သုံးရလွယ်ကူစေသည့် Link များ

သမ္မတသစ် မိန့်ခွန်းနဲ့ နိုင်ငံရေးပါတီတချို့ အမြင်


သမ္မတသစ် မိန့်ခွန်းနဲ့ နိုင်ငံရေးပါတီတချို့ အမြင်

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် က သမ္မတရာထူး လက်ခံမိန့်ခွန်းမှာ သူတို့နဲ့ သဘောကွဲလွဲသူတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် တံခါးဖွင့်ထားတယ်၊ လက်ကမ်းနေပါတယ်လို့ ပြောကြားသွားတဲ့အချက်ကို တရားဝင် နိုင်ငံရေးပါတီတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို သိရှိနိုင်ဖို့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးသုဝေ ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသား ။ ။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ့ရဲ့ ရာထူးလက်ခံတဲ့ မိန့်ခွန်းထဲမှာ မတူညီတဲ့သဘောထား အမြင်တွေ ရှိကြမှာဖြစ်သော်လည်းပဲ တိုင်းပြည်အကျိုးစီးပွားအတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်၊ ကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းဖြင့် ရယူကြမယ်ဆိုရင် - ဆိုပြီးတော့ ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာ ဖြစ်တယ်ဆိုပြီးတော့ ပြောကြားသွားပါတယ်။ ဒီအချက်ကို ကြည့်ရင် ဘာပဲပြောပြော မတူညီတဲ့ သဘောထားအမြင်ရှိတယ်ဆိုတာကို သူတို့ဘက်က လက်ခံတယ်ဆိုတာ တွေ့ရပါလိမ့်မယ်ခင်ဗျ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။ ဒီမိန့်ခွန်းဟာ အပြုသဘောဆောင်တယ်လို့ ဦးသုဝေတို့အနေနဲ့ သုံးသပ်ပါသလား။

ဦးသုဝေ ။ ။ သူပြောသွားတဲ့အထဲမှာ ပျော့ပျောင်းမှုတွေ့ရတယ်။ နောက်ပြီးတော့ မိန့်ခွန်းအနေနဲ့ကတော့ ကောင်းတယ်လို့ ကျနော်တို့ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီညွတ်ရေး တည်ဆောက်ဖို့အကြောင်းကို သူက တည်ဆောက်နည်းလမ်းတွေပါ ထည့်ပြီးပြောသွားတယ်လေ။ မတူညီပေမဲ့လည်း တူညီတဲ့အပေါ်မှာ ပူးတွဲပြီးဆောင်ရွက်မယ်ဆိုတာက ကောင်းတဲ့စကားပါပဲ။ သူကလည်း တံခါးဖွင့်ထားတယ်လို့ ပြောတယ်ပေါ့နော်။

ဆိုလိုတာကတော့ သူ့ရပ်တည်ချက်က သူရပ်တည်တာပဲ။ ဒါပေမဲ့ ပျော့ပျော့ပျောင်းပျောင်း ပြောသွားတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လက်တွေ့အကောင်အထည်ပေါ်လာဖို့အတွက် ပထမဦးဆုံးအလားအလာရော ဘယ်လိုမြင်ပါသလဲ။ ဒီဟာအကောင်အထည်ပေါ်အောင် တဘက်ကလည်း ဘာလုပ်သင့်သလဲဆိုတာ ကျနော်တို့ပြောကြတာပေါ့ခင်ဗျာ။ အလားအလာရောမြင်ပါသလားခင်ဗျာ။

ဦးသုဝေ ။ ။ အခုဟာကတော့ အလားအလာမြင်သလားဆိုတော့ လက်တွေ့တော့ ဘာမှမလုပ်ရသေးဘူး။ လက်တွေ့ဘာမှ မလုပ်ရသေးဘူးဆိုတော့ ဒါက ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်တာပေါ့။ အခု သူပြောတဲ့စကားတွေကတော့ ခါတိုင်း ခါတိုင်း ဒီလိုမျိုး ပြောခဲ့တဲ့စကားတွေ မရှိဘူးလေ။ အဲဒါကြောင့်မို့လို့ ဒီတခါပြောတဲ့စကားအရ ပြောရလို့ရှိရင်တော့ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ဖို့ကို သူပြောသွားတယ်။ သူပြောသွားသလိုပဲ သူလုပ်လိမ့်မယ်လို့ ယူဆရတာပေါ့နော်။ တခြားအချက်တွေလည်း သူတော်တော်လေး ပြောသွားတာကို။

