Danny Fenster အပေါ် စွဲချက်သစ်ထပ်တိုးမှု ကန်အစိုးရ ဝေဖန်
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပေါ် နောက်ထပ်စွဲချက်တင် အရေးယူလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“သူနဲ့တခြားလူတွေ အများအပြား ဖမ်းဆီးခံထားရတာဟာ မြန်မာပြည်သူတွေ ဆက်လက် ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေကို ဝမ်းနည်းစရာ ထင်ဟပ်နေပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြာသပတေးနေ့ ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
အမေရိကန်သတင်းသမား Fenster ရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး၊ ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းချိုးဖောက်မှုနဲ့ပါ နောက်ထပ်စွဲချက်တင်လိုက်တာဟာ မတရားတဲ့ လုပ်ရပ်အဖြစ် အထင်အရှား ပြသနေတယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အမျှော်အမြင်ရှိရှိ သူ့ကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့တာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Bill Richardson လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်နေချိန်မှာပဲ Fenster အပေါ် စွဲချက်ထပ်တင်ခဲ့တာပါ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့ကပဲ အဆုံးသတ်ခဲ့တဲ့ ခရီးစဉ်မှာတော့ အမေရိကန်သတင်းထောက် လွတ်မြောက်ရေး ကြိုးပမ်းလိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ သံအမတ်ဟောင်း Richardson ရဲ့ ပုဂ္ဂလိက ခရီးစဉ်ကနေ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အခြေအနေတွေ တိုးတက်လာဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
................................................
{{Unicode}}