ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို သမ္မတဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပြီး နယူးအော်လန်မြို့ကပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားရှိမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၄ ဦးနဲ့ ဒဏ်ရာရခဲ့သူ ၃၅ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဆုတောင်းပွဲကို တနင်္လာနေ့နှောင်းပိုင်းက ပြုလုပ်ခဲ့ရာမှာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးဘိုင်ဒန်တို့တက်ရောက်ခဲ့ပါတယ်။
‘ဒီလိုအဖြစ်အပျက်တွေဟာ တုန်လှုပ်ခြောက်ခြားစေပြီး ထိခိုက်နာကျင်စေပါတယ်၊ သင်တို့အားလုံးနဲ့ အတူ ရပ်တည်ပြီး အတူတကွ ဆုတောင်းဝတ်ပြုပါတယ်’ လို့ သမ္မတဘိုင်ဒန်ကပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့အစောပိုင်းက သမ္မတဘိုင်ဒန်နဲ့ သမ္မတကတော်တို့ဟာ နှစ်သစ်ကူးညက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့နေရာကိုသွားရောက်ခဲ့ပြီး သမ္မတကတော် ဂျေးဘိုင်ဒန်က ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့လွမ်းသူ့ပန်းစည်းချခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်သစ်ကူးနေ့ ဇန္နဝါရီလ ၁ ရက်နေ့စောပိုင်းမှာ အသက် ၄၂ နှစ်အရွယ် တက္ကဆက်ပြည်နယ် ဟူစတန်မြို့က စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ Shamsud Din Jabbar က ပွဲတော်ဆင်နွှဲနေတဲ့ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် လူ ၁၄ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရရခဲ့ပါတယ်။ ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ပြီး သံသယရှိသူ Shamsud Din Jabbar လည်းသေဆုံးခဲ့ပါတယ်။
Shamsud Din Jabbar ဟာ လူမှုကွန်ယက်မှာ IS အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့ကိုထောက်ခံတဲ့ ဗီဒီယို ၅ ခုကို လူမှုကွန် ယက်မှာတင်ခဲ့တယ်လို့ FBI စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်သူစီးနင်းလာတဲ့ ကားပေါ်မှာလည်း IS အလံကိုတွေ့ရှိခဲ့ရပါတယ်။
Forum