သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်တပ်ဖွဲ့များနေ့ အဓိပ္ပါယ်


လက်နက်ကိုင်တပ်ဖွဲ့များနေ့ အဓိပ္ပါယ်
လက်နက်ကိုင်တပ်ဖွဲ့များနေ့ အဓိပ္ပါယ်

မြန်မာပြည်မှာ တပ်မတော်နေ့လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့များနေ့ Armed Forces Day ကို နိုင်ငံ အတော်များများမှာ ကျင်းပပါတယ်။ လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ် တို့မှာ တာဝန်ထမ်းဆောင်သူတွေကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဂုဏ်ပြုဖို့ ရက်သတ်မှတ်ပြီး အခမ်းအနားကျင်းပ ကြတာရှိသလို၊ ကြည်းရေလေ ခွဲခြားပြီး ကျင်းပကြတာမျိုးလည်း ရှိကြပါတယ်။

အများအားဖြင့် စစ်ပွဲအောင်နိုင်တဲ့နေ့ (ဒါမှမဟုတ်) စစ်တပ်တည်ထောင်တဲ့နေ့ကို လက်နက်ကိုင်တပ်ဖွဲ့များ နေ့ လို့ သတ်မှတ်လေ့ရှိပါတယ်။ ဥပမာ ၁၆ ရာစုနှောင်းပိုင်း နန္နဘုရင်ရဲ့ သားတော်နဲ့ ထိုင်းဘုရင် နရတ်ဆွမ် (Naresuan) တို့ ဆင်စီးချင်းထိုးရာမှာ နန္နဘုရင်သားတော် မဟာဥပရာဇာသားတော် ကျဆုံးသွားပါတယ်။ ဗမာမင်းကိုအောင်နိုင်တဲ့ ဇန္နဝါရီလ ၁၈ ရက်နေ့ကို ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များနေ့အဖြစ် သတ်မှတ် ထားပါတယ်။ ဂျပန်မှာ ဖက်ဆစ်အားကောင်းစဉ်က ၂၀ ရာစုအစောပိုင်းမှာ ရုရှားစစ်တပ်ကို အောင်မြင် လိုက်တဲ့ စစ်ပွဲ နှစ်ပွဲကို ဂုဏ်ပြုပြီး ကြည်းတပ်နေ့ နဲ့ ရေတပ်နေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ စစ်ပြီးခေတ် မှာတော့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်တဲ့နေ့ကို ဂျပန်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့များနေ့အဖြစ် သတ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဘီအိုင်အေ (BIA = Burma Independence Army) ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဘီအိုင်အေ တည်ထောင်တဲ့နေ့ကို ဗမာ့တပ်မတော်နေ့အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် စစ်သင်တန်း စတက်တဲ့ ၁၉၄၁ ဇူလိုင်လကစပြီး ဂျပန်ဖက်ဆစ်ကို တော်လှန်တဲ့ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်အထိ ဗမာတပ်ဟာ ဂျပန်စစ်တပ်အောက်မှာ လေးနှစ်နီးပါး (၃ နှစ် ၁၀ လ) နေခဲ့ရပါတယ်။ စစ်ပြီးတဲ့အခါ ဗမာစစ်တပ်ကို ပြန်လည်ဖွဲ့စည်းဖို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ လူးဝစ် မောင့်ဘက်တန် (Louis Mountbatten) ဦးစီးတဲ့ မဟာမိတ်စစ်ခေါင်းဆောင်တွေ အိန္ဒိယပြည် ကန္ဒီမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ဗမာ့တပ်မတော်ဖွဲ့စည်းဖို့ ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ သဘောတူချက် ရယူနိုင်ပါတယ်။ ဒါကြောင့် ကန္ဒီစာချုပ် လက်မှတ်ထိုးတဲ့နေ့ကိုလည်း ဗမာတပ်မတော်နေ့ကို သတ်မှတ်နိုင်ပါတယ်။

ဒါပေမဲ့ ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်မှာ စစ်ဗိုလ်စစ်သား သုံးထောင်နီးပါး (၂၆၆၈) ယောက်သာ ရှိပါတယ်။ စစ်ပြီးခေတ်မှာ ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်ဟာ လူတန်းစားမျိုးစုံ ပါဝင်တဲ့ ဖက်ဆစ်တော်လှန်ရေးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ အားမာန်အပြည့်နဲ့ ပါဝင်ခဲ့ကြသူများသလောက် စစ်ပြီးလို့ ဗမာ့တပ်မတော် ဖွဲ့စည်းတဲ့အခါမှာ အင်အား သုံးထောင်တောင်မပြည့်တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်တပ်ကထွက်ပြီး ဖဆပလ ဥက္ကဌရာထူးကို လက်ခံလိုက်တဲ့အတွက် စစ်တပ်ထဲဝင်ချင်သူတွေ နည်းသွားတယ်လိုပ ဆိုကြပါတယ်။ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် စစ်ပြီးခေတ် ဗမာ့တပ်မတော်ထဲ မဝင်တဲ့ ပြောက်ကြားတပ်သားဦးရေက နှစ်သောင်း ငါထောင်ကျော် ရှိပါတယ်။ ဒီလူတွေကို ပြည်သူ့ရဲဘော်များလို့ ခေါ်ကြပါတယ်။

လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်ကြာတဲ့အထိ မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် တပြည်လုံးမှာ ကျင်းပနေခဲ့ပါတယ်။ အဲဒီတုန်းက တပ်မတော်နေ့ဆိုတာ မရှိသေးပါဘူး။ ၁၉၅၈ မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ တက်လာတော့မှ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရဟာ ဂျပန်အစိုးရဆီက စစ်လျော်ကြေးရယူနေတဲ့အတွက် ဂျပန်တော်လှန်ရေး နေ့ မကျင်းပဖို့ ဂျပန်နိုင်ငံက မေတ္တာရပ်ခံတာကို လိုက်လျောပြီး တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အသွင်ပြောင်းလိုက်ကြောင်း သိရပါတယ်။ အဲဒီနောက်မှာ ဂျပန်ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့လုပ်ပြီး စစ်ရေးပြ အခမ်းအနားတွေနဲ့ နှစ်စဉ်ဂုဏ်ယူနေတဲ့အတွက် တော်လှန်ရေးဆင်နွှဲခဲ့သူတွေရဲ့ အခန်းကဏ္ဍဟာ ကွယ်ပျောက်နေပါတယ်။

တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် ကျဆုံးသွားရသူတွေကို သတိ၇အောက်မေ့တဲ့ သဘောနဲ့ တော်လှန်ရေးနေ့ကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ မူရင်းရည်ရွယ်ချက်က တပ်မတော်ကို ဂုဏ်ပြုဖို့ မဟုတ်ပါဘူး။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် နဲ့ အခြားစစ်ပွဲ အများအပြားဆင်နွှဲခဲ့တဲ့ ဗြိတိန်နိုင်ငံမှာ တိုင်းပြည်အတွက် အသက်စွန့်သွားကြသူတွေကို သတိရအောက်မေ့တဲ့နေ့ သတ်မှတ်ထားပါတယ်။ အဲဒီနေ့မှာ ကျဆုံးသွားသူတွေကို သတိရပြီး ချီတက်အလေးပြုကြပါတယ်။ စစ်သည်နိုင်ငံလို့ အမည်ရတဲ့ ဗြိတိန်မှာ လက်နက်ကိုင်တပ်ဖွဲ့များနေ့ ကျင်းပတာ မကြာသေးပါဘူး။ ၂၀၀၉ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ဟာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော လက်နက်ကိုင်တပ်ဖွဲ့များနေ့ ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ အများနဲ့သက်ဆိုင်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် စစ်တပ်က ကိုယ်ပိုင်လုပ်ထားပြီး စစ်ရေးပြ အခမ်းအနားတွေ လုပ်တတ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေနဲ့ ဆွေးမျိုးမိတ်သင်္ဂတွေကလည်း သတိရ အထိမ်းအမှတ်တွေ လုပ်လေ့ရှိပါတယ်။ မတ်လ (၂၇) ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူမျိုးစုံကို သတိရအောက်မေ့တဲ့နေ့ဖြစ်ပြီး တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့မဟုတ်ကြောင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG