ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သမ္မတနဲ့ အစိုးရတို့ ဆုံးဖြတ်လုပ်ဆောင်ချက်တွေအထဲ အားတက်စရာတွေ တွေ့ရပေမယ့် လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်စရာတွေ အများကြီးရှိနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် Tomás Ojea Quintana က ပြောဆိုပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဦးကျော်ဇံသာ က Mr. Quintana ကို ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Prof. Quintana မြန်မာနိုင်ငံကို သွားပြီးကတည်းက ကျနော် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခွင့်မသာခဲ့ပါဘူး။ ဆိုတော့ အခု ပြောပါအုန်း နောက်ဆုံးတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း အကြမ်းမျဉ်းသုံးသပ်ပေးပါ။
Mr. Quintana ။ ။ ကျနော် နောက်ဆုံးတခေါက် မြန်မာနိုင်ငံ ခရီးစဉ်အပြီး လေဆိပ်မှာ ပြောခဲ့သလိုပါပဲ မြန်မာအစိုးရနဲ့ သမ္မတတို့ရဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တော်တော်များများဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေအတွက် အပြုသဘော ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ဓမ္မဓိဌာန်ကျကျ ပြောတာပါ။ ကျနော့် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လစ်ဟာချက်တွေ မရှိတော့ဘူး။ ကျနော့်အနေနဲ့ စိုးရိမ်ကြောင့်ကျမှု မရှိတော့ဘူးဆိုတဲ့ သဘောတော့ လုံးဝမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ဒါထက် ပိုလုပ်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ကျနော်အနေနဲ့ ထောက်ပြပြောဆိုနေရအုန်းမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို အစိုးရအနေနဲ့ လုပ်ဆောင်ရမယ့်အချက်တွေ လုပ်လာအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုလျော့နည်းပပျောက်အောင်၊ လစ်ဟာချက်တွေ မရှိတော့အောင် ဘယ်သူတွေက ဘာတွေလုပ်ဖို့ လိုအပ်တယ် ထင်ပါသလဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဘာလုပ်ပေးနိုင်မယ် ထင်ပါသလဲ။
Mr. Quintana ။ ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ ထောက်ပြဝေဖန်ပြရမယ့် အရေးကြီးတဲ့အချက်တွေ ကျန်နေပါသေးတယ်။ ဒါတွေကတော့ နယ်စပ်ဒေသ အခြေအနေတွေ ဖြစ်ပါတယ်။ ပြည်သူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ခံလာကြရတာပါ။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ အရပ်သားအစိုးရတွေ ရှိလာပြီဆိုပေမယ့် အခြေအနေတွေက တိုးတက်မလာခဲ့ပါဘူး။ ကချင်လူထုဟာ လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ အထူးပဲ ဒုက္ခရောက်နေကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းထဲကတချို့ဟာ နိုင်ငံရေးဖြစ်စဉ်ကိုပဲ ကြည့်နေ၊ ပြောနေကြပါတယ်။ တဖက်မှာ လူ့အခွင့်အရေး အခြေအနေက သိပ်ဆိုးဝါးနေတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူ့အခွင့်အရေး အခြေအနေကို ဦးစားပေးကြချင်ပါတယ်။ အခုတွေ့နေရတာက အစိုးရနဲ့ သမ္မတကိုယ်တိုင် ဖြေရှင်းဖို့ အခက်အခဲ ကြုံနေရတဲ့ သဘောပါပဲ။ သမ္မတနဲ့ ဝန်ကြီးတချို့က ပြေလည်အောင် ကြိုးပမ်းကြပေမယ့် အဆုံးအဖြတ် ချမှတ်ရေးမှာ စစ်တပ်က အာဏာရှိနေဆဲဆိုတာကို တွေ့ရပါတယ်။ ဒါကို လူ့အခွင့်အရေး ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အနုတ်လက္ခဏာတရပ် ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်တာ၊ မအောင်မြင်တာ ဘေးဖယ်ပြီး ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးသက်သာအောင် အစိုးရက မဖြစ်မနေ လုပ်ပေးရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးဖြစ်စဉ်ကိုပဲ ကြည့်မနေကြဘဲနဲ့ လူ့အခွင့်အရေးကိုလည်း ဦးစားပေး ကြည့်ကြစေချင်တယ်လို့ ဆိုတော့ ဒါက ဘာကို ဆိုလိုပါသလဲ။ အတိအကျ။ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အထူးသဖြင့် ဒဏ်ခတ်အရေးယူမှု sanctions တွေကို ဆက်ပေးရမယ်ဆိုတဲ့ သဘောလား။
Mr. Quintana ။ ။ ဒါက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ Sanctions တွေ ဆက်ထားရမလား၊ ရုတ်သိမ်းရမလား ဆိုတဲ့ ပြဿနာဟာ ကျနော်ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ရမယ့် ပြဿနာမဟုတ်ပါဘူး။ Sanction အပေါ် ကျနော့်အမြင်ကတော့ sanction ပေးတဲ့အတွက် ကျနော်တို့မျှော်လင့်တဲ့ ရလဒ်တွေ မဖြစ်ထွန်းစေနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာနိုင်ငံတွေက ထည့်သွင်းစဉ်းစားသင့်ပါတယ်။ နယ်စပ်ဒေသတွေက ဆိုးဝါးနေတဲ့ အခြေအနေတွေကို ပြုပြင်ဖို့အတွက် sanction တခုတည်းက အားကိုးလို့ မရပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော် တိုက်တွန်းချင်တာကတော့ နယ်စပ်ဒေသတွေက ပြဿနာတွေကို ထဲထဲဝင်ဝင် ဝင်ကြည့်ကြပါ။ အစိုးရအပါအဝင် ပတ်သက်နေတဲ့ အင်အားစုတွေနဲ့ တွေ့ပါ။ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြပါ။ ဒီပြဿနာတွေက လွတ်လပ်ရေးရကတည်းက ရှိလာခဲ့တာပါ။ အစိုးရကသာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ အားကြိုးမာန်တက် ပါဝင်ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဆုံးအဖြတ်ပေးတဲ့ နေရာမှာ စစ်တပ်က အာဏာရှိနေဆဲဆိုတော့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အတွင်းမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ခွင့်ရခဲ့ပါသလား။
Mr. Quintana ။ ။ ကျနော် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ စစ်တပ်အကြီးအကဲနဲ့ တွေ့ခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး။ ဖေဖေါ်ဝါရီလကုန် ကျနော့်ခရီးအဆုံး အစီရင်ခံစာမှာ အလေးအနက်ထား ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နောက်ပြန်လှည့်သွားနိုင်တဲ့ အလားအလာ ရှိနေတယ်လို့။ ဒါဟာ ပြည်တွင်းအခြေအနေကို သုံးသပ်ပြီး ပြောခဲ့တာပါ။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို အဓိကထား ပြောတာပါ။ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အာဏာနဲ့ ဆုံးဖြတ်ချက်တွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံလုံခြုံရေးကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာ နိုင်ငံတိုင်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရလာခဲ့တာဆိုတော့ ရုတ်တရက် ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျနော်သဘောပေါက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာ ရှိနေတယ်ဆိုတာ မျက်ကွယ်ပြုထားလို့ မရပါဘူး။ လူသိရှင်ကြား ထောက်ပြပြောဆိုနေရပါမယ်။ အရပ်သားအစိုးရကို အာဏာပိုရှိလာစေပြီး စစ်တပ်ဟာ အရပ်သားအစိုးရနဲ့ ညီညွှတ်သောမဟာမိတ် ဖြစ်စေရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ တဆက်တည်းပြောပါအုန်း ဒီ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ မစ္စတာကင်တားနား တွေ့ခဲ့တယ်ဆိုတော့ အဲဒီ ကော်မရှင်ကို ဘယ်လိုသဘောရပါသလဲ။ လူ့အခွင့်အရေး တိုးတက်အောင် တကယ် ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိပါသလား။ အာဏာပိုင်တွေရဲ့ သြဇာလက်အောက်မှာ ပိပြားနေတယ့် အဖွဲ့အစည်းလို့ပဲ ထင်ပါသလား။
Mr. Quintana ။ ။ ဒီ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်တဲ့ independent commission တရပ်ဖြစ်လာနိုင်မယ့် တရားဥပဒေ အခင်းအကျင်း၊ နိုင်ငံရေးအခင်းအကျင်း မတွေ့ရပါဘူး။ ဒါကို ကျနော့် ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေနဲ့လည်း ကျနော် ဆွေးနွေးခဲ့ပါတယ်။ သူတို့မှာ လူ့အခွင့်အရေးအခြေအနေတချို့ ကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ချင်တဲ့ စိတ်ကောင်းစေတနာကောင်း ရှိကြပေမယ့် ကော်မရှင်မှာ လွတ်လပ်မှု မရှိတဲ့အတွက် ပြည်သူတွေအတွက် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင် အားကိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က သူတို့ကို အားပေးသွားရမှာ ဖြစ်ပါတယ်။ ပိုပြီးလွတ်လပ်တဲ့ အဖွဲ့အစည်းတရပ် ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ အားပေးရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေး ပညာပေးရေးကိစ္စ - မြန်မာပြည်သူတွေကို လူ့အခွင့်အရေး ပညာပေးဖို့ လိုအပ်တယ်လို့ မထင်ဘူးလား။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကင်းမဲ့တဲ့ စစ်အာဏာရှင်၊ စစ်အုပ်ချုပ်ရေးတပိုင်း စနစ်အောက်မှာ ရာစုဝက်လောက် နေခဲ့ရတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလို လူ့အခွင့်အရေး ပညာပေးမယ်ဆိုရင် ဘယ်သူတွေကို ဦးစားပေး ပို့ချသင့်ပါသလဲ။ စစ်တပ်လား၊ အာဏာပိုင်တွေလား စသဖြင့် ပြောပါအုန်း။
Mr. Quintana ။ ။ လိုအပ်ပါတယ်။ ဒါကို ကျနော် အရင်ပြောပါရစေ။ ပညာသင်ယူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကျနော် အလေးထား ဦးစားပေးချင်တာက မြန်မာနိုင်ငံမှာ ခလေးသူငယ်တိုင်း ပညာရေးကို လက်လှမ်းမှီစေရမှာ ဖြစ်ပါတယ်။ အခု ပညာရေး budget တိုးမြှင့်တယ်ဆိုပေမယ့် ခလေးတိုင်း ပညာရေးကို လက်လှမ်းမမှီနိုင်ကြပါဘူး။ ဒါကို ပညာရေးဝန်ကြီးနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အခုက လူ့အခွင့်အရေးပညာရေးဆိုင်ရာကို မေးတယ်။ ဒါဟာ ဒီမိုကရေစီ ပညာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါဟာ ပါလီမန်မှာ အကြောင်းအရာတွေကို ဘယ်လိုအခြေအတင် ဆွေးနွေးရမယ်။ မဲဆွယ်တဲ့အချိန်မှာ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုအပြန်အလှန် ဝေဖန်ကြမယ်ဆိုတဲ့ ုဖြစ်စဉ်တရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ သင်ယူအပ်တဲ့ကိစ္စတရပ်ပါ။ ဒီလို ဝေဖန်ဆွေးနွေးမှုတွေ ပွင့်ပွင့်လင်းလင်း လုပ်ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်တည်းမှာ လူ့အခွင့်အရေး ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒတရပ်လည်း ချမှတ်ဖို့ လိုအပ်ပါတယ်။ မှန်ပါတယ် လူ့အခွင့်အရေး ပညာပေးမှုကို စစ်တပ်မှာ စရပါလိမ့်မယ်။ တချိန်တည်းမှာ တရားစီရင်ရေးကဏ္ဍကိုလည်း ပြုပြင်ရမှာပါ။ တရားစီရင်ရေးဆိုတာ ပြည်သူတွေအတွက် လူ့အခွင့်အရေးကို နောက်ဆုံးတိုင်း ခုခံကာကွယ်ပေးမယ့် ခံတပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍဟာ အဲဒီ အခြေအနေ လုံးဝမရှိသေးပါဘူး။ တရားစီရင်ရေးကို ခွန်အားရှိလာအောင် ပြုပြင်ဖို့ လိုအပ်နေပါတယ်။ အဲဒီနယ်ပယ်တွေမှာ လူ့အခွင့်အရေးပညာပေးဖို့ အစိုးရက ဆုံးဖြတ်တယ်ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီ လိုအပ်ပါတယ်။ သူတို့ပဲလုပ်လို့ မရနိုင်ပါဘူး။ စစ်မှန်သော လူ့အခွင့်အရေးကို ပီပီပြင်ပြင် သဘောပေါက်လာအောင်၊ ဖော်ဆောင်လာအောင်၊ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD က လူတွေက ရွေးကောက်ပွဲဝင်မယ်။ သူတို့ လွှတ်တော်ထဲကို ရောက်သွားရင်၊ လွှတ်တော်ထဲကို ရောက်လာရင် လူ့အခွင့်အရေး တိုးတက်ထွန်းကားရေးအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်လာမယ် ထင်ပါသလဲ။
Mr. Quintana ။ ။ ဒါကတော့ သူတို့ရဲ့ နိုင်ငံရေးအစီအစဉ်ပေါ်မှာ မူတည်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား နိုင်ငံရေးပါတီတွေဟာ ဒီနိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားကြတာက ဒီမိုကရေစီဖြစ်စဉ်အဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတာ လူ့အခွင့်အရေး ထွန်းကားရေးနဲ့လည်း ပတ်သက်နေပါတယ်။ နိုင်ငံရေး ဆွေးနွေးဝေဖန်မှုတွေကလည်း အကြုံဝင်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ကို မျှော်လင့်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ မျှော်လင့်ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲရောက်သွားရင် နိုင်ငံရေးရာ အခြေအတင်ဆွေးနွေးမှုတွေ ပိုရှိလာဖို့ကိုလည်း မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား မြန်မာနိုင်ငံကို နောက်တကြိမ် ဘယ်တော့လောက် ပြန်သွားဖို့ စီစဉ်ထားပါသလဲ။ အစီအစဉ် ရှိပါသလား။
Mr. Quintana ။ ။ လာမယ့် အောက်တိုဘာလမှာ ကျနော် အစီရင်ခံစာ မတင်ခင် သွားဖို့ စီစဉ်နေပါတယ်။ မတ်လ ၁၂ ရက်နေ့ကြရင် ကျနော် Geneva ကိုသွားပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရှေ့မှာ အစီရင်ခံစာ တင်ရပါမယ်။ ပြီးတော့ လူ့အခွင့်အရေးကော်မတီက ပြဌာန်းချက် ချမှတ်ပါလိမ့်မယ်။ အဲဒါဟာ နောက်အဆင့် ဖြစ်ပါတယ်။