သုံးရလွယ်ကူစေသည့် Link များ

နယူးဇီလန်ပစ်ခတ်မှု ရုပ်အလောင်းများ မိသားစုထံ စတင်လွှဲပြောင်း


နယူးဇီလန် နိုင်ငံက မူဆလင် ဗလီ ၂ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့ရသူ ၅ဝ ထဲက တချို့ ရုပ်အလောင်းတွေကို မူဆလင် ဓလေ့ထုံးတမ်းနဲ့ အညီ သင်္ဂြိုဟ်နိုင်ဖို့ တနင်္ဂနွေနေ့မှာ မိသားစုထံ အာဏာပိုင်တို့ ပြန်ပြီး လွှဲပြောင်း ပေးနေပါတယ်။ ရုပ်အလောင်းတွေ အားလုံးကို ဗုဒ္ဓဟူးနေ့မှာ အပြီး လွှဲပြောင်းပေးမယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က ပြောပါတယ်။

သေဆုံးသူတွေ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ကို ကူညီဖို့ ကျွမ်းကျင်သူ ၆ ဦး လည်း သြစတေးလျကနေ ရောက်လာကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကို မိသားစုတွေထံ အမှားအယွင်းမရှိ ပြန်လည် ပေးအပ်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက် နေတယ်လို့လည်း သေမှုသေခင်းဆိုင်ရာ စုံစမ်းရေး အကြီးအကဲ Deborah Marshall က ပြောပါ တယ်။ သေဆုံးသူ ရုပ်အလောင်းတွေကို မှားယွင်း ပေးအပ်မိတာမျိုးထက် ဆိုးရွားမှု မရှိနိုင်ဘူး၊ ဒါမျိုး မဖြစ်စေရဘူးလို့လည်း သူမက ပြောပါတယ်။

အစ္စလာမ် ထုံးတမ်းအရတော့ သေဆုံးသူတွေကို ၂၄ နာရီ အတွင်း သင်္ဂြိုဟ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အတွင်း ရင်ခွဲစစ်ဆေးမှု လုပ်ရတဲ့ ရှည်ကြာတဲ့ လုပ်ငန်းစဉ်ကို နားလည်စေဖို့ မူဆလင် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ ရဲတပ်ဖွဲ့ တွေ့ဆုံပြီး ဖြစ်တယ်လို့လည်း ဒုတိယ ရဲမင်းကြီး Wally Haumaha က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သေဆုံးသူတွေရဲ့ ပဏာမ စာရင်းကို ဆွေမျိုးတွေထံ ပေးအပ်ထားပြီး ဖြစ်ပေမယ့်လည်း လူသိရှင်ကြားတော့ မထုတ်ပြန်ပါဘူး။

တိုက်ခိုက်မှုရဲ့ လက်သည်က အသက် ၂၈ နှစ် အရွယ် သြစတေးလျ နိုင်ငံသား Brenton Harris ဖြစ်တယ်လို့ အာဏာပိုင်တို့က စွပ်စွဲထားပါတယ်။ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သူတဦးတည်းကိုသာ ထိန်းသိမ်းထားပြီး လူသတ်မှုနဲ့ စွဲဆိုထားတာပါ။ ကနဦး ထိန်းသိမ်းခဲ့တဲ့ တခြားသူ သုံးဦးတို့ကတော့ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ နယူးဇီလန် ရဲမင်းကြီး Mike Bush က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG