ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အာရှ နိုင်ငံတချို့ ဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရအောက်မှာ စီးပွားရေးဖွံ့ဖြိုးပြီး ဒီမိုကရေစီအသွင် ကူးပြောင်းလာကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ စီးပွားရေးအစီရင်ခံစာ ရေးသားခဲ့သူ EIU (Economist Intelligence Unit) အဖွဲ့ရဲ့  အကြီးတန်းအယ်ဒီတာ Danny Richards ကို EIU အဖွဲ့ရဲ့  အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုလို မြန်မာနိုင်ငံ စီးပွားရေးသုံးသပ်ချက်ရေးဖို့ ဘယ်ကရတဲ့ အထောက်အထားတွေကို အခြေခံသလဲဆိုတာကို ပထမဦးဆုံး သိပါရစေ။
Danny Richards ။ ။ အကန့်အသတ်နဲ့ ရရှိတဲ့ အစိုးရရဲ့  ကိန်းဂဏန်းတွေကို ကျနော်တို့ အများဆုံးအခြေပြုပါတယ်။ အစိုးရရဲ့  CSO (Central Statistical Organisation) ဗဟိုစာရင်းအဖွဲ့က လူသုံးကုန်ဈေးနှုန်း မြှင့်တက်မှု၊ သွင်းကုန်ထုတ်ကုန်၊ အတည်ပြုထားတဲ့ ရင်းနှီမြုပ်နှံမှု၊ အစိုးရကောက်ခံထားတဲ့ အခွန်စတဲ့ ကိန်းဂဏန်းတွေကို ထုတ်ပြန်ပါတယ်။ ဒါတွေက အဓိကအချက်တွေပါ။ စီးပွားရေးဖွံ့ဖြိုးမှု GDP (Gross Domestic Product) ကိန်းဂဏန်းတို့နဲ့ ပတ်သက်လို့ကတော့ ၂၀၀၅ ခုနှစ်က နောက်ဆုံးရရှိတာပါ။ ဒါကြောင့် ကျနော်တို့ ရရှိတဲ့အချက်အလက်တွေမှာ အကန့်အသတ်ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလိုရရှိတဲ့ ကိန်းဂဏန်းတွေကလည်း ဘယ်လောက်ခိုင်လုံတိကျမှု ရှိမယ်လို့ ထင်ပါသလဲ။
Danny Richards ။ ။ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေက အတော်လေးခိုင်လုံပါတယ်။ သဘာဝဓါတ်ငွေ့ တင်ပို့မှုမှာဆိုရင် မြန်မာနိုင်ငံက ဓါတ်ငွေ့အများအပြားတင်သွင်းနေတဲ့ ထိုင်းနိုင်ငံက ကိန်းဂဏန်းတွေကို ယှဉ်တွဲကြည့်နိုင်ပါတယ်။ အတော်ကိုခိုင်လုံပါတယ်။ ဒါပေမဲ့ လူသုံးကုန်ဈေးနှုန်းနဲ့ ပတ်သက်လို့ကတော့ သိပ်မခိုင်လုံပါဘူး။ ကျနော်တို့အတွက် တကယ့်လက်ရှိ ဈေးနှုန်းတွေကို ပြည်တွင်းကောက်ယူ ပေးပို့သူတွေ ရှိပါတယ်။ သူတို့ပေးတာဟာ အစိုးရကိန်းဂဏန်းတွေနဲ့ သိပ်ကွာဟနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီမေးခွန်းမေးရတာ ဝေဖန်မှုတွေ ရှိနေလိုပါ။ အစိုးရစာရင်းဇယားတွေထဲမှာ စီးပွားရေး တိုးတက်မှုရှိနေတယ်ဆိုတာ မမှန်ကန်နိုင်ဘူးလို့ ဆိုကြသူတွေရှိကြပါတယ်။ အစိုးရလုပ်ကြံထားတဲ့ ကိန်းဂဏန်းတွေလို့ တချို့ က ဆိုကြပါတယ်။
