သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရှေ့ခရီး


၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရှေ့ခရီး
၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရှေ့ခရီး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မကြာသေးခင်ကမှ အစိုးရအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သူ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီး ကို ဆက်သွယ်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ လောလောဆယ်မှာ နိုင်ငံရေးပါတီတရပ် ထူးထောင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုပါတယ်။ ဒီလိုဆို သူတို့စတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ရှေ့ခရီးမှာ သူတို့တတွေ ဘယ်ပုံစံနဲ့ ပါဝင်ကြမလဲ စတဲ့အကြောင်းအရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို ၈၈ မျိုးဆက်တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံ့ကြွမှုကို စတင်ဖော်ဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဆိုတော့ အခုလွတ်လာပြီးနောက်မှာ ဒီ သူတို့ဖော်ဆောင်ခဲ့ကြတဲ့ လမ်းကြောင်းကို ဆက်ပြီးဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာကို ကျနော် အဓိက သိချင်ပါတယ်။ ဘာကြောင့် ဒီ စကားကို စမေးရသလဲဆိုတော့ ကျနော်တို့ ကြားရတဲ့သတင်းတွေအရ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ အခုအခါမှာ နိုင်ငံရေးပါတီ ထူထောင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကြားသိရပါတယ်။ အဲဒါကြောင့် မေးရခြင်း ဖြစ်ပါတယ်။ စခဲ့တဲ့ ဇာတ်လမ်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းကို ဘယ်လိုခရီးဆက်ကြမလဲ။ နိုင်ငံရေးပါတီ မထောင်ရင်။

ကိုကိုကြီး ။ ။ ကျနော်တို့ကိုယ် ကျနော်တို့ ခံယူထားတာ ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၄၈ အရေးပါတဲ့ ကွေ့တခု၊ ၁၉၆၂ နောက်ထပ် အရေးပါတဲ့ ကွေ့တခု၊ နောက်တခါ ရှစ်လေးလုံး အရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ အရေးပါတဲ့ ကွေ့တခုဆိုပြီး ကျနော်ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီလို ကွေ့ကြီး (၃) ခုအဖြစ်နဲ့ မြင်ပါတယ်။ အဲဒီတော့ တပါတီ အာဏာရှင်စနစ်၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အောက်ကနေ အခု ဦးတည်နေတဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့အတွက် စတင်ပြီးတော့ အပြောင်းအလဲကြီးတခုကို ဖန်တီးခဲ့တာဟာ ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးပါပဲ။ အဲဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာလည်း ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ သမိုင်းအရ အင်မတန် အရေးပါတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ အခု (၂၃) နှစ်ကြာတဲ့အထိ ကျနော်တို့ စဉ်ဆက်မပျက် နိုင်သလောက် ဆက်ပြီးကြိုးစားနေကြတာဟာ ဒီ အပြောင်းအလဲကြီး ပြီးဆုံးတဲ့အထိ ကျနော်တို့ သက်တမ်းကုန်တဲ့အထိ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ လေးလေးနက်နက် ခံယူထားပါတယ်။ အဲဒီတော့ အခု ဒီတခေါက် ထောင်က လွတ်လာတဲ့အခါမှာလည်း မြန်မာ့နိုင်ငံရေး ရှေ့ခရီးကို ဘယ်လို ခရီးဆက်ကြမလဲဆိုတာကို လွတ်လာတဲ့ ထောင်အသီးသီးက ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားတွေအားလုံး ပြန်ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့ပါတယ်။ တရားဝင် သတင်းထုတ်ပြန်ချက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။ ဝန်းရံအားပေးသွားမယ်ဆိုတာကို လတ်တလော နိုင်ငံရေးနဲ့ ပတ်သက်တဲ့သဘောထားအဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ တကယ့်တကယ်ကတော့ ကျနော်တို့ ကျောင်းသားလို့ ကိုယ့်ကိုကိုယ် ပြောနေပေမယ့် ကျနော်တို့ အသက်အရွယ်တွေက ကျနော်ဆိုရင် ၅၀ တန်း ဖြစ်လာပါပြီ။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကို ရှေ့ဆက်ဖို့ကိစ္စမှာ ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ပုံသဏ္ဍာန်တခုကို ပြောင်းရတော့မယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူထုကလည်း အဲဒါကိုပဲ မျှော်လင့်နေကြတယ် ထင်ပါတယ်။ ဘယ်လို ထဲထဲဝင်ဝင် လုပ်လာကြမလဲဆိုတာကို။ အဲဒီတော့ ရှေ့ဆက်ရမယ့် ခရီးမှာ ထဲထဲဝင်ဝင် လုပ်လာနိုင်မယ့် လမ်းစဉ်အဖြစ် ဘယ်လို လမ်းစဉ်မျိုးကို ရွေးထားကြပါသလဲ။ အခု ပါတီမထောင်ကြဘူးဆိုတော့။

ကိုကိုကြီး ။ ။ အခုဟာက ကျနော်တို့က လွတ်လာတာ ရက်သားပဲ ရှိပါသေးတယ်။ အဲဒီတော့ ဒီရက်ပိုင်း အတောအတွင်းမှာ အရင်ဆုံး ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကျနော်တို့မှာ လက်တွဲဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေ အခြေအနေကို ခြုံငုံမိအောင် အမြန်ဆုံး ကြိုးစားပါတယ်။ ကြိုးစားပြီးတဲ့အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုယ်၌က ကိုယ့်သန်ရာသန်ရာ စိတ်ဝင်စားရာ နေပယ်တွေ ရှိပါတယ်။ အဲဒီတော့ အဲဒီအထဲမှာ လူမှု့ကူညီရေး လုပ်ငန်းတွေ၊ အန်ဂျီအို လုပ်ငန်းတွေကို စိတ်သန်တဲ့ လူတွေ ရှိသလို၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆက်ပြီးလုပ်မယ့် အင်အားစုတွေလည်း ကျနော်တို့ထဲမှာ ရှိပါတယ်။ အဲဒီတော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကွဲသွားမှာပါ။ အဲဒီလို ကွဲသွားတယ်ဆိုတာကလည်း တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက် နားလည်းမှုရှိရှိနဲ့ ဒီလုပ်ငန်းတွေကို ဘုံလုပ်ငန်း၊ ဦးတည်ချက်တူ လုပ်ငန်းတွေအနေနဲ့ ဟန်ချက်ညီညီ ဆက်လုပ်သွားမှာပါ။ အဲဒီတော့ အထူးသဖြင့် နိုင်ငံရေးကို ထဲထဲဝင်ဝင် လူတွေအနေနဲ့ ရှေ့ဆက်မယ့် ပုံသဏ္ဍာန်တခုကို ကျနော်တို့အချင်းချင်းကြားထဲမှာ ရေရှည်နိုင်ငံရေးအမြင်အပေါ်မှာ သုံးသပ်ဆွေးနွေးနေတာတွေ ရှိပါတယ်။ သေချာတာကတော့ ကျနော်တို့ဟာ အရေးပါတဲ့ နိုင်ငံရေးအင်အားစုပုံသဏ္ဍာန်တခု ကျနော်တို့ ပေါ်ထွက်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ ပါတီအနေနဲ့ပေါ့ဗျာ။ ပါတီအနေနဲ့လား။

