မြန်မာနိုင်ငံမှာ ပါလီမန်အတိုက်အခံတွေကို အစိုးရက တန်တူအခွင့်အရေးပေးပြီး လေးလေးစားစား ဆက်ဆံရေး ပေါ်ထွန်းရေးစနစ်ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စံတရပ်ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ Dr. Josef Silverstein က ပြောဆိုလိုက်ပါတယ်။ ဦးကျော်ဇံသာ က ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ Dr. Josef Silverstein ကို ဆက်သွယ် ဆွေးနွေးထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အခုအခါမှာ ဒီမိုကရေစီဖြစ်ထွန်းရေးဆီကို ဦးတည်ရွေ့လျားနေတယ်လို့ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများက ယူဆနေကြပါတယ်။ ဒီကိစ္စအပေါ် ဆရာကြီးရဲ့ သဘောထားကို သိချင်ပါတယ်။
Dr. Josef Silverstein ။ ။ ကျနော်တို့ နားလည်းထားရမယ့် ကိစ္စ နှစ်ခု ရှိပါတယ်။ ပထမတချက်က မြန်မာအစိုးရဟာ အရေးကြီးတဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ ကရင် ကေအန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေပါတယ်။ ရှမ်းအပါအဝင် တခြား တိုင်းရင်းသားအင်အားစုတွေနဲ့လည်း အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ကချင်နဲ့တော့ သိပ်တိုးတက်မှု မရှိသေးပါဘူး။ ဒါကတော့ ကျနော် သိရှိထားတဲ့ အခြေအနေပါ။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအတိုက်အခံတွေ ပြဿနာအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြေပေါ်အင်အားစုတွေအပေါ် သဘောထားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေပေါ် ဆရာကြီး ဘယ်လိုမြင်ပါသလဲ။
Dr. Josef Silverstein ။ ။ ဒီဘက်မှာတော့ အခြေအနေ ပိုကောင်းတဲ့ပုံ ပေါက်နေပါတယ်။ ဧပြီလမှာလုပ်မယ့် ရွေးကောက်ပွဲပြီးရင် ကျနော်တို့ ပိုပြီး တိတိကျကျ ပြောလာနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီး ပါလီမန်မှာ နေရာရလာတဲ့အခါ အစိုးရက ဘယ်လိုတုံ့ပြန်မလဲ။ မဲဆွယ်ချိန်မှာ လွတ်လွတ်လပ်လပ် ဟောပြောခွင့် ပေးမလား။ လူထုက သူကို တခဲနက် ထောက်ခံပြီး အတိုက်အခံခေါင်းဆောင်အဖြစ် သတ်မှတ်လာကြရင်ကော စစ်တပ်က၊ ဒါမှမဟုတ် အစိုးရက အဲဒါကို သဘောတူခွင့်ပြုမလားဆိုတာတွေကို ကြည့်ရမှာပါ။ ဒါကြောင့် ကျနော် သတိထားပါတယ်။ အကောင်းမြင်ပါတယ်။ ဒါပေမဲ့ သတိနဲ့ အကောင်းမြင်တာပါ။ အခုတော့ ရွေးကောက်ပွဲဆိုတာ ရှိခဲ့ပြီ။ အမည်ခံ ဒီမိုကရေစီ။ ဒါမှမဟုတ် ပွင့်လင်းတဲ့ အစိုးရဆိုတာ ရှိနေပါပြီ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တကယ် စမ်းသပ်ဖို့ လိုနေပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်အနေနဲ့ ပေါ်ထွက်လာမှ လူထုဆန္ဒကို ကိုယ်စားပြုပြီး လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် ရှိမရှိနဲ့ စမ်းသပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ လူတွေက ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို အတော်လေး အလေးထားပြောနေကြပါတယ်။ ဒီ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အရေးကြီးတယ်။ ဒါကို စောင့်ကြည့်ပြီးမှ ပိတ်စို့အရေးယူမှုကိစ္စကို စဉ်းစားမယ် ဘာညာ ပြောကြတာ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက်များ အရေးကြီးလိုလဲ။ ဒီ ရွေးကောက်ပွဲ နိုင်ရုံနဲ့ ယူနီဖောင်း ပြောင်းထားတဲ့ အစိုးရရဲ့ အာဏာကို စိန်ခေါ်လာနိုင်မှာလဲ မဟုတ်ပါဘူး။ ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်ဟာ လွှတ်တော်နှစ်ရပ်လုံးမှာ အများကြီး အပေါ်စီးယူထားပြီး ဖြစ်ပါတယ်။ ဆိုတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ မျှမျှတတ လုပ်ပေးဖို့က အစိုးရအတွက် သိပ်ဝန်လေးမယ် မထင်ပါဘူး။ လွတ်လပ်မှု ပေးသွားမယ် ထင်ပါတယ်။
Dr. Josef Silverstein ။ ။ ဒါကတော့ ခင်များ ကျနော်ရဲ့ မှတ်ချက်စကားကို နိဂုံးမှားဆွဲတယ် ထင်ပါတယ်။ ကျနော် ပြောလိုတာက သူဟာ တိုင်းပြည်ခေါင်းဆောင်မှုရာထူး ဒါမှမဟုတ် အစိုးရယန္တယားရဲ့ အစိတ်အပိုင်းတခုခုကို ရယူမယ့်ကိစ္စ မဟုတ်ပါဘူး။ အစိုးရက သူအပေါ် မျှမျှတတ တန်တူထားပြီး ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတာပဲ ဖြစ်ပါတယ်။ သူကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုခွင့် မပေးဘဲ ချိုးနှိမ်ထားအုံးမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ သူကို ပြည်သူတရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါတယ်။ ဒါကြောင့် သူ ပါလီမန်မှာ နေရာယူတဲ့အခါ အရွေးခံရမယ်လို့ ကျနော်က ယုံကြည်ထားပြီသာပါ။ အရွေးခံရပြီး လွှတ်တော်အမတ် ဖြစ်လာတဲ့အခါ ကျန် လွှတ်တော်အမတ်တွေက သူကို ခေါင်းဆောင်တင်ကြရင် ဒါမျိုးကို ခွင့်ပြုမလား။ လူထုခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင်အဖြစ် အစိုးရက လေးလေးစားစား ဆက်ဆံမလား။ ပါလီမန်မှာ သူ ဘယ်အတိုင်းအတာအထိ လှုပ်ရှားဆောင်ရွက်ခွင့်ရှိမယ်ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။ သူ အရွေးခံရမယ်၊ ပါလီမန် ရောက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အမတ်ဖြစ်လာတာနဲ့ အတိုက်အခံခေါင်းဆောင် တယောက်ဖြစ်လာတယ်ဆိုတာ မတူပါဘူး။ အတိုက်အခံ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတာကိုလည်း ကျနော် ယုံကြည်နေပါတယ်။ အဲဒီလို အတိုက်အခံ ခေါင်းဆောင်ဖြစ်လာရင် အာဏာပိုင်တွေက ဘယ်အတိုင်းအတာအထိ ခွင့်ပြုမလဲ၊ စစ်တပ်ဘက်က ဘာအရိပ်အမြွက်မှ မပြောသေးပါဘူး။ တိုင်းပြည်အနှံ ခရီးထွက်ခွင့် ပြုမလား။ ပြည်ပသွားရင် ပြန်လာခွင့်ပေးမလား ဒါတွေကို ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။
ဦးကျော်ဇံသာ ။ ။ ဝေဖန်သူတချို့ကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ကို သူတို့အကျိုးအတွက် အသုံးချနေတယ်။ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့အတွက် ပိတ်စို့ဒဏ်ခတ်မှုတွေက လွတ်ကင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရှေ့တန်းထုတ် အသုံးချနေတယ်လို့ ပြောနေကြပါတယ်။
Dr. Josef Silverstein ။ ။ ကျနော်ကတော့ ဒီလို ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ဉာဏ်ပညာထက်မြက်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အစိုးရရဲ့ အကျဉ်းသားအဖြစ် နှုတ်ပိတ်ခံနေရတာပါ။ ဒါပေမဲ့ သူ့ရင်ထဲမှာ မုန်းတီးခံစားမှုတွေ မထားရှိခဲ့ပါဘူး။ မေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာရေးကို ဦးတည်လာပါတယ်။ ဒါကြောင့် သူ ပါလီမန်ကို ဦးတည်လာတာကလည်း မှန်ကန်သော သဘောထားနဲ့ လာနေတာပါ။ မေးခွန်းမေးဖို့ ရှိတာက သူကို စစ်တပ်က ဘယ်လိုဆက်ဆံမလဲဆိုတာပဲ ဖြစ်ပါတယ်။ သူ ရလာမယ့် အနေအထားမှာ ထိုက်တန်သလို လေးလေးစားစား မဆက်ဆံရင်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မပြုရင် သူရရှိတဲ့ အခန်းကဏ္ဍအတိုင်း လှုပ်ရှားမှုကို တနည်းနည်းနဲ့ ဟန့်တားထိန်းချုပ်ဖို့ လုပ်လာရင်တော့ ကျနော်တို့ မျှော်လင့်ထားတဲ့၊ မျှော်လင့်နေတဲ့ တိုးတက်မှုဟာ တကယ် မဖြစ်လာသေးဘူးလို့ ပြောရပါလိမ့်မယ်။ ဒါကြောင့် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အရွေးခံရရင် လူထုနဲ့ လွတ်လွတ်လပ်လပ် ဆက်ဆံပြီး လူထုဆန္ဒကို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပြောကြားနိုင်မှုတွေကို စောင့်ကြည့်ပြီး တိုးတက်မှုကို ဆုံးဖြတ်မှာပါ။ ဒါ ကျနော်တိုင်းတာတဲ့ စံဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီဟာတွေကို အခု မတွေ့မမြင်ရသေးဘဲနဲ့ အနောက်နိုင်ငံတွေ အမေရိကန်ပြည်ထောင်စုကအစ လိုက်လျောမှုတချို့ လုပ်လာတာ။ စဉ်ဆက်မပြတ် ဆက်သွယ်နေကြတာ။ တခါ သံအမတ်ကြီးအဆင့် တိုးမြှင့်လုပ်ဆောင်လာတာတွေကို ဆရာကြီး ဘယ်လိုမြင်ပါသလဲ။ ဒီလူတွေ နည်းနည်းများ အဖြစ်သည်းနေကြတယ်လို့ မထင်ဘူးလား။
Dr. Josef Silverstein ။ ။ ဘာတွေဖြစ်နေကြတယ်ဆိုတာကို သူတို့က သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြတာပါ။ စစ်အစိုးရကို ထွေးပိုက်ဖို့ အလောတကြီး လုပ်ဆောင်နေကြတာတော့ မဟုတ်ပါဘူး။ စစ်အစိုးရကို ဘယ်လိုဆက်ဆံကြရမယ်ဆိုတာကို သူတို့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိကြပါတယ်။ ရှေ့ကို ခရီးဆက်တဲ့နေရာမှာ အရှိန်လျှော့ပြီး လှုပ်ရှားကြရမှာပါ။ အခု ကျနော်တို့ဘက်က ခြေလှမ်းတိုင်းဟာ အနာဂတ်မြန်မာအစိုးရကို ရိုက်ခတ်ပါလိမ့်မယ်။ ဒါကြောင့် ပထမအနေနဲ့ ရွေးကောက်ပွဲဟာ မျှမျှတတ ရှိမလားဆိုတာကို ကြည့်ရမယ်။ မျှတမယ်ဆိုရင် လွှတ်တော်အမတ် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လို ဆက်ဆံလာမလဲဆိုတာကို ကြည့်ရမယ်။ မျှတမှု၊ ဖြောင့်မတ်မှု၊ လေးစားမှု အပြည့်အဝ ပြသမလား။ သူတို့က အဲဒီလို ဆက်ဆံမယ်။ သူကလည်း လူထုကို ပေးထားတဲ့ ကတိအတိုင်း အကောင်းအထည်ဖော် ဆောင်ရွက်နိုင်မယ်။ လူထုပြောစေ၊ လုပ်စေချင်တဲ့အတိုင်း လုပ်နိုင်ဆောင်ရွက် နိုင်ရပါလိမ့်မယ်။ ဒါတွေဟာ တကယ့် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ကိစ္စတွေပါ။ ပါလီမန်အမတ်တွေ လုပ်နေပြီး ထောင်ကျမှာစိုးလို့၊ အဖမ်းခံရမှာစိုးလို့ မပြောရဲ၊ မလုပ်ရဲ ဖြစ်နေတာမျိုး မရှိစေရပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အနောက်နိုင်ငံတွေအဖို့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အဓိကဖြစ်ထွန်းမှုက ဘာလဲခင်များ။ ဘယ်လိုအချက်တွေကို မြင်ရတွေ့ရရင် ရုတ်သိမ်းသွားကြမလဲ။
