ဟိမဝန္တာတောင်တန်းဒေသက Nepal နိုင်ငံအနောက်ပိုင်းမှာ သောကြာနေ့ည သန်းခေါင် မတိုင်ခင် ငလျင်လှုပ်ခတ်ခဲ့တာမှာ ၁၃၀ ထက်မနည်း သေဆုံးသွားပါတယ်။ Kathmandu မြို့တော် အနောက်ဘက် မိုင် ၃၀၀ လောက်အကွာမှာ လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်အတွင်း သေဆုံးသူဒီထက်များနိုင်တယ်လို့ Nepal တာဝန်ရှိသူတွေက ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ New Delhi မြို့တော်အထိ အဆောက်အဦးတွေ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးပျက်တွေအောက်မှာ အသက်ရှင် ကျန်နေနိုင်သူတွေကို ကယ်ဆယ် ရေးအဖွဲ့တွေ ဆက်လက်ရှာဖွေနေပါတယ်။ Jajarkot ဒေသမှာ ပြင်းအား ၅.၆ နဲ့ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့ တိုင်းတာထားပါတယ်။ အင်အားမကြီးလွန်းပေမဲ့ ဒီဒေသက အဆောက်အဦးတွေ ခိုင်ခန့်မှု အားနည်းတာကြောင့် ပြိုကျ ပျက်စီးမှုများတယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့လမ်းတွေကို စစ်တပ်က လမ်းရှင်းနေပြီး၊ ဆေးကုသရေးအဖွဲ့တွေဟာလည်း လူနာတွေကို ရဟတ်ယာဉ်တွေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ Nepal နိုင်ငံမှာ ၂၀၁၅ ခုနှစ်ထဲက ဆိုရင် လူသေဆုံးမှု အများဆုံး ငလျင်လှုပ်ခတ်မှုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကတော့ အင်အားပြင်း ငလျင်ကြောင့် လူ ၉ ထောင်ထက်မနည်းသေဆုံးပြီး ရှေးဟောင်း ဘုရားတွေ သမိုင်းဝင် နေရာတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။