(Zawgyi/Unicode)
အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ နယူးယောက်မြို့ကို ဇူလိုင်လ ၁ ရက်နေ့ကစ အပြည့်အဝလည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။
ဒါပေမဲ့လည်း ခန့်မှန်းချက်ပေး ပြောဆိုတာမျိုးကတော့ တာဝန်မဲ့ရာ ရောက်တယ်လို့လည်း Buffalo မြို့မှာ ကြာသပတေးနေ့က ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဇူလိုင်လ ၁ ရက်နေ့မှာ ကန့်သတ်ချက်တွေ ဖယ်ရှားဖို့ နယူးယောက် မြို့တော်ဝန် Bill DeBlasio က ကြာသပတေးနေ့ အစောပိုင်း ပြောဆိုခဲ့တဲ့အပေါ် မေးမြန်းရာမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ မြို့တော်ဝန်ကတော့ ကာကွယ်ဆေး ထိုးပြီးတဲ့သူ ၆ သန်း ၃ သိန်းနဲ့ တိုးတက်မှုတွေ ရရှိနေတာကြောင့် ကန့်သတ်ချက်တွေ ရုပ်သိမ်းမယ့်အကြောင်း မေးမြန်းခန်းတခုမှာ ပြောဆိုလိုက်တာပါ။
“နယူးယောက်မြို့ကို အပြည့်အ၀ ပြန်လည်ပတ်ဖို့ ရည်မှန်းချက်တခု ချမှတ်ရမယ့် အချိန်ရောက်ပါပြီ။ ဒီရည်မှန်းချက်ကတော့ ဇူလိုင်လ ၁ ရက်နေ့ပါ။” လို့ မြို့တော်ဝန် DeBlasio ပြောဆိုသွားတာပါ။
ဒါပေမဲ့လည်း ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ပြည်နယ်အစိုးရအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဇူလိုင်လ မတိုင်ခင် ဘာတွေကြုံရဦးမယ်ဆိုတာ မသိနိုင်သေးတာကြောင့် ခန့်မှန်းချက် မပေးသင့်ကြောင်း ပြောခဲ့ပေမဲ့ ဒီထက်ပို စောပြီး ကန့်သတ်ချက်တွေ ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်တယ်လို့လည်း ပြောပါတယ်။
.............
(Unicode)