သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ပစ်ခတ်မှု ရုပ်အလောင်းများ မိသားစုထံ စတင်လွဲှပေးမည်


နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မွတ်ဆလင် ဗလီ ၂ ခု တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူ တွေရဲ့ ရုပ်အလောင်းတွေထဲက အနည်းဆုံး တလောင်းကို ဒီကနေ့ တနင်္ဂနွေညပိုင်းမှာ မိသားစုတွေဆီ ပြန်လည်ပေး အပ်သွားမယ် လို့ New Zealand ရဲကော်မရှင်နာ မင်းကြီး Mike Bush ကပြောပါတယ်။ သေဆုံးသူရုပ်အလောင်းတွေကို အမြန်ဆုံးစစ်ဆေးပြီး မိသားစုတွေဆီ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ဖို့ ကြိုးစားနေကြောင်း သေမှုသေခင်းစုံစမ်းရေး အရာရှိချုပ် Deborah Marshall က ပြောပါတယ်။ ရုပ်အလောင်းတွေကို မိသားစုတွေဆီ မှားယွင်းပေးတာမျိုးမဖြစ်အောင် ကြိုးစားနေကြောင်းလည်း Deborah Marshall က ပြောပါတယ်။ အစ္စလာမ်ထုံးတမ်းအရ သေဆုံးသူ ရုပ်အလောင်းကို ၂၄ နာရီအတွင်း သဂြိုလ်တာဖြစ်ပါတယ်။ ဒီအတွက် ရုပ်အလောင်းတွေ ကို ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ဖို့ ရင်ခွဲစစ်ဆေးချိန်ကြာမြင့်နိုင်တဲ့ အပေါ်နားလည်ပေးဖို့ ဒေသတွင်း မွတ်ဆလင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုထားကြောင်းကို လည်း လက်ထောက် ရဲကော်မရှင်နာမင်းကြီး Wally Haumaha က တနင်္ဂနွေနေ့က ပြောပါတယ်။

သေဆုံးသူ တွေရဲ့ ရုပ်အလောင်းတွေအားလုံးကို ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး မိသားစုတွေဆီ ပြန်ပေးနိုင်မယ်လို့ နယူးဇီလန် အစိုးရက မျှော်လင့်ထားပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သူ အဓိက တရားခံကိုတော့ Christchurch က တရားရုံးမှာ မနေ့ စနေနေ့က ရုံးထုတ်ခဲ့ပါတယ်။ လူဖြူ အမျိုးသားရေးဝါဒီအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလျ နိုင်ငံသား Brenton Tarrant ကို လက်နက်ကိုင် အစောင့် ၂ ယောက်က ခြံရံပြီး ရုံးထုတ်ခဲ့တဲ့ Christchurch တရားခွင်မှာတော့ တရားသူကြီးက လူသတ်မှုစွဲချက်ကို ဖတ်ပြခဲ့ပါတယ်။ သူ့ကို ဧပြီလ ၅ ရက်နေ့မှာ နောက်တကြိမ် တရားရုံး ထုတ်မှာ ဖြစ်ပါတယ်။ ပူးပေါင်းကြံစည်သူတွေအဖြစ် မသင်္ကာသူ ၂ ယောက်ကိုလည်း ဖမ်းဆီးထားပြီး၊ ပတ်သက်မှုရှိ-မရှိနဲ့ ပတ်သက်မှု အတိုင်းအတာတွေကို သိနိုင်ဖို့ ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG