ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်၊ သတင်းယူခွင့် မရသေးတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေက ခွင့်မပြုတာလို့ သူက ပြောဆိုပါတယ်။ နေပြည်တော်က သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူတွေရဲ့ အားပြိုင်ပွဲ အလားအလာကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ဟာ အခုအခါမှာ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာသမားတွေ သွားလာကြတာ အတော်လေး များလာကြပါတယ်။ Larry ကိုယ်တိုင် သွားဖြစ်ပြီလား။
Larry Jagan ။ ။ မသွားဖြစ်သေးပါဘူး။ ကျနော် ဗီဇာစောင့်နေတာ လေးလ ရှိသွားပါပြီ။ ကျနော့် ပြည်ဝင်ခွင့် လျှောက်လွှာက ဝန်ကြီးစားပွဲမှာ သောင်တင်နေပါတယ်။ ကျနော်ကို ဗီဇာ မပေးဘူးလို့လည်း မပြောပါဘူး။ ဝင်ခွင့်လည်း မပေးပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ကျနော်ကို သူနဲ့လိုက်ပြီး သူ့ခရီးစဉ်အကြောင်း သတင်းပို့ခွင့်ပေးဖို့ မြန်မာအစိုးရကို ပြောပါတယ်။ ဒါလည်းပဲ ဘာမှ အဖြေမရသေးပါဘူး။ ကျနော်ကတော့ စောင့်မြဲစောင့်လျက်ပါ။
ဦးကျော်ဇံသာ ။ ။ တခြားလူတွေကို ဒီလောက် ဝင်ခွင့်ပေးနေတာ Larry ကိုမှ ဘာကြောင့် သူတို့က မပေးတာလဲ။
Larry Jagan ။ ။ အဓိကအကြောင်းရင်လို့ ထင်တာကတော့ ကျနော်က ရတဲ့အထောက်အထားတွေအရ နေပြည်တော်မှာ ဖြစ်နေတာတွေကို ဖြစ်နိုင်သမျှ တိတိကျကျ၊ မျှမျှတတ ရေးပါတယ်။ အထူးသဖြင့် သဘောထား တင်းမာတဲ့အုပ်စုဟာ ပြုပြင်ရေးတွေကို ဟန့်တားနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားကြတယ်လို့ ရေးပါတယ်။ အဲဒီ သဘောထား တင်းမာတဲ့ လူတွေကပဲ ကျနော်ကို မြန်မာပြည်ထဲကနေ သတင်းပို့ခွင့်၊ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦး Larry ရေ … ဗီဇာရချင်ရင်၊ ပြည်ဝင်ခွင့် ရချင်ရင် သူတို့ကို ဝေဖန်တဲ့ လေသံကို နည်းနည်းပါးပါး လျှော့ပေးရမလို ဖြစ်နေတာပေါ့။ သူတို့သဘောအရ ရေးရမလို ဖြစ်နေတာပေါ့။
Larry Jagan ။ ။ Journalist တယောက်အနေနဲ့ သူ့သတင်းကို လေသံလျှော့ပေးစရာ မရှိပါဘူး။ မြန်မာနိုင်ငံ လက်ရှိ အုပ်ချုပ်ရေးရဲ့ မကောင်းတာ၊ မတော်မလျော်တာ ဝေဖန်တဲ့အခါမှာလည်း ဘာမှ အလျှော့ပေးစရာ မလိုပါဘူး။ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် သူတို့လုပ်ရပ်အတွက် သူတို့ တာဝန်ခံအောင် ကျနော်တို့ ပရိသတ်ကို မီဒီယာကနေ အသိပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျနော် ပြင်ဝင်ခွင့် ဗီဇာရဖို့အတွက် ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့ပုံစံကို ပြောင်းလဲဖု့ိဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်တော့ ကျနော်က မြန်မာပြည်ထဲ ဝင်ခွင့်ရရင် ကျနော်သတင်းတွေ သုံးသပ်ချက်တွေကို ပိုပြီးတိတိကျကျ၊ မှန်မှန်ကန်ကန် လုပ်နိုင်မှာပါ။ အားလုံးအတွက် အကျိုးရှိမှာပါ။ ပြည်ဝင်ခွင့် မပေးတဲ့အတွက် အစိုးရအတွက်လည်း အကျိုးမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ မီဒီယာအပေါ် တင်းကြပ်မှုတွေ လျော့ပါးလာတယ်လို့ ပြောဆိုသံတွေကို Larry ဘယ်လို သုံးသပ်မလဲ။
Larry Jagan ။ ။ ပြည်တွင်း မီဒီယာတွေအပေါ် ထိန်းချုပ်မှု လျော့ပါးလာတယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။ အခု မြန်မာတိုမ်းစ် တို့မှာ ရေးတဲ့သတင်းတွေဟာ အရင် ၁၂ လလောက်တုန်းကဆိုရင် လုံးဝ ဖြစ်နိုင်မှု မရှိခဲ့ပါဘူး။ ဒါတွေဟာ အစိုးရအနေနဲ့ အင်မတန် ကောင်းမွန်တဲ့ အစဉ်အလာကို ချပေးလိုက်တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ မီဒီယာ ကိစ္စမှာလည်း နေပြည်တော်ကအုပ်စုတွေရဲ့ အာဏာလွန်ဆွဲပွဲက ထင်ဟပ်နေပါတယ်။ သဘောထား တင်းမာနေသူတွေက ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို မနှစ်သက်ကြပါဘူး။ Liberal တွေကတော့ သူတို့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းတခုလို့ ယူဆနေကြပါတယ်။ ဒါကို ကျနော်က Gentleman Agenda - လူကြီးလူကောင်းတွေရဲ့ အစီအစဉ်လို့ ခေါ်ချင်ပါတယ်။ ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို အကောင်အထည် ဖော်တယ်ဆိုတာ တရားမျှတပြီး လူထုအကျိုးကို ဖော်ဆောင်ပေးတာ ဖြစ်ပါတယ်။ တကယ် လိုအပ်တဲ့ကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ အခုန Larry ပြောတဲ့ သဘောထား တင်းမာသူတွေဆိုတာ ဒီလူတွေဟာ မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ခုခံဆန့်ကျင်ကြလိမ့်မယ်လို့ ထင်ပါသလဲ။
Larry Jagan ။ ။ အခြေအနေက သိပ်ကို မရေမရာ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဝန်ကြီးတယောက်ရဲ့ စကားအတိုင်း ပြောရရင်တော့ ဝန်ကြီးအဖွဲ့ရဲ့ နှစ်ဆယ် ရာခိုင်နှုန်းဟာ Liberal ဖြစ်ပြီး သမ္မတဦးသိန်းစိန် နဲ့ သူ့ရဲ့ ပြုပြင်ရေးအစီအစဉ်ကို လိုလားထောက်ခံကြပါတယ်။ နောက် နှစ်ဆယ် ရာခိုင်နှုန်းကတော့ hardliner တွေ ဖြစ်ကြပြီး ပြုပြင်ရေး အရှိန်အဟုန်နဲ့ ပမာဏကို မကျေနပ်ကြပါဘူး။ စစ်အစိုးရ အုပ်စိုးတဲ့ ပုံစံဟောင်းကိုပဲ ကြိုက်နေကြပါတယ်။ ကျန်တဲ့လူတွေကတော့ ခြံစည်းရိုးပေါ် ခွထိုင်နေကြပြီး ဘယ်ဖက်က အသာရမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က ကျနော် သတိပြုမိတာကတော့ Liberal တွေ နည်းနည်း အသာစီးရလာတယ် ဆိုတာပါ။ မကြာခင် ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်တွေက Liberal တွေကို ပိုပြီးခိုင်မြဲလာစေနိုင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးကို လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ အခုတော့ NLD လွတ်လပ်ခွင့် ပိတ်ပင်တာတွေ၊ ကြံ့ခိုင်ရေးပါတီက အာဏာအလွှဲသုံးစား လုပ်နေတာတွေ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒါကို ပြန်ပြီး တည်မတ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ Liberal တွေ အလားအလာ ကောင်းမကောင်း စောင့်ကြည့်ရမယ့် ပထမအချက်ပါ။ ဒုတိယ စောင့်ကြည့်ရမယ့်အချက်ကတော့ အာဂတိ လိုက်စားမှု၊ ခြစားပျက်စီးမှု ဖြစ်ပါတယ်။ နေပြည်တော်ကနေ ကြားရတဲ့ကိစ္စတခုကတော့ ဝန်ကြီးဟောင်းတချို့၊ ကြံ့ခိုင်ရေးတချို့ကို အာဂတိမှုနဲ့ အရေးယူဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ ဒါ ဖြစ်မြောက်လာရင်လည်း Liberal တွေ အင်အားကောင်းလာတဲ့ အချက် ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အခု လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးဟာ နေရာအများစုကို အုပ်စီးထားပြီး ဖြစ်ပါတယ်။ ဒီ ကြားဖြတ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်လို့ကော ထူးထူးခြားခြား ဘာဖြစ်လာမလဲ။ သူတို့အဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ရုပ်ပြလုပ်ပြီး နိုင်ငံတကာ ဖိအားတွေ လျော့ကျလာအောင် လုပ်ဖို့ကြိုးစားနေတယ်လို့ လူတချို့က တွက်နေကြတာပါ။
Larry Jagan ။ ။ လွှတ်တော်သမ္မတ သူရ ဦးရွှေမန်း နဲ့ သမ္မတဦးသိန်းစိန် တို့ကတော့ ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေချင်တယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေး ကိုလည်း သေချာပေါက် ပြောကြမှာပါ။ ဒီ ရွေးကောက်ပွဲကို free and fair ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အခြေအနေကောင်းဖို့ကိုလည်း သူတို့ လိုလားကြမှာပါ။ ဒေါ်စု တို့ အခြေအနေကောင်းလည်း အောက်လွှတ်တော်မှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရကြမှာပါ။ ဒါပေမဲ့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်တာက နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့၊ ကမ္ဘာ့ဘဏ်နဲ့ IMF ပိုက်ဆံရဖို့ သက်သက်လောက်ပဲလို့ မထင်ဘူး။ Liberal တွေဟာ မှန်မှန်ကန်ကန် လည်ပတ်နိုင်တဲ့ ဒီမိုကရေစီ လွှတ်တော်တရပ် ဖြစ်လာတာကို သူတို့ တကယ်ပဲ လိုလားကြတယ်လို့ ကျနော်ထင်တယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုကြတာတွေကို မြင်ချင်ကြမယ်လို့ ထင်ပါတယ်။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီတွေ လွှတ်တော်ထဲ ရောက်လာရင် ဖြစ်လာနိုင်ပါတယ်။ သူရဦးရွှေမန်း က ဆိုရင် မြန်မာလွှတ်တော်ကို အမေရိကန် ဆီနိတ်လွှတ်တော်လို ဖြစ်စေချင်တယ်လို့ Hillary Clinton ကို ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ နေပြည်တော်က သဘောထား တင်းမာသူတွေက ဒါကို မကြိုက်ကြပါဘူး။ သူတို့ ခြေကုပ်လွတ်သွားနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ စစ်တပ်ရဲ့ အခြေအနေကိုလည်း သိချင်ပါတယ်။ စစ်တပ်ရဲ့ သဘောထားဟာ Hardliner တွေရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေပါသလား။ သို့တည်းမဟုတ် Liberal တွေက စစ်တပ်ကို ပိုပြီးတော့ သြဇာညောင်းနေသလား။ ဘယ်လိုထင်ပါသလဲ။
Larry Jagan ။ ။ စစ်တပ်အကြောင်းကို ပြောရရင်တော့ သဘောထားတင်းမာသလား။ Liberal လားဆိုပြီး ခွဲလို့မရဘူးလို့ ထင်ပါတယ်။ သူတို့ဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ပဲ ထင်ပါတယ်။ လက်ရှိ ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တခြား အရာရှိကြီးတွေ သူတို့ကို ကျနော်က ၈၈ မျိုးဆက် ဗိုလ်ချုပ်တွေလိုပဲ ခေါ်ချင်တယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေလည်း ရှိပါတယ်။ အခုတော့ သူတို့ လွတ်လာကြပါပြီ။ သံဃာတွေထဲမှာတော့ ၂၀၀၇ မျိုးဆက်ဆိုတာ ရှိပါတယ်။ ဒီ ၈၈ မျိုးဆက်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ဗိုလ်ချုပ်တွေတော့ အတိအကျ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ ယုတ်စွအဆုံး ဘင်္ဂလားဒေ့ရှ်မှာတောင် တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးလွန်ကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတခု ရှိနေပါတယ်။ သူတို့ဟာ ဒီအခန်းကဏ္ဍကို သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ဒါဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍပါ။ လောလောဆယ်မှာတော့ သူတို့အများစုဟာ သမ္မတဦးသိန်းစိန် ကို ထောက်ခံကြမယ် ထင်ပါတယ်။ ပြည်ပအန္တရာယ်တို့၊ ပြည်တွင်းလုံခြုံရေးတို့ ယိုးယွင်းလာမှာ သူတို့အနေနဲ့ တမျိုးတမည် တွေးတောကြံစည် လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် တိုင်းမှူးတယောက်တလေကလွှဲရင် ဦးသိန်းစိန်ကိုပဲ ထောက်ခံကြမယ် ထင်ပါတယ်။ Hillary Clinton မြန်မာပြည်လာတုန်းက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က မြန်မာပြည်မှာ နောက်ထပ် စစ်အာဏာသိမ်းမှု မရှိစေရဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ တကယ့် သဘောထားအမှန်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုရင် အဲဒီ Hardliner တွေရဲ့ အာဏာကျောထောက်နောက်ခံက စစ်တပ်ဆိုတဲ့ သဘောမဟုတ်ဘူးပေါ့။ ဒါဆိုရင် သူတို့ရဲ့ အာဏာနောက်ခံက ဘယ်သူလဲ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို့ ပြောနိုင်မလား။
Larry Jagan ။ ။ ရှင်းပါတယ်။ သဘောထား တင်းမာသူအုပ်စုရဲ့ အာဏာအရင်းအမြစ်၊ စိတ်ဓါတ်ရေးရာ ခွန်အားကတော့ ဦးသန်းရွှေ ပါပဲ။ ဦးသန်းရွှေ ဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်နေသေးတယ်လို့တော့ ကျနော် တပ်အပ် မပြောနိုင်ပါဘူး။ သူ အမှန်တကယ် အနားယူလိုက်ပြီဆိုတာတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာကိုတော့ စိတ်မဝင်စားဘဲ မနေပါဘူး။ သူကိုယ်တိုင် မပါဝင်ရင်သာနေမယ်။ ဒါကို သဘောထား တင်းမာနေသူတွေက အသုံးချနေကြတာပါ။ ဦးအောင်သောင်း ဟာ ဦးသန်းရွှေ ကို သွားတွေ့နေသူဖြစ်ပြီး သူ့နံမည်ကို အသုံးချပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်နဲ့ အဖိုးကြီး မကြိုက်ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ဦးသန်းရွှေကိုယ်တိုင် နောက်ကွယ်က ကြိုးဆွဲနေတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ လုံးဝမတွေ့ရပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ မကြာခင် ကျင်းပလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုပါတော့ အဲဒီက ပေါ်ထွက်လာမယ့် ရလဒ်က ဘယ်လောက်အထိ ကောင်းလာနိုင်ပါမလဲ။ Larry ကြိုတင်ခန့်မှန်း၊ သုံးသပ်ချက်ကို ပြောပါအုန်း။
Larry Jagan ။ ။ ကျနော်အမြင်မှာတော့ ဒီ ရွေးကောက်ပွဲက သိပ်ပြီး အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို ဘယ်လို လုပ်သလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ အန်အယ်လ်ဒီ ဘက်က ဝင်ပြိုင်တဲ့ တခြား မဲဆန္ဒနယ်မြေတွေမှာ တရားမျှတမှု ရှိသလားဆိုတာကို စောင့်ကြည့်ရပါမယ်။ တရားမျှတသည့် တရားဝင် ရွေးကောက်ပွဲဖြစ်ခဲ့ရင် ဒေါ်စု နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပါဝင်လာခြင်းအားဖြင့် ပါလီမန် အားကောင်းလာမယ်။ Liberal တွေလည်း အားကောင်းလာပါလိမ့်မယ်။ တကယ်လို့ နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက သော့ခတ်ထားတာကို ဒေါ်အောင်ဆန်းစုကြည် က ဖွင့်ပေးနိုင်ရင် Liberal တွေ ပိုပြီး အင်အားကောင်းလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ခေတ်က Liberal ပြုပြင်ရေးလုပ်လည်း ဘာအကျိုးရှိလာမလဲဆိုတဲ့ ပြဿနာရှိခဲ့ပါတယ်။ ဘာပြုပြင်ရေးမှလည်း ဖြစ်မလာခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ပေါင်းပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့ ပြုပြင်ရေးလုပ်နိုင်ရင် တိုင်းပြည်အတွက် လက်တွေ့အကျိုး ဖြစ်ထွန်းမှာ သေချာပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဆင်းရဲနွှမ်ပါးမှု လျော့နည်းလာ၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာပါလိမ့်မယ်။ လူမှု့ဖူလုံရေး တိုးတက်လာပါလိမ့်မယ်။ ဆိုတော့ Liberal တွေလည်း အင်အားခိုင်မာလာမှာ ဖြစ်ပါတယ်။