သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်


ဖဒိုကွယ်ထူးဝင်း (ဓာတ်ပုံ-KIC)
ဖဒိုကွယ်ထူးဝင်း (ဓာတ်ပုံ-KIC)

ကရင်အမျိုးသားအစည်းအရုံး KNU (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီလ ၂၄ ရက်နေ့ကစပြီး KNU ထိမ်းချုပ်ရာနယ်မြေမှာ ကျင်းပခဲ့ပြီး မေလ ၂ရက်နေ့မှာတော့ KNU ဥက္ကဌအဟောင်းက အနားယူပြီး ဒု-ဥက္ကဌဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းက ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ KNU အတွင်း ထူးခြားတဲ့အပြောင်းအလဲကြီး မဟုတ်ဘူးလို့ ကေအန်ယူနဲ့အတူ နှစ် ၃၀ကျော် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့ ABSDF က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီလ ၂၄ ရက်နေ့ကစပြီး KNU ထိမ်းချုပ်ရာနယ်မြေမှာ ကျင်းပခဲ့ပြီး မေလ၂ရက်နေ့မှာတော့ KNU ဥက္ကဌအဟောင်းက အနားယူပြီး ဒုက္ကဌဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းက ဥက္ကဌဖြစ်လာခဲ့တာပါ။ ဒါဟာ ကေအန်ယူရဲ့ခေါင်းဆောင်ပိုင်း ထူးထူးခြားခြားပြောင်းလဲသွားတာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ‌က ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်က ပြောပါတယ်။

“အခုဥက္ကဌကတော့ ဖဒိုကွယ်ထူးပါ။ အရင်က ဖဒိုကွယ်ထူးက ဒုဥက္ကဌပါ။ အရင်က အဖူးမူတူးက ဥက္ကဌပါ။ ဒုဥက္ကဌကနေ ဥက္ကဌတက်တဲ့ သဘောပါ။ ကျနော်ထင်တာကတော့အပြောင်းအလဲ ကြီးကြီးမားမား မဟုတ်ပါဘူး။ ပုံမှန်အပြောင်းအလဲပါပဲ။ အဖူးမူတူးက အသက်ကြီးတော့ နားလိုက်တဲ့သဘောပါပဲ။ ဒုဥက္ကဌကနေ ဥက္ကဌတက်တဲ့သဘောပဲ။”

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)ခုက ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ကွန်ကရက်မှာတော့ ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက် အရွေးကောက်ခံခဲ့ကြတာပါ။ ခေါင်းဆောင်အသစ်တွေကိုတော့ လျို့ဝှက်မဲစံနစ်နဲ့ ရွေးချယ်ခဲ့ပြီး အရင်တုန်းက ဒုဥက္ကဌ ဖဒိုကွယ်ထူးဝင်က ဥက္ကဌဖြစ်လာတာဖြစ်ပါတယ်။

အခုဆိုရင် KNU မှာတပ်မဟာ (၇)ခုရှိတဲ့အထဲက တချို့တပ်မဟာတွေထဲက ခေါင်းဆောင်တချို့ ကွန်ကရက်ကို မတက်ရောက်တာတွေရှိပေမယ့် KNU တပ်မဟာတွေထဲမှာ ကြီးမားတဲ့ သဘောကွဲလွဲတာတွေတော့ ရှိတာမျိုးတော့ မတွေ့ရပါဘူးလို့လည်း သူကဆိုပါတယ်။

“တပ်မဟာက (၇)ခုရှိတယ်။ ဗဟိုထိမ်းချုပ်တဲ့အပေါ်မှာပဲရှိတယ်။ တချို့အခြေအနေကတော့ ရန်သူ (စကစ)ပေါ်မူတည်ပါတယ်။ ရန်သူက တချို့တပ်မဟာ နယ်မြေတွေမှာကျတာ့ NCA စည်းမျဉ်းထက်ကျော်လွန်ပြီး ဝင်လာတော့ တိုက်ပွဲဖြစ်တဲ့သဘောပါပဲ။”

(၁၇) ကြိမ်မြောက်ကွန်ကရက်မှာတော့ ထူးခြားတဲ့အရေးယူမှုတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထူးခြားတာကတော့ စီးပွားရေးနဲ့ပတ်သက်လို့ လုပ်ခဲ့သူတွေကိုတော့ အရေးယူတယ်လို့ကြားတယ်။ အရင်ကွန်ကရက်တွေမှာတော့ မကြားရဘူး အခုကွန်ကရက်မှာတော့ စီးပွားရေးနဲ့ပတ်သက်လို့ လုပ်တဲ့သူတွေကိုတော့ အရေးယူတယ်လို့ကြားရပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကအရံဗဟိုအမြဲတမ်းကော်မတီကို ရွေးချယ်နေတုန်း မဲပေး ရွေးချယ်မှုများ ပြုလုပ်ခဲ့ရာ အွန်လိုင်းကနေ ဝင်ရောက် နှောင့်ယှက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲ ရပ်လိုက်ရပြီး ဒီရက်ပိုင်းမှပဲ ပြန်လည် စတင်ခဲ့ရတာဖြစ်ပါတယ်။ KNU စတင် ဖွဲ့စည်းချိန်ကတော့ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်မှာ စောစံဖိုးသင်က ပထမဦးဆုံး တာဝန်ယူခဲ့ပြီး အခု ၁၇ ကြိမ်မြောက် ကွန်ဂရက်မှာတော့ ဖဒိုကွယ်ထူးဝင်းက ဥက္ကဌအဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

XS
SM
MD
LG