Danny Richards ။ ။ ဟုတ်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၀၀-၂၀၀၅ ခုနှစ်ကာလတွေမှာ စီးပွားတိုးတက်မှုဟာ ၁၀% ကနေ ၁၅% ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ သိပ်ကိုမဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ အခုက ကျနော်တို့က အများဆုံး ၃% ကနေ ၅% ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအထဲမှာ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေမှာ တရုတ်ကုမ္မဏီ၊ ထိုင်းကုမ္မဏီတို့နဲ့ ရင်းနှီမြုပ်နှံမှုတွေ အမြောက်အမြားပါဝင်နေပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်း အများအပြားဟာ ပြည်တွင်းလိုအပ်ချက်၊ ပြည်တွင်းအကျိုးစီးပွားရေးကို အကျိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ယေဘုယျအားဖြင့် တိုင်းပြည်တပြည်မှာ စီးပွားတိုးတက် ဖွံ့ဖြိုးတိုးတက်တယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တရပ်လို့ ဆိုကြတယ်မဟုတ်လား။
Danny Richards ။ ။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့  စီးပွားရေးကဏ္ဍမှာ လယ်ယာကဏ္ဍနဲ့ ပမာဏ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်လုပ်ငန်းပမာဏတို့ကို ကြည့်ရပါတယ်။ ဒါမှမဟုတ် လူထုသုံးစွဲမှု၊ ပုဂ္ဂလိက စားသုံးမှု၊ ရင်းနှီမြုပ်နှံမှု၊ ပို့ကုန်သွင်းကုန်တို့ကို ကြည့်ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အခု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဒီကဏ္ဍတွေထက် သယံဇာတတွေ ရောင်းချခြင်းက ပိုများခြင်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။
Danny Richards ။ ။ အစောပိုင်း နှစ်တွေမှာတော့ အဓိကအားဖြင့် သဘာဝသယံဇာတတွေ တင်ပို့ရောင်းချမှုကြောင့်ပါ။ ၂၀၀၀ ကနေ ၂၀၀၅ ခုနှစ်ကာလတွေမှာဆိုရင် သဘာဝဓါတ်ငွေ့ရောင်းချလို့ ရခဲ့တာတွေပါ။ အဓိကတော့ ထိုင်းနိုင်ငံ တင်ပို့ရောင်းချခဲ့တာပါ။ အလားတူပဲ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ် အပါအဝင် သစ်မာတွေ၊ တခြားသယံဇာတ အများအပြား ထုတ်ရောင်းခဲ့တာတွေကို တွေ့ရပါတယ်။ ကုန်ထုန်လုပ်ငန်းမှာတော့ အဝတ်အထည် ထုတ်လုပ်မှုတခုပဲ တွေ့ရပါတယ်။ ဒီကဏ္ဍမှာလည်း တိုးတက်မှုက သိပ်နှေးကွေးပါတယ်။ နှေးကွေးရတဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်နဲ့ ဥရောပတို့ရဲ့  ဟန့်တားကန့်သတ်မှုတွေကြောင့် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုတိုင်းပြည်တပြည်မှာ သယံဇာတတွေ ရောင်းချလို့ စီးပွားဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတာကို စီးပွားရေးပညာရှင်တယောက်အနေနဲ့ ကောင်းတယ်လို့ ယူဆပါသလား။
Danny Richards ။ ။ ကျနော်တို့အနေနဲ့ အဲဒီလို value judgment လို့ခေါ်တဲ့ တဖတ်သတ် ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ တချို့ နိုင်ငံတွေ ဥပမာ အရှေ့ တီမောလ် (East Timor) မှာဆိုရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့သိုက်တွေ အများကြီးရှိပါတယ်။ ဒီလုပ်ငန်းကို စီမံခန့်ခွဲတာ ဝင်ငွေကို သုံးစွဲတာတွေက ပွင့်လင်းမြင်သာမှု ရှိကြပါတယ်။ အဲဒီအထဲက အစိုးရက အခွန်ဘယ်လောက်ကောက်ခံတယ်ဆိုတာ၊ ရံပုံငွေ ဘယ်လိုထားပြီး စီမံခန့်ခွဲတယ်ဆိုတာတွေကို တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လုံးဝမသိမမြင်နိုင်ပါဘူး။ ရေနံသဘာဝဓါတ်ငွေ့ ရောင်းလို့ရတဲ့အထဲက တိုင်းပြည်စီးပွားရေးအတွက် ဘယ်လိုသုံးတယ်၊ အစိုးရဘတ်ဂျက်အတွက် ဘယ်လောက်ခွဲဝေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ပွင့်လင်းမြင်သာမှု မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခုနပြောသလို ပွင့်လင်းမြင်သာတဲ့ စီးပွားရေးခန့်ခွဲမှုတရပ် ပေါ်ထွန်းလာဖို့ဆိုတာ အခုလက်ရှိ အခြေအနေအရ၊ အခုလက်ရှိ အုပ်ချုပ်ရေးယန္တယားအရ ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါရဲ့ လား။
Danny Richards ။ ။ ပြဿနာရဲ့  တစိတ်တပိုင်းက မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီမြုပ်နှံသူတွေအဖို့ စီးပွားရေးလုပ်ရကိုင်ရတာ ခက်ခဲလို့ ဖြစ်ပါတယ်။ တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယားတို့ လုပ်နေကြတယ်ဆိုပေမယ့် သူတို့ဟာ စွမ်းအင်ရေနံနဲ့ အခြေခံ အဆောက်အအုံတို့မှာသာ လုပ်နိုင်တာပါ။ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက်ဆိုရင် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ သိပ်အားနည်းပါတယ်။ ဒါဟာလည်း အမေရိကန်နဲ့ ဥရောပတို့ရဲ့  ပိတ်ဆို့မှုတို့ကြောင့် လိုအပ်မှုတွေကို မတင်သွင်းနိုင်ဖြစ်နေတဲ့ အကြောင်းတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု နည်းပါးနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုဟာ မြန်မာနိုင်ငံရဲ့  အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အပြင်းအထန် ထိခိုက်စေတဲ့သဘောလား။
Danny Richards ။ ။ အင်မတန် ပြောရခက်ခဲတဲ့ကိစ္စပါ။ အရေးယူ ဒဏ်ခတ်မှုဟာ အငြင်းပွားနေရတဲ့ ပြဿနာပါ။ ကုန်သွယ်မှုနဲ့ ရင်းနှီမြုပ်နှံမှုတွေဟာ သာမန်ပြည်သူတွေရဲ့  စီးပွားရေးအခွင့်အလမ်းတွေကို ထိခိုက်စေသလား။ ပစ်မှတ်ထားခြင်းခံရတဲ့ စစ်တပ်ရဲ့  စီးပွားရေးအခွင့်အလမ်းကို ထိခိုက်စေသလားဆိုတာကို ယတိပြတ်ပြောဖို့ ခက်ခဲပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ကတော့ ဒါဟာ စစ်အစိုးရနဲ့ မဟာမိတ်တွေကို ထိခိုက်စေတာပါလို့ အကြောင်းပြပြီး ပိတ်ဆို့နေကြပါတယ်။ ဒီလို ပိတ်ဆို့တာကို ရုတ်သိမ်းဖို့ ထောက်ခံပြောကြားနေသူတွေကတော့ ဒါဟာ သာမန်ပြည်သူတွေကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပိတ်ဆို့လိုသူတွေက မြန်မာပြည်က ဟိုတယ်တွေဟာ စစ်ဗိုလ်တွေ နဲ့ သူတို့အပေါင်းအသင်းတွေက ပိုင်ဆိုင်ကြတာမို့ ဆန့်ကျင်နေကြပါတယ်။ ဒါပေမဲ့ တချို့ ကလည်း ခရီးသည်တွေရဲ့  လိုအပ်ချက်ကို ဖြည့်ဆည်းရောင်းချကြတာဟာ သာမန်လူထုသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ခရီးသွားလုပ်ငန်းကို မှီခိုစားသောက်နေကြရတဲ့ သာမန်ပြည်သူလူထုတချို့ ကလည်း အဲဒီလိုပဲ ပြောဘူးကြပါတယ်။ ဆိုတော့ ဒီနေရာမှာကော စီးပွားရေးပညာရှင်တဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ခရီးသွားလုပ်ငန်းကို ပိတ်သင့်သလား၊ မပိတ်သင့်ဘူးလား။
Danny Richards ။ ။ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ဒါဟာ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ရတာပါလို့ အမေရိကန်နဲ့ ဗြိတိန်တို့က ဆိုကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ မြန်မာ့အပေါင်းအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကုန်သွယ်မှု၊ ရင်းနှီမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ လုပ်နေကြတဲ့အတွက် အနောက်နိုင်ငံတွေရဲ့  ပိတ်ဆို့မှုက ထိရောက်မှုမရှိပါဘူး။ မြန်မာအစိုးရကို ပြုပြင်ရေးအတွက် ဖိအားမပေးနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုမှာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးတိုက်တွန်းဖို့ကလည်း မဖြစ်နိုင်ဘူးပေါ့။
Danny Richards ။ ။ မှန်ပါတယ်။ လောလောဆယ်မှာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်နေပါပြီ။ အရပ်သားအစိုးရ ဖြစ်နေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပါတော့လို့ အာဆီယံက အနောက်နိုင်ငံတွေကို တိုက်တွန်းနေတာပါ။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ ဒီစာတမ်းပြုစုဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  သဘောထားကိုရော ထည့်သွင်းစဉ်းစားခဲ့ပါသလား။ အန်အယ်လ်ဒီ နဲ့ ဆက်သွယ်မေးမြန်းတာတွေ လုပ်ခဲ့ပါသလား။
Danny Richards ။ ။ ကျနော်ကိုယ်တိုင်တော့ မဆက်သွယ်ခဲ့ပါဘူး။ ဒါပေမဲ့ အဆက်အသွယ်ရှိသူတချို့ ကိုတော့ ကျနော်သိပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ ပိတ်ဆို့မှုတွေဟာ သာမန်လူထုကို ထိခိုက်မှုရှိမရှိ လေ့လာစောင့်ကြည့်နေတယ်ဆိုပေမယ့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိလိုတယ်လို့ သူတို့က ပြောကြပါတယ်။ လူ့အခွင့်အရေး တိုးတက်အောင် စစ်အစိုးရလုပ်ဆောင်ဖို့အတွက် ဒါကို ဆက်ထားဖို့ လိုတယ်လို့ ဆိုနေကြဆဲပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ အပိုင်းကတော့ အရှေ့ ကို ပြောင်းလဲလာနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း တချိန်က မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ စနစ်မျိုး ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ နီးစပ်သူတွေကို စီးပွားရေးလုပ်ပိုင်ခွင့် ပေးထားပေမယ့် အဲဒီ စီးပွားရေးလုပ်တဲ့လူတွေဟာ သူတို့ စီးပွားရေးနယ်ပယ်ကို ချဲ့ ထွင်းလာတယ်၊ ပိုမိုတိုးတက် ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားလာရင် နောက်ဆုံး လက်ရှိ နိုင်ငံရေးစနစ်ကို ဖြိုးဖျက်ပြီးတော့ ပြုပြင်ပြောင်းလဲခဲ့ရတယ်လို့ လူတွေက ဆိုကြပါတယ်။ တောင်ကိုရီးယားမှာလည်း ထိုနည်းတူစွာပဲ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာရော အဲဒီလို အခြေအနေမျိုးနဲ့ ပြောင်းလဲလာနိုင်တဲ့ အလားအလာ ဘယ်လို မြင်နိုင်ပါသလဲ။
Danny Richards ။ ။ မြန်မာနိုင်ငံ ပြဿနာကတော့ နည်းနည်းအစွန်းရောက်နေတယ်လို့ ထင်ပါတယ်။ အစိုးရထဲမှာရှိတဲ့ မူဝါဒ ချမှတ်သူတွေအနေနဲ့ တိုးတက်မှုရှိအောင် မလုပ်နိုင်ကြပါဘူး။ မြန်မာလက်ရှိ အစိုးရရဲ့  မူဝါဒဟာ စစ်အင်အား ကြီးထွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်ကို အလေးအနက်ထားနေတယ်လို့ ထင်ပါတယ်။ လာမယ့်နှစ် ဘတ်ဂျက်ကို ကြည့်ရင် ၂၅% လောက်ကို စစ်ရေးအတွက် သတ်မှတ်ထားပါတယ်။ ပညာရေးအတွက် ၄% နဲ့ ကျန်းမာရေးအတွက် ၁.၃% ပဲ ထားရှိပါတယ်။ ဒါဟာ ပြဿနာပါ။ အစိုးရရဲ့  ဦးစားပေးမှုဟာ စစ်ရေးကိစ္စဖြစ်နေတယ်ဆိုတာ ရှင်းနေပါတယ်။ စီးပွားရေး တိုးတက်မှု၊ အခြေခံ အဆောက်အအုံ တိုးတက်မှု၊ ရင်းနှီမြုပ်နှံမှု အားပေး စတာတွေကို ဦးစားမပေးပါဘူး။ နောက်တချက်က ရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရေး စလုပ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာလည်း ဈေးကွက်တင်ယှဉ်ပြိုင်မှုကို အမှန်တကယ် မလုပ်ဘဲ။ စစ်တပ်နဲ့ သူတို့ အပေါင်းအသင်းတွေ အကျိုးဖြစ်ထွန်းရေးကိုသာ လုပ်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ development first, democracy second ဆိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး အရင်လုပ်၊ ပြီးတော့မှ ဒီမိုကရေစီစနစ် လာလိမ့်မယ် ဆိုတဲ့ သဘောတရားဟာ မြန်မာပြည်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့ သဘောပေါ့။
Danny Richards ။ ။ မျှော်လင့်ချက်တချို့  ရှိပါတယ်။ ရွေးကောက်ပွဲကနေ အတိုက်အခံ အယူအဆတချို့ ကို ဖော်ထုတ်ခွင့်ပေးတဲ့ ပါလီမန်တရပ် ပေါ်ထွန်းလာလိမ့်မယ်။ ဒါပေမဲ့ ပါလီမန်မှာ အတိုက်အခံ သိပ်နည်းတယ်ဆိုတာ ကျနော်တို့ တွေ့နေရပါတယ်။ ပြီးတော့ အစိုးရသစ်မှာလည်း စီးပွားရေးနားလည်းတဲ့၊ စီမံခန့်ခွဲရေး နားလည်းတဲ့ တက်သိပညာရှင်တွေ၊ technocrats တွေ အရပ်သားတွေ ပါဝင်လာခဲ့ကြမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ အရင် အစိုးရကို ချုပ်ကိုင်ခဲ့တဲ့ စစ်ဗိုလ်တွေပဲ ပြန်လည်ခန့်ထားခဲ့တာတွေပဲ တွေ့နေရပါတယ်။ ဒါကြောင့် အစက မျှော်လင့်ထားခဲ့တာတွေအားလုံး ရေစုန်မျောသွားပါပြီ။