ဦးကျော်ဇံသာ ။ ။ သူက တူညီတဲ့အကျိုးစီးပွားမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ အဲဒီလို တူညီတဲ့ကိစ္စမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဲဒီလူတွေနဲ့ ဆွေးနွေးမယ်ဆိုတဲ့သဘောလား။ သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီးတော့ - ငါတို့ဖွင့်ထားတဲ့ ရွေးကောက်ပွဲအတိုင်းဝင်ပြီးတော့ ပုံမှန်အတိုင်း ၀င်လုပ်သွားကြလို့ သာမန်ပြောရုံလောက်ပဲလား။

ဦးသုဝေ ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုတာမျိုးတော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြောသွားတဲ့ထဲမှာ ပါတာက လွှတ်တော်အတွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီများရော၊ လွှတ်တော် (ပြင်)ပမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေရော- အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားတဲ့အတွက်ကြောင့် ဒါဟာ ကျနော်ထင်တယ်။ သူပေးတဲ့လမ်းတခုထဲမဟုတ်ဘူး။ လမ်းအမျိုးမျိုးကို ဖွင့်ထားတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲလိုဆိုတော့ ဘယ်လိုများ အကောင်အထည် ဖော်နိုင်စရာအကြောင်းရှိပါသလဲ။ သူက ခေါ်ယူပြီးတော့ ဆွေးနွေးမယ် ထင်ပါသလား။ အဲဒီတော့ သဘောထား အမြင်မတူတဲ့လူတွေ၊ လွှတ်တော် ပြင်ပကလူတွေကိုရော လာကြဆိုပြီး ခေါ်ယူဆွေးနွေးလိမ့်မယ်လို့ ထင်ပါသလား။

ဦးသုဝေ ။ ။ သူ့မိန့်ခွန်းအရကတော့ သူပြောပုံကတော့ တော်တော်လေး သိမ်မွေ့ပါတယ်။ ဒါပေမဲ့ ဘာကိုသူက ရည်ရွယ်ထားသလဲဆိုတော့ ဒီလို တံခါးဖွင့်ထားတဲ့ဟာက ဘာခေါ်မလဲ - သူတို့ဖွင့်ထားတဲ့တံခါးက ရွေးကောက်ပွဲမှာဝင်ပြိုင်၊ အနိုင်ရအောင်လုပ်၊ အဲဒီသဘောမျိုးဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ကြေညာချက်ထုတ်ပြီးတော့ ၁၀ ပါတီလည်း ထုတ်လိုက်တယ်။ အဲဒါကတော့ လက်တွေ့လုပ်ဖို့ တိုက်တွန်းတာပေါ့နော်။ အထူးသဖြင့် အစိုးရက ဦးဆောင်ပြီးတော့ လက်တွေ့ကျင့်သုံးပါ။ မြန်မြန်လုပ်ပါ။ အဲသလို ကျနော်တို့က သူ့ကို တိုက်တွန်းတာပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြဖို့ဆိုတာကို အပထားပြီး အဲဒီကိစ္စအပြင် တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့ မြန်မြန်လုပ်ပါ၊ လက်တွေ့လုပ်ပါလို့ တိုက်တွန်းတာပေါ့။

ဦးသုဝေ ။ ။ မှန်ပါတယ်။ အဲလိုပဲလုပ်ပါလို့ ကျနော်တို့က တိုက်တွန်းတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အခုလိုဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစပြုပြီလို့တော့ ဆိုတယ်။ ဒါပေမဲ့ ကူးပြောင်းရေးပေါ်မှာ သံသယရှိနေသေးတဲ့ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစိုးရများကို သံသယပျောက်အောင် အစိုးရက အရင်အားထုတ်ပြီးတော့ အရင်ကြိုးပမ်းပြီးပြသပါလို့ ကျနော်တို့က တိုက်တွန်းတာပေါ့နော်။

ဦးကျော်ဇံသာ ။ ။ သူ တကယ်လုပ်ဖြစ်လာမယ်လို့ ထင်ပါသလား။ ဦးသုဝေတို့ (၁၀) ပါတီက တိုက်တွန်းလို့၊ သို့တည်းမဟုတ် တခြားနိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ကော ဒီဟာဖြစ်နိုင်ရင်တော့ သိပ်ကောင်းမှာပေါ့။ အဲဒါကြောင့်လည်း လူတိုင်းကလည်း ဒါကို မျှော်လင့်ကြမှာပေါ့။

ဦးသုဝေ ။ ။ ဟုတ်တယ်၊ သူ့မိန့်ခွန်းအရ ကြည့်လို့ရှိရင်တော့ သူလည်းပဲ လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ တွက်တာပေါ့နော်။ ဒီလိုတွက်တာကလည်း ဘာဖြစ်လို့ အတတ်မပြောနိုင်လဲဆိုရင်တော့ ပြီးခဲ့တဲ့ အစိုးရတုန်းကလည်းပဲ ကြွေးကြော်သံတွေ တော်တော်ကောင်းတာပဲ။ ကြွေးကြော်တဲ့အတိုင်း လက်တွေ့လုပ်မသွားဘူးပေါ့နော်။ အခုတော့ ကြွေးကြော်သံလောက်တောင် မဟုတ်ဘူး။ သူက ကျန်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပြောတယ်။ နောက်ပြီးတော့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကိုလည်း သူတို့ရဲ့ အစိုးရလုပ်ငန်းစဉ်တွေကို ချပြတဲ့နေရာမှာ ဒါ ပြည်သူတွေရဲ့အကျိုး၊ ပြည်သူ့အတွက်လုပ်မယ်။ တိုင်းပြည်မှာက လာဘ်ပေးလာဘ်ယူဆိုတာက တခါတည်း ပြည်သူလူထုကြီးကို ၀န်ပိနေတယ်။ အဲဒါတွေကို ပပျောက်အောင်လုပ်မယ်လို့ သူက ဒီလို ပြောသွားတဲ့အခါကျတော့ သူ့ဘက်ကလည်းပဲ လုပ်ချင်တဲ့ ဆန္ဒတွေရှိနေမယ်လို့ ကျနော်တို့တွက်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့တွေကလည်း ၀ိုင်းပြီးတော့ သူ့ကို အထပ်ထပ် အခါခါပြောနေရမယ်၊ ဒါမှလည်းပဲ သူ လုပ်လိမ့်မယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မိန့်ခွန်းကို ကျနော်တို့က ထောက်ထောက်ပြရမယ်။ ခင်ဗျား ဒီလိုပြောသွားတယ်မို့လား၊ အဲဒါတွေကို လက်တွေ့လုပ်ပါ။ လုပ်ပါ ဆိုတာကို အမြဲပြောနေရင်တော့ ဒါ မြန်မြန်ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါ Humanitarian Themes တွေပေါ့နော်။ HIV/AIDS ရောဂါသည်ကူညီတဲ့ကိစ္စ၊ စာသင်ကျောင်းဖွင့်တာ၊ သောက်ရေရှားပါးတဲ့နေရာတွေမှာ ရေတူးပေးတာ စတာတွေကို သူတို့လုပ်ပါတယ်။ ဒီကိစ္စမှာတော့ အစိုးရကလည်းပဲ ဒီလုပ်ငန်းကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားရှိတဲ့ လုပ်ငန်းဆိုပြီးတော့ ယူဆမယ်လို့ ထင်ပါတယ်။ အဲဒီလုပ်ငန်းတွေမှာရော သူတို့နဲ့ ပူးပေါင်းဖြစ်လာလိမ့်မယ်လို့ တွက်လို့ရပါသလားခင်ဗျ။