Dr. Josef Silverstein ။ ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုပြီး အနောက်နိုင်ငံတွေက ယေဘုယျအားဖြင့်တော့ ချီးကြူးနေကြပါပြီ။ ဒါပေမဲ့ လုံးဝဥဿုံအကောင်းမြင်တဲ့လူတော့ ဘယ်သူမှ မရှိသေးပါဘူး။ သတိထားစောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်လာမယ့်အချိန်မှာ သူကို အတိုက်အခံခေါင်းဆောင်အဖြစ် အာဏာပိုင်တွေက ဘယ်လိုဆက်ဆံကြမလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။ ဒါက တကယ်တော့ ဒုတိယအဆင့်ပါ။ ပထမအဆင့်ကတော့ တိုင်းရင်းသားပြဿနာ ဖြေရှင်းပုံဖြေရှင်းနည်းပါ။ တိုက်ပွဲတွေ လုံးဝရပ်ဆိုင်းသွားခြင်း ရှိမရှိကို စောင့်ကြည့်ရပါမယ်။ အတိုပြောရရင် ကျနော်တို့က ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ပြောင်းနေကြပါတယ်။ တကယ်တော့ ပထမအဆင့်လည်း မပြေလည်သေးပါဘူး။ ကချင်ဒေသမှာ တိုက်ပွဲတွေ ရှိနေစဲပါ။ ဒုတိယအဆင့်ကတော့ အတိုက်အခံရှိသော ပါလီမန်တရပ် ထွန်းကားရေးပါ။ အဲဒီ ပါလီမန်မှာ အစိုးရနဲ့ အတိုက်အခံ တန်တူ ပြောဆိုခွင့် ရှိရမယ်။ တူညီမျှတတဲ့ လေးစားမှု ရရှိစေရမယ်။ မဲဆန္ဒရှင်တွေနဲ့ လွတ်လွတ်လပ်လပ် ရရှိဖို့ပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ကျနော် နောက်ဆုံးမေးချင်တာကတော့ မြန်မာအစိုးရအနေနဲ့ ဒီလို အပြောင်းအလဲ ဖြစ်လာရတာ ဘာကြောင့်လည်းဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကြီး ဘယ်လိုမြင်ပါသလဲ။
Dr. Josef Silverstein ။ ။ အကြောင်းတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ မနှစ်တုန်းက တရုတ်ကို ဧရာမ ရေကာတာကြီး စပြီးလုပ်ပိုင်ခွင့် ပေးလိုက်ပြီးနောက် သူတို့ပြည်သူတွေအတွက် ဘာမှ ပြောခွင့်ဆိုခွင့် မရှိတော့ပါလားလို့ အထူးစိုးရိမ်လာတယ်လို့ ထင်ပါတယ်။ ပြည်သူလူထုဟာ အဲဒီ စီမံကိန်းကို မလိုလား မနှစ်သက်ဘူးဆိုတာကို ပြသပြီး စစ်အစိုးရကို ထွက်ပေါက်ပေးခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဟာ တရုတ်တို့နဲ့ တွေ့ဆုံပြီး လူထု မကျေမနပ် ဖြစ်နေရတာမို့ ပြန်ပြင်ပါရစေလို့ ပြောနိုင်ခဲ့ပါတယ်။ ဒါ အပြောင်းအလဲရဲ့ တကယ့် ကနဦးစဖြစ်တယ်လို့ ထင်တယ်။ အဲဒီ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူလူထုတရပ်လုံးက ကြိုဆိုထောက်ခံခဲ့တဲ့ ပထမဦးဆုံး ဖြစ်ရပ်ပါ။ ဧရာဝတီမြစ်ကြောင်း ပိတ်စို့စေမယ့် တရုတ်တို့ လုပ်ရပ်ကို မလိုလားကြဘူးလို့ ပြသကြတဲ့နေရာမှာလည်း ပြည်သူတွေဟာ အင်မတန် ခိုင်မာပြတ်သားခဲ့ကြပါတယ်။ ဒါကိုလည်း တရုတ်နဲ့ ဆွေးနွေးခဲ့ကြတဲ့အခါမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်တို့ကိုလည်း ချီးကျူးရပါလိမ့်မယ်။ သူတို့မှာ မြန်မာအစိုးရရဲ့ တင်ပြချက်ကို လက်ခံခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုတော့ စစ်တပ်နဲ့ပြည်သူ လူထု ပဋိပက္ခဖြစ်ပြီး ပြည်တွင်းစစ်မီး အရှိန်အဟုန် ကြီးထွားလာမယ့်အရေးကို မလိုလားကြပါဘူး။ အစိုးရကလည်း ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ အဲဒီကစပြီး ဒုတိယခြေလှမ်းကို လှမ်းနိုင်ခဲ့တာပါ။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ပေးလာတာ ဖြစ်ပါတယ်။ အခုတော့ သူတို့လုပ်ပြမယ့် ပါလီမန်ဟာ ကျနော်တို့မျှော်လင့်တဲ့ ဖြစ်စေချင်တဲ့ Liberal Democracy ဆန်သော ပါလီမန် ဟုတ်မဟုတ်ဆိုတာကို စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။