သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဒဏ်ခတ်မှု ရုတ်သိမ်းရေး


စီးပွားရေး ဒဏ်ခတ်မှု ရုတ်သိမ်းရေး
စီးပွားရေး ဒဏ်ခတ်မှု ရုတ်သိမ်းရေး

ဗမာစစ်အစိုးရကို အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး အခုတလော အချေအတင် ဆွေးနွေးပြောဆိုလာတာကို တွေ့ရပါတယ်။ အမေရိကန် အစိုးရက ၁၉၉၀ ခုနှစ်ကစပြီး အရေးယူလာခဲ့တာမို့ အခုဆိုရင် အနှစ် (၂၀) ကျော်သွားပါပြီ။ ၁၉၉၀ မှာ ကုန်ဆုံးတဲ့ (၂) နိုင်ငံ အထည်အလိပ်စာချုပ်ကို သက်တမ်းမတိုးဖို့ အမေရိကန်အစိုးရ ဆုံးဖြတ်လိုက်တာဟာ ပထမဦးဆုံး အရေးယူချက် ဖြစ်ပါတယ်။ နောက်တော့ မြန်မာပြည်မှာ အမေရိကန်က ရင်းနှီးမြုပ်နှံမှုတွေ ထပ်မလုပ်ဖို့ ၁၉၉၇ မေလမှာ သမ္မတ ကလင်တန် က ပြဌာန်းလိုက်ပါတယ်။ လူ့အခွင့်အရေးအုပ်စု က စီးပွားရေး ဦးစားပေးအုပ်စုကို အောင်နိုင်လိုက်တဲ့ သဘောဖြစ်ပါတ်။

ဒါကြောင့်မို့ တဖတ်သတ် စီးပွားရေးဒဏ်ခတ်တာ အကျိုးရှိရဲ့ လား၊ ရည်ရွယ်ချက် အောင်မြင်ရဲ့လာဆိုတာကို ကွန်ဂရက်လွှတ်တော်မှာ ကြားနာပွဲတွေ ကျင်းပခဲ့ပါတယ်။ ကြားနာပွဲတွေမှာ ဒဏ်ခတ်မှုကို ထောက်ခံသူတွေရှိသလို ဒဏ်ခတ်တာဟာ ဒီမိုကရေစီအရေးနဲ့ အမေရိကန်အတွက် အကျိုးမရှိကြောင်း ထွက်ဆိုသူတွေ ရှိပါတယ်။ အခုအချိန်အထိ ဒဏ်ခတ်အရေးယူတဲ့ဖက်က အနိုင်ရနေတဲ့အတွက် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူရတာ ဖြစ်ပါတယ်။

အမေရိကန် က ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတဲ့အတွက် အမေရိကန်နဲ့ ဗမာနဲ့ ဆက်သွယ်ပြီး စီးပွားရှာနေတဲ့နိုင်ငံတွေမှာ ပြဿနာရှိလာနိုင်ပါတယ်။ အမေရိကန် ဒဏ်ခတ်မှုဥပဒေနဲ့ အကြုံးဝင်တဲ့ကိစ္စမှာ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်တဲ့ တတိယနိုင်ငံက ကုမ္မဏီတွေကို အရေးယူနိုင်ပါတယ်။ ဥပမာ - အမေရိကန် ထုတ်ပစ္စည်းကို မြန်မာပြည်ပို့ပေးတာမျိုး အမေရိကန်မှတ်ပုံတင်သင်္ဘောနဲ့ မြန်မာပြည်ကို ပစ္စည်းပို့ပေးတာမျိုးကို အရေးယူနိုင်ပါတယ်။ အမေရိကန်နဲ့ အလုပ်လုပ်နေတဲ့ အာဆီယံကုမ္မဏီဟာ ဗမာစစ်အစိုးရနဲ့ ရောထွေးယှက်တင်ဖြစ်လာရင် အမေရိကန်အရေးယူတာကို ခံရဖို့ အလားအလာရှိပါတယ်။ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားသ၍ မြန်မာနဲ့ အမေရိကန်နဲ့ ဆက်သွယ်နေတဲ့ ကုမ္မဏီတွေ ရတက်မအေးစရာ ဖြစ်နေတာကြောင့် ဒဏ်ခတ်မှုကို အာဆီယံကရုတ်သိမ်းစေချင်တာ ဖြစ်ပုံရပါတယ်။

ဒဏ်ခတ်အရေးယူတဲ့အတိုင်း လိုက်နာကျင့်သုံးရဲ့ လားဆိုတာကို ဘဏ္ဍာရေးဌာန လက်အောက်ခံ OFAC နိုင်ငံခြားဥစ္စာပစ္စည်း ထိန်းချုပ်ရေးရုံးက တာဝန်ယူစောင့်ကြည့်ရပါတယ်။ ဒဏ်ခတ်အရေးယူမှုမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေကို အဓိပ္ပါယ်ဖွင့်ဆိုမှု၊ အပြစ်ပေးမှု၊ လုပ်ပိုင်ခွင့် လိုင်စင်ချပေးမှု စသည်တို့ကို OFAC ရုံးက ဆုံးဖြတ်ရပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ အခွင့်ထူးခံ စစ်အုပ်စုကို မထိခိုက်ဘဲ သာမန်လူတန်းစားကိုသာ ထိခိုက်တယ်ဆိုပြီး အဝတ်အထည် စက်ရုံတွေပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေကို ထောက်ပြကြပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုဟာ သန်း (၃၀) ကျော်ရှိတဲ့ တောင်သူလယ်သမားတွေကို မထိခိုက်ပါဘူး။ မြန်မာ့လယ်ယာထွက်ပစ္စည်းတွေကို အမေရိကန်မှာ မသုံးပါဘူး။ စစ်ခေါင်းဆောင်အသိုင်းအဝိုင်းကိုသာ ရွေးပြီး ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

မဆလအစိုးရကို နိုင်ငံခြားက ကူညီထောက်ပံ့နေတုန်း မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့် ရောက်သွားပါတယ်။ မြန်မာ့စီးပွားရေးကို စစ်ဗိုလ်လက်ဝါးကြီး အုပ်ထားတာမို့ စစ်ဗိုလ်အသိုင်းအဝိုင်းကို ဒဏ်ခတ်အရေးယူတာဟာ စစ်ဗိုလ်လူတန်းစားကိုသာ အခွင့်အလမ်း ဆုံးရှုံးစေပါတယ်။ မြန်မာပြည်မှာ လွတ်လပ်တဲ့ စီးပွားရေးအင်အားစုမရှိဘဲ စစ်ဗိုလ်ရဲ့လက်ဝေခံ အင်အားစုသာ ရှိပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူတာဟာ အရပ်သားကို မထိခိုက်ဘဲ စစ်ဗိုလ်တွေကိုသာ ထိခိုက်တယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ လုပ်ငန်းကြီးတွေကို စစ်တပ်ကပိုင်ပြီး သာမန်အရပ်သားတွေက လက်လုပ်လက်စားနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ လုပ်နေရတာကို နယူးဇီလန်နိုင်ငံက စီးပွားရေးပါမောက္ခ Dr. Alfred Oehlers က သုံးသပ်ထားပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုဟာ စစ်ဗိုလ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုသာ ထိခိုက်စေပါတယ်။ ပြည်သူလူထုအများစုကို ထိခိုက်စေတယ်ဆိုတာဟာ ဗမာစစ်အစိုးရရဲ့ ဝါဒဖြန့်ချက်တခုသာ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍဟာ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ် နဲ့ မိုင်းလုပ်ငန်းတွေ ဖြစ်ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ နိုင်ငံခြားအတတ်ပညာနဲ့ နိုင်ငံခြားပစ္စည်းတွေကိုသုံးပြီး လိုချင်တာကို ထုတ်ယူသွားကြတာကြောင့် ဒေသခံတွေ အကျိုးခံစားစရာ အခွင့်အလမ်းမရှိပါဘူး။ ဒါကြောင့် မြန်မာပြည်က နိုင်ငံခြားရင်းနှီးမြုပ်နံှမှုဟာ တိုင်းပြည်တိုးတက်ရေးအတွက် လိုအပ်တဲ့အခြေခံကို မတည်ဆောက်ပေးနိုင်ဘူးလို့ Australia နိုင်ငံ Sydney မြို့ Macquaire တက္ကသိုလ် ဘောဂဗေဒပါမောက္ခ Dr. Sean Turnell က မနှစ်က သုံးသပ်ပါတယ်။ သင့်လျှော်မှန်ကန်တဲ့ စီးပွားရေးလမ်းစဉ်ကို အကောင်အထည် ဖော်ဖို့မပြောနဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတောင် မရှိပါဘူး။ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ယူနေပေမယ့် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အလားအလာ မတွေ့ရသေးပါဘူး။

စီးပွားရေး ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းလိုက်လို့ ဗမာအစိုးရမှုဝါဒ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးလိုက်ပေမယ့် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ရှိနေတုန်းပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်ရင် အမေရိကန်ကုမ္မဏီတွေသာ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ အခွင့်အလမ်းရရှိသွားနိုင်ပါတယ်။

XS
SM
MD
LG