ဦးသုဝေ ။ ။ သူ့မိန့်ခွန်းထဲမှာလည်းပဲ NGO တွေနဲ့လည်း ပူးပေါင်းပြီးလုပ်မယ်လို့ ပါတယ်ဆိုတော့ အဲဒီလိုကိစ္စမျိုးတွေလည်း ပါပါလိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို လုပ်ငန်းမျိုးတွေမှာ ပူးပေါင်းမှုတွေဟာ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးအထိ ဦးတည်နိုင်တဲ့ အခြေအနေရှိပါသလားခင်ဗျာ။

ဦးသုဝေ ။ ။ ဒါကတော့ တပိုင်းပေါ့နော်။ နည်းနည်း ရင်းနှီးမှုရမှာပေါ့။ နိုင်ငံရေးသင့်မြတ်မှုကတော့ နိုင်ငံရေးသပ်သပ်ပဲ ကျနော်တို့ကတော့ လုပ်ရင်ပိုကောင်းမယ်ထင်တာပဲ။ အခုဆိုရင် ကျနော်တို့က လက်တွေ့စပြီးတော့ အကောင်အထည်ဖော်ပေးပါ၊ ဘာအကောင်အထည် ဖော်ပေးရမလဲဆိုရင် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ပေါ့နော်။ ပြည်ပရောက်တဲ့ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့။ ဒါမျိုးတွေ စလုပ်ပါ။ နောက်ပြီး ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ပြေငြိမ်းအောင်လုပ်ပါ။ အဲဒါတွေဆိုရင်တော့ဖြင့် တိုင်းပြည်က ပြည်သူလူထုက သူတို့ကိုယုံမယ်။ နို့မို့လို့ရှိရင်တော့ ယုံဖို့ခက်တယ်လို့ ဒီလိုပဲ သူတို့ကို ပြောပြတာပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ဦးသုဝေတို့ရဲ့ ကြေညာချက်ကို သူတို့ဆီကိုရော ဦးတည်ပေးပို့တာ ရှိပါသလားခင်ဗျာ၊

ဦးသုဝေ ။ ။ တိုက်ရိုက်ကြီးတော့ မပေးဘူးပေါ့ဗျာ။ ကျနော်တို့ ကြေညာချက်ထုတ်တယ်ဆိုရင် ထောက်လှမ်းရေးတွေက လာယူသွားတာပဲ။ ဆိုတော့ ရောက်တော့ ရောက်သွားတာပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ စာနယ်ဇင်းတွေကိုလည်း ရောက်သွားမှာပေါ့ခင်ဗျာ။

ဦးသုဝေ ။ ။ ဟုတ်ကဲ့။ စာနယ်ဇင်းတွေကိုလည်း ဖြန့်ဝေလိုက်တာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီလုပ်ငန်းတွေကိုကော လုပ်လာလိမ့်မယ်လို့ လူတိုင်းက မျှော်လင့်နေကြပါတယ်။ နောက် ပြည်ထဲရေးဝန်ကြီးကဖြေတာ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတာ နောင်တက်လာမယ့် အစိုးရလုပ်ရမယ့်ကိစ္စ။ အခု အစိုးရတက်လာပြီပေါ့ခင်ဗျာ။ အဲဒီဟာရော ဘယ်လောက်မျှော်လင့်နိုင်ပါသလဲ။

ဦးသုဝေ ။ ။ အခုဟာက အစိုးရဖွဲ့လိုက်တာ သုံးလေးရက် ရှိသွားပြီပေါ့နော်။ အဲဒီ သုံးလေးရက်အတွင်းမှာ နည်းနည်းပါးပါး ထူးခြားတာလေးတွေတော့ ရှိတယ်ဗျ။ ရန်ကုန်မှာလည်း အပြောင်းအလဲလေးတွေ ရှိတယ်။ ဒါ အစလေးပဲလို့ ကျနော်တို့က ယူဆတာပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ရန်ကုန်အပြောင်းအလဲ နည်းနည်းလေး ပြောပါအုံး။