ကိုကိုကြီး ။ ။ ဟုတ်ကဲ့။ အဲဒါကို ကျနော်တို့ တိတိကျကျ ထုတ်ပြီး မပြောသေးတာက ကျနော်တို့ ဒီရက်ပိုင်း အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နိုင်ငံရေးအလားအလာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ကြတာ ရှိပါတယ်။ အဲဒီတော့ အခုကာလကတော့ ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလအထိ ကာလဟာ ကျနော်တို့ အရေးတကြီး လောလောဆယ်မှာ ဆုံးဖြတ်နိုင်လောက်အောင် မလိုသေးဘူးလို့ မြင်ပါတယ်။ သို့သော် ရေရှည်အတွက်ကတော့ ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာကို ကျနော်တို့အချင်းချင်း ညှိနှိုင်းပြီးတော့ ဆုံးဖြတ်သွားမှာပါ။ အဲဒီတော့ သေချာတာ၊ အာမခံနိုင်တာတခုကတော့ တိုင်းပြည်က မျှော်လင့်နေသလိုမျိုး ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ နိုင်ငံရေးပုံသဏ္ဍာန်တခု၊ ကျောင်းသားနိုင်ငံရေးထက် ကျော်လွန်တဲ့ နိုင်ငံရေးပုံသဏ္ဍာန်တခုကိုတော့ ပြောင်းလာမှာ အသေအချာပါပဲ။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလမ်းစကို မြင်နေရပြီ။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး စကားကလွဲရင် ဘယ်အခါကို စကိုင်ပြီးတော့ ပြုပြင်ရမလဲ။ စီးပွားရေး ကြည့်မလား၊ နိုင်ငံရေး ကြည့်မလား၊ ပညာရေး ကြည့်မလား၊ ရုံးအုပ်ချုပ်ရေး စနစ်ကို ကြည့်မလား စသဖြင့် ယိုယွင်းနေတာက နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒီ ၈၈ မျိုးဆက် ကိုကိုကြီး တို့အနေနဲ့ ဘယ်လို မြင်ပါသလဲ။ တိုင်းပြည်မှာ ပထမဦးဆုံး စကိုင်သင့်တဲ့ ပြုပြင်ရေးလုပ်ငန်းဟာ ဘယ်လုပ်ငန်းကို စတင်ကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ။

ကိုကိုကြီး ။ ။ ပြုပြင်ပြောင်းလဲရေးလို့ ဆိုလိုရှိရင် ဘယ်ဟာကို ဦးစားပေး၊ ဘယ်ဟာကို အရင်လုပ်ရမယ်ဆိုတာမျိုး ကျနော်တို့ တခုပြီးမှ တခုလုပ်လို့ မရဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မှာ လုပ်စရာတွေက အများကြီးပါ။ အဲဒါတွေ အားလုံးဟာ ဟန်ချက်ညီညီနဲ့ တချိန်တည်းမှာ လုပ်သွားရမှာပါ။ သဘောက လူ့အဖွဲ့အစည်း လူမှုရေးအပြောင်းအလဲတွေကလည်း နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေပေါ်မှာ မူတည်ပြီးတော့ နေထိုင်ဖို့ ပုံသဏ္ဍာန်တွေ၊ စားသောက်ဖို့ ပုံသဏ္ဍာန်တွေ ကစပြီး ပြောင်းနေပါပြီ။ အဲဒီ ပြောင်းတာတွေနဲ့အညီ နိုင်ငံရေး အဆောက်အအုံ၊ စီးပွားရေးအဆောက်အုံတွေကိုလည်း ဟန်ချက်ညီညီနဲ့ ပြောင်းဖို့ ကြိုးစားကြရမှာပါ။ ပညာရေးနဲ့ ကျန်းမာရေးတို့လို ကဏ္ဍဟာမျိုးကတော့ အနာဂတ်နိုင်ငံတော်အတွက် အခြေခံအကျဆုံး ရင်းနှီး မြုပ်နံှမှုပါ။ ဒီဟာကလည်း ကျနော်တို့အနေနဲ့ မလွဲမသွေ လုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ အဲဒီမှာ ကျနော်တို့ မြင်တာက ပြုပြင်ပြောင်းလဲမှုတွေရဲ့ အခြေခံဟာ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပါပဲ။ အဲဒီနေရာမှာ ရှုထောင့်နှစ်ခု ရှိနေတာက တည်ငြိမ်ရေးကို လုံခြုံရေး ရှုထောင့်ကနေ လွန်လွန်ကဲကဲ ရှုမြင်သုံးသပ်တဲ့ ပုံသဏ္ဍာန်ကတခု။ နောက်တခုက တယောက်နဲ့တယောက် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကို ကြိုးစားတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ နိုင်ငံရေးအရ အဖြေရှာခြင်းဖြင့် တည်ဆောက်တဲ့နည်းကတနည်းပါ။ အဲဒီတော့ ကျနော်တို့ ယုံကြည်တာကတော့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ နယ်ပယ်အသီးသီးမှာ ပြုပြင်ပြောင်းလဲဖို့ လုပ်ဖို့ဆိုရင် အဓိကကျတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကို တွေ့ဆုံဆွေးနွေး ဖြေရင်းတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးရဲ့ အခြေခံအကျဆုံးက လက်နက်ကိုင် စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားကိစ္စနဲ့ လူထုနိုင်ငံသားတွေကြားထဲမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်တဲ့၊ မိမိသဘောထားကို ထုတ်ဖော်တင်ပြနိုင်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ၊ တိုင်းရင်းသား တန်တူညီမျှရေးတွေ အဲဒီဟာတွေက အခြေခံကျကျ ပြုပြင်ပြောင်းလဲသွားရမယ့် ကိစ္စတွေလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား တန်တူညီမျှရေးဟာ ကိုကိုကြီး က အဲဒါကို ဖော်ပြောတဲ့အတွက် အဲဒီကိစ္စကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံရေးသမားထဲကလည်းတချို့ အထူးသဖြင့် စစ်တပ်ပိုင်းက တိုင်းရင်းသား တန်တူညီမျှရေးကို အပြည့်အဝ လက်ခံတယ်။ ကိုကိုကြီး တို့ လက်ခံသလို၊ နားလည်းသလို နားလည်းလက်ခံကြတယ်လို့ ထင်ပါသလား။

ကိုကိုကြီး ။ ။ အခုဟာက ကျနော်တို့ မြင်နေတာက အစဉ်အဆက်တလျှောက်လုံးမှာ ကျနော်တို့ကိုယ်တိုင် စာအုပ်တွေ၊ စာပေ အရေးအသားတွေကတဆင့် သိလာခဲ့တဲ့ကိစ္စက တိုင်းရင်းသားတန်တူညီမျှရေးလို့ ပြောရင် ဖယ်ဒရယ်ကိစ္စကို နားလည်းမှု လွှဲမှားနေတာကို အဓိကထား တွေ့ပါတယ်။ အဲဒီတော့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် ဒါကြောင့်မို့ ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းဖို့အတွက် တပ်မတော် အင်အားရှိဖို့လိုတယ် ဆိုတာက သမိုင်းဆိုင်ရာ အယူအဆတခု၊ နိုင်ငံရေးဆိုင်ရာ အယူအဆတခုကို ကျနော်တို့ မျိုးဆက်တွေကြားထဲမှာ အခိုင်အမာတည်ဆောက်နေတာ တွေ့ရပါတယ်။ အဲဒီတော့ တကယ့်တကယ်တော့ တိုင်းရင်းသားတန်တူညီမျှရေးလို့ ပြောရင် ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးအတွက်ကို ကျနော်တို့က အခြေခံကောင်းတွေကို အုတ်မြစ်ချရမှာပါ။ အခု ကျနော်တို့ တွေ့ဆုံဆွေးနွေးနေတဲ့ကိစ္စဟာကလည်း တကယ့် အရင်းအမြစ်ဖြစ်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ အပစ်အခတ်ရပ်စဲရုံသက်သက်နဲ့ကတော့ ပစ်လိုက်၊ ရပ်လိုက်၊ ပစ်လိုက်၊ ရပ်လိုက်နဲ့ ဆိုးသွမ်းသံသရာပဲ ဖြစ်နေမှာပဲ။ အဲဒီတော့ အဓိက အခြေခံအကျဆုံး ပြဿနာက တိုင်းရင်းသား တန်တူညီမျှရေးကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကတဆင့် တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်အောင် ကျနော်တို့ ဆက်ပြီး ကြိုးပမ်းသွားကြရမှာပါ။ အဲဒီကမှတဆင့် ရလာတဲ့ ရလဒ်တွေကို ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းပြင်ဆင်နိုင်ဖို့အတွက်ကို ကျနော်တို့ စိတ်ရှည်လက်ရှည်နဲ့ ကြိုးပမ်းသွားကြရမယ်ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အင်မတန် ကောင်းတဲ့အမြင်ပါပဲ ကိုကိုကြီး။ ဒါပေမဲ့ ဖယ်ဒရယ်စနစ် ဆိုတာ ပြည်ထောင်စုပြိုကွဲရေး မဟုတ်ဘူး။ ပြည်ထောင်စု စည်းလုံးခိုင်မာရေးဖြစ်တယ်ဆိုတဲ့ အမြင်မျိုးဖြစ်လာအောင် အထူးသဖြင့် စစ်တပ်က လူတွေကိုပါ ဒီ အသိမျိုးပေးဖို့ လွယ်ကူမလား။

ကိုကိုကြီး ။ ။ ကျနော်တို့က တလျှောက်လုံးမှာ ဒီအကြပ်အတည်းကို ရင်ဆိုင်လာခဲ့ရတာပါ။ ဒီဟာကို အကြောင်းပြပြီးတော့ပဲ ၆၂ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ အဲဒီတော့ ဆိုလိုတာက ပြဿနာကို အရင်ဆုံးက ပြဿနာတခုဖြစ်နေတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲဒီ ပြဿနာကိုမှ ဖြေရှင်းဖို့ နည်းလမ်းတွေ စဉ်းစားတဲ့အခါကြရင်တော့ သမာရိုးကျ စဉ်းစားတဲ့နည်းလမ်းတွေကနေ ဖောက်ထွက်ဖို့ လိုတယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အင်မတန် အရေးပါတဲ့အင်အားစုတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ကိုယ်၌က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် အမြင်ရှင်းဖို့လိုတယ်။ တယောက်နဲ့တယောက် သံသယတွေ လျှော့ဖို့လိုတယ်။ ယုံကြည်မှုထားဖို့လိုတယ်လို့ အဲဒီလိုမြင်ပါတယ်။ဒါကြောင့်မို့လည်း အခုနပြောတဲ့ တိုင်းရင်းသား တန်တူညီမျှရေးလို့ပြောရင် ကျနော်တို့က တိုင်းရင်းသားတန်တူညီမျှရေးကို တထိုင်တည်း ဆွေးနွေးရုံကတော့ ပြီပြည့်စုံတဲ့အဖြေ မရနိုင်ဘူး။ အဲဒီတော့ ဆက်ပြီးဆွေးနွေးရင်နဲ့ တဖြည်းဖြည်း ရင့်ကြတ်လာတဲ့ ပြည်ထောင်စုစစ်စစ် အခြေအနေကိုရောက်အောင် တိုင်းရင်းသားတွေဘက်ကလည်း နှစ်ဘက်အမြင်ရှိဖို့လိုတယ်။ စစ်တပ်ဖက်ကလည်း အခုနပြောတဲ့ ဘက်အားလုံးကို ခြုံငုံမြင်တဲ့ အမြင်ရှိဖို့လိုတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရှေ့ခရီးကို နည်းနည်းပြန်ကောက်ချင်ပါတယ်။ အဲဒီမှာ ကိုကိုကြီး ပြောသွားတာက ထဲထဲဝင်ဝင် တကယ့် တိုင်းပြည်နဲ့အဝှမ်း လွှမ်းခြုံတဲ့ နိုင်ငံရေးလမ်းကြောင်းတခုကို ချမှတ်မယ်။ နိုင်ငံရေးအားသန်တဲ့ လူတွေလုပ်မယ်လို့ ဆိုပါတယ်။ အဲဒီ လမ်းစဉ်ဟာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကြီးပဲ စုထားတဲ့အဖွဲ့အစည်း ဖြစ်မလား။ ပြည်သူထဲကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလာတဲ့ လှုပ်ရှားမှုမျိုး ဖြစ်လာနိုင်မလား။

ကိုကိုကြီး ။ ။ ကျနော်တို့ ရည်ရွယ်တာကတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားလို့ အမည်ခံနေတာကိုယ်၌က တကယ့် ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးပါ။ တကယ့်တကယ်က ၈၈ လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တဲ့။ ၈၈ ကာလတုန်းက ကျနော်တို့နဲ့ အတန်းတူ၊ ကျနော်တို့နဲ့ မရှေ့မနှောင်း ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေ အင်အားစုကြီးက ဧရာမအင်အားစုကြီးပါ။ အခုဆိုရင် ဝန်ထမ်းနယ်ပယ်အသီးသီး နောက်ဆုံး တပ်မတော်ထဲမှာက တခြား လူမှုရေး social work လုပ်နေတဲ့ အန်ဂျီအိုတွေ၊ တခြား မီဒီယာလောကတွေ၊ ပြည်တွင်းမှာမက နိုင်ငံတကာမှာ ရောက်နေတာတွေ။ အဲဒီ အင်အားစုကြီးက အကြီးကြီးပါ။ အဲဒါကြီးက တယောက်နဲ့တယောက်ကြားမှာ နေရာဒေသတွေ ကွဲခြင်းကွဲမယ်။ အလုပ်အကိုင် သဘာဝတွေ ကွဲခြင်းကွဲမယ်။ ကျနော်က ဒီ အင်အားစုကြီးက အခု ၅၀ နား ပတ်ဝန်းကျင် ရောက်နေတဲ့ အင်အားစုကြီးဟာ တိုင်းပြည်ရဲ့ ကျောရိုးခါးဆက်လို့ ကျနော် မြင်ပါတယ်။ အဲဒီတော့ ဒီလူတွေကြားထဲမှာ နားလည်းမှုတည်ဆောက်နိုင်ရင် ကျနော်တို့သွားမယ့် နိုင်ငံရေး ပုံသဏ္ဍာန်ကလည်း အားလုံးကို ခြုံငုံနိုင်တဲ့၊ ချိတ်ဆက်နိုင်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီးကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒါ မှန်ပါတယ်။ ကိုကိုကြီး တို့ အင်အားစုကို ပြည်သူတွေကလည်း အထူးအားကိုးတယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ကျနော် သိချင်တာက အဲဒီလို ဖွဲ့စည်းလာရင် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူထုထောက်ခံမှု အရှိန်အဟုန် အများကြီး ရရှိထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ အဲဒီ အဖွဲ့နဲ့ ယှဉ်ပြိုင်အင်အားစုတခု ဖြစ်လာနိုင်မလား။

ကိုကိုကြီး ။ ။ အခုအချိန်မှာ ကျနော်တို့ ပြောနေတာက ရှိဆဲတည်ဆဲ နိုင်ငံရေး အဆောက်အအုံတွေကို အားကောင်းလာအောင်လို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ တခုခု ရွေးချယ်လိုက်တဲ့ နည်းလမ်းဟာ တည်ဆဲနိုင်ငံရေး အဆောက်အအုံတွေကို အန္တရာယ်ဖြစ်အောင် သွားစေနိုင်တဲ့ ပုံသဏ္ဍာန်မျိုးကိုတောင် ကျနော်တို့ အဓိကထားပြီး ရှောင်ရှားမှာပါ။ အဲဒီတော့ ကျနော်တို့ ပုံသဏ္ဍာန်ကို အတိအကျ မပြောနိုင်သေးပေမယ့်လို့ ကျနော်တို့ တည်ဆဲနိုင်ငံရေး အဆောက်အအုံကို ဘယ်လိုအားဖြည့်သွားကြမလဲ ဆိုတာကို အဓိကထား စဉ်းစားသွားပါမယ်။

XS
SM
MD
LG