သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ ကန်သံအမတ်ဟောင်း Bill Richardson မြန်မာပြည် သွားရောက်မည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson. (မတ် ၉၊ ၂၀၂၀)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson. (မတ် ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပုဂ္ဂလိကခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း ကိုဗစ်ဆိုင်ရာ အကူအညီပေးရေးကို အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ သူ့ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့မှာပြောကြောင်း AP သတင်းတပုဒ်ကို Washington Post သတင်းစာက ဖော်ပြပါတယ်။

မစ္စတာ Richardson ကတော့ သူ့စင်တာအနေနဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးခဲ့တဲ့ သမိုင်းကြောင်း ရှိတယ်လို့ ပြောပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ကိစ္စ ဝေဖန်ပြောဆိုတာမျိုး မရှိသလို ဒီခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံမလဲ ဆိုတာကိုလည်း အသေးစိတ် ပြောဆိုတာမျိုး မရှိပါဘူး။

မြန်မာနိုင်ငံထဲက သူ့ရဲ့အဆက်အသွယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအရ ဒီခရီးစဉ် ဖြစ်လာရတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ဝေငှပေးနိုင်ဖို့၊ လူသားချင်းစာနာတဲ့နည်းလမ်း ရှာဖွေနိုင်ရေး ဆွေးနွေးမှာဖြစ်သလို ဆေးဝါးအကူအညီပေးရေး၊ ပြည်သူ့ကျန်းမာရေး လိုအပ်ချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ Bill Richardson က ပြောပါတယ်။

Bill Richardson ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကိစ္စကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သိရှိကြောင်း Richardson ရဲ့ပြောခွင့်ရ Madeleine Mahony က ပြောပါတယ်။ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလော မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။

Bill Richardson ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရဆဲ အမေရိကန်သတင်းထောက် Danny Fenster ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်မှာလား ဆိုတာကို ဖြေကြားဖို့ သူ့ရဲ့ပြောခွင့်ရ Mahony က ငြင်းဆိုပါတယ်။

အခုနောက်ဆုံး ခရီးစဉ်နဲ့ပတ်သက်လို့ Richardson ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးဟာ လူထုကျန်းမာရေးအပေါ်မှာသာ အဓိက အာရုံစိုက်ထားကြောင်း၊ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေပြီး အကျပ်အတည်း ဆိုက်နေတဲ့ အခုလိုကာလမှာ တကယ်လိုအပ်နေသူတွေလက်ထဲ လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်ရှိရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖော်ပြပါတယ်။

Bill Richardson ဟာ ရိုဟင်ဂျာပြဿနာကို အကြံပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်မှာ နောက်ဆုံး သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)











XS
SM
MD
LG