ဦးသုဝေ ။ ။ အကန့်အသတ်လေးတွေ မရှိတော့တာပေါ့ဗျာ။ နောက်ပြီးတော့ ဟိုတုန်းက မဟုတ်တာလေးတွေ လုပ်တာတွေကို လူတွေက တိုင်လိုက်တာတို့၊ အခု အရေးယူဖို့ ကြားတာပေါ့။ စစ်အစိုးရ အပြောင်းအလဲလေး မလုပ်ခင်မှာ သူတို့လည်း အခွင့်အရေးရအောင် ရသလောက်ယူမယ်ဆိုပြီးတော့ လုပ်သွားတာတွေရှိတယ်။ အဲဒါတွေကို လူတွေက အခုတော့ လူတွေက တိုင်ကြတယ်။ တိုင်တော့ ဒါတွေကို အရေးယူဖို့ဆိုပြီး လိုက်လုပ်နေကြတာတွေ့တယ်ပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးသုဝေတို့ နိုင်ငံရေး (၁၀) ပါတီထုတ်ပြန်တဲ့ကြေညာချက်တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ရော အပြန်အလှန်ညှိနှိုင်းမှုတွေ ရှိပါသလား။

ဦးသုဝေ ။ ။ အဲဒါတော့ မရှိဘူး။ ကြေညာချက်ကိုတော့ ထုတ်ပေးလိုက်တာတော့ ရှိတာပေါ့နော်။ ဖြန့်ပေးလိုက်တာတော့ရှိတယ်။ ဆွေးနွေးမှုတွေတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးပြေလည်ဖို့အတွက် အစိုးရဘက်ကတော့ ပြတ်ပြတ်သားသားဖြစ်နေပေမဲ့ အတိုက်အခံဘက်မှာ တစုတစည်းတည်း မရှိဘူးဆိုတဲ့ သဘောမျိုးဖြစ်မနေဘူးလား။

ဦးသုဝေ ။ ။ ဟုတ်တယ်။ ကျနော်တို့က အားလုံးဆွေးနွေးနိုင်တဲ့ အခြေအနေ မရောက်နိုင်သေးဘူးခင်ဗျ။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ မရောက်နိုင်ကြတာလဲလို့ မေးချင်ပါတယ်ခင်ဗျ။

ဦးသုဝေ ။ ။ မရောက်နိုင်သေးဘူး ဆိုတာက ကျနော်တို့ကလည်း ဥပမာအားဖြင့်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပါတော့ ရွေးကောက်ပွဲ စကတည်းက ကျနော်တို့က ရွေးကောက်ပွဲဝင်တယ်၊ သူတို့က မ၀င်ဘူး။ ဒီလိုလှုပ်ရှားမှုလေးတွေမှာပေါ့။ အခုဆိုရင်လည်း သူတို့ရဲ့အဖွဲ့ချုပ် ရပ်တည်နိုင်ရေးတောင်မှ ရပ်တည်နိုင်မလား၊ မရပ်တည်နိုင်ဘူးလား ပြတ်ပြတ်သားသား မရှိသေးဘူးလေ။ ပြတ်ပြတ်သားသား မရှိသေးတဲ့အခါကျတော့ ဆွေးနွေးရတာ ခက်တာပေါ။ ဘာလို့လဲဆို နိုင်ငံရေးအရ ဆွေးနွေးတာလည်း မရှိသေးဘူးပေါ့နော်။ အဲဒါက မပြတ်သားသေးလို့။ ပြတ်သားပြီးသွားလို့ရှိရင်တော့လည်း ကျနော်တို့က ဆွေးနွေးချင်တာပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦးသုဝေတို့ဘက် မဆွေးနွေးတာပေါ့။ ဟိုဘက်က နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခြင်း ပြတ်ပြတ်သားