက်ခြေတွေလည်း အချင်းချင်းညှိပါ။ နောက် ဒုတိယဥက္ကဌ ခွန်မြင့်ထွန်းပေါ့ သူကတော့ ကျနော်တို့ ဒီ ဥက္ကဌကြီး ယွတ်ဆစ်နဲ့ ဆက်သွယ်ပြီးတော့ ပြောထားဆိုထားဖို့ ပေါ့လေ။ လကုန်ပိုင်းတော့ PPST အစည်းအဝေးကလည်း ၅-၇ လောက် ပြောထားတာ ချင်းမိုင်မှာ။ PPST အစည်းအဝေး မတိုင်ခင် ကျနော်တို့ တွေ့ကြတာပေါ့ဗျာ။ အဲဒါ အချင်းချင်းနားလည်မှုလွဲတဲ့ ကိစ္စပါ။ ရန်လိုမှုလည်း မရှိကြပါဘူး။ ဘယ်ဘက်ကမှ။”
ငြိမ်းချမ်းရေးလုပ်ငန်စဉ် ဦးဆောင်အဖွဲ့ PPST ဟာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
PNLO ပအိုဝ်းတပ်ဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲပြီးနောက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအခြေစိုက်ထားပြီး ဒီဒေသဟာ RCSS ရှမ်းတပ်ဖွဲ့က သူတို့ နယ်မြေအဖြစ် သတ်မှတ်တာတွေ ရှိတာကြောင့် ၂၀၁၇ခုနှစ်ကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ နှစ်ဘက်ခေါင်းဆောင်တွေ့ဆုံပြီး ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာဖို့ သဘောတူထားကြတာလည်း ဖြစ်ပါတယ်။
PNLO ဆွေးနွေးရေးနဲ့ပတ်သက်ပြီး RCSS ဗဟိုကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
အောက်တိုဘာလ ၂၀ရက်နေ့က ကယားပြည်နယ် ဖားဆောင်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ KNPP ခေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရက KNPP က အပစ်ရပ် သဘောတူညီချက် ကို ချိုးဖောက်ကြောင်း စာပေးပို့ခဲ့သလို KNPPကလည်း တပ်မတော်ဘက်က အပစ်ရပ်သဘောတူညီချက်ကို မလိုက်နာတာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၁ရက်နေ့မှာတော့ အလွတ်သဘောတွေ့ဆုံပြီး တိုက်ပွဲတွေ ဆက်မဖြစ်ပွားရေးကို ညှိနှိုင်းခဲ့သလို ဒီလကုန်ပိုင်းမှာကျင်းပမယ့် လစဉ်ပုံမှန်အစည်းအဝေးမှာ် ထပ်မံဆွေးနွေးဖို့ ရှိကြောင်း KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ပြောပါတယ်။
“နောက်ဆုံးပတ်ထဲမှာ လစဉ်အစည်းအဝေးရှိတယ်လေ။ ပုံမှန်အစည်းအဝေးပေါ့။ အဲဒါကတော့ ဒီလကုန်ခါနီး ၂၉ရက်နေ့လောက်မှာ ဖြစ်မယ်ထင်တယ်။ အဲဒီ ပုံမှန်အစည်းအဝေးမှာတော့ အဓိကကတော့ အခု သူတို့ ပေးပို့လာတဲ့ ကန့်ကွက်စာတွေ ရှိတယ်လေ။ အဲဒီကန့်ကွက်စာကို အစည်းအဝေးမှာ ကျနော်တို့ အစည်းအဝေးမှာ ပြန်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ”
ကယားပြည်နယ် အစိုးရနဲ့ KNPPအကြားမှာ မေလက စတင်ပြီး တစ်လတကြိမ်ပုံမှန် အစည်းအဝေးကျင်းပခဲ့ရာမှာ ပြည်နယ်အစိုးရအတွင်းရေးမှုး၊ လွိုင်ကော် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က စစ်ဦးစီးပထမတန်း တို့ ဦးဆောင်တက်ရောက်ပြီး KNPPက ဗဟိုကော်မတီဝင်တွေ ဦးဆောင်တက်ရောက်ကြတာဖြစ်ပါတယ်။ လက်ရှိဆွေးနွေးပွဲမှာတော့ KNPP ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပြည်နယ် ၀န်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ကို မျှော်လင့်ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွက် ဒီလို တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RSCC နဲ့ တအာင်း(ပလောင်)တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ပလက်ဝဒေသဘက်မှာလည်း အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။