သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်အလွန် ပထမဆုံးအကြိမ်ကျင်းပတဲ့ နီပေါလ်ရွေးကောက်ပွဲ


ဆန္ဒမဲ ထည့်နေစဉ်
ဆန္ဒမဲ ထည့်နေစဉ်

နီပေါလ်နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီမိုကရေစီစနစ်ဘက်ကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးစနစ်ကို မရနိုင်သေးပါဘူး။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာတော့ တည်ငြိမ်တဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာစေဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ရွာတွေ မြို့ငယ်ကလေးတွေမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ မဲဆန္ဒပေးခဲ့ကြပါတယ်။

ဟိမဝန္တာ တောင်တန်းတွေပေါ်က နီပေါလ်နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ဖယ်ဒရယ် သမ္မတနိုင်ငံတော်အဖြစ် ပြောင်းလဲကျင့်သုံးခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲကျင်းပတာပါ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာမဟုတ်ပေမယ့် ပြည်နယ်ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင်တွေက ပထမဆုံးအကြိမ် မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ အဆင့်၂ ဆင့် ကျင်းပမယ့် မဲဆန္ဒပေးပွဲ ပထမအဆင့်မှာ မဲပေးနိုင်သူ သုံးသန်းကျော်ရှိတာပါ။ မဲဆွယ်ပွဲ နောက်ဆုံးရက်တွေမှာ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ရည်ရွယ်တယ်ဆိုတဲ့ အသေးစား ဖောက်ခွဲတိုက်ခိုက်မှု အတော်များများ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက မော်ဝါဒီ ပါတီက အုပ်စုကွဲတခုရဲ့ လက်ချက်ဆိုပြီးပြစ်တင်ပြောဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ မော်ဝါဒီပါတီ နဲ့ Communist CNP-UML ပါတီတို့ပူးပေါင်းထားတဲ့ လက်ဝဲယိမ်း ညွှန့်ပေါင်းပါတီနဲ့ နီပေါလ် လွှတ်တော်က ဦးဆောင်တဲ့ ဗဟို ဝါဒီ တို့က အဓိက ပြိုင်ဘက်ပါတီနှစ်ခုအဖြစ် ယှဉ်ပြိုင်နေပါတယ်။

မတည်မငြိမ်ဖြစ်နေခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း နီပေါလ်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ၉ ဦးပြောင်းလဲတာဝန်ယူခဲ့သလို အကဲဆတ်တဲ့နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံဥပဒေပါ အသေးအဖွဲ ကိစ္စရပ်တွေကို ငြင်းခုံနေခဲ့ကြတာဖြစ်ပါတယ်။ နီပေါလ်ပြည်သူအများစုကတော့ ခုရွေးကောက်ပွဲမှာ အားကောင်းတဲ့ ပါတီက အပြတ်အသတ်အနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒုတိယအကျော့ မဲဆန္ဒပေးပွဲတွေကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မဲရေတွက်မှုတွေကတော့ ရက်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။

XS
SM
MD
LG