နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်နား အဝေးပြေးလမ်းမမှာ ဘတ်စ်ကားနဲ့ တခြားမော်တော်ယာဉ်တွေ မြေပြိုကျနစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၄၈ ယောက် ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကပြောပါတယ်။
နီပေါမှာ မုတ်သုန်ကာလ ၃ ရက်ဆက်တိုက်မိုးရွာခဲ့ပြီးတဲ့နောက် ရေကြီး၊ရေလျှံ မြေပြိုခဲ့တာပါ။ တနင်္ဂနွေနေ့မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်နေတယ်လို့ ပြောပါတယ်။ မြေပြိုတာကြောင့် မြို့တော်အပြင်ဘက် အဝေးပြေးလမ်းမကြီး ၃ ခုပိတ်ဆို့နေပြီး မြေပြိုတဲ့နေရာမှာ ခတ္တမန္ဒူဘက်ကိုဦးတည်သွားတဲ့ ဘတ်စ်ကား ၂ စီးထဲက ရုပ်အလောင်း ၁၄ လောင်းနဲ့ နောက်တခြားမော်တော်ယာဉ်တွေထဲက သေဆုံးသူ ရုပ်အလောင်း ၂၃ လောင်းကိုရှာတွေ့ထားတယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
မြေပြိုတာကြောင့် သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၁၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူက ၅၀ ကျော်ရှိတယ်လို့ နီပေါရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ နိုင်ငံတဝန်းတောတောင်ထူထပ်တဲ့ နေရာတွေမှာ သေဆုံးသူဦးရေပိုတိုးလာနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ မြို့တော်ခတ္တမန္ဒူမှာတော့ ရေကြီး၊ ရေလျှံပြီး အနည်းဆုံး ၃၄ ဦးသေဆုံးခဲ့ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးကူညီဆောင်ရွက်ပေးနေပြီး ပိတ်ဆို့နေတဲ့ လမ်းတွေကို စက်ကိရိယာတွေနဲ့ ရှင်းလင်းဖယ်ရှားပေးနေတာပါ။ အစိုးရကျောင်းတွေနဲ့ ကောလိပ်တွေကို နောက် ၃ ရက် ဆက်ပြီးပိတ်ထားမယ်လို့ အစိုးရကကြေညာထားပါတယ်။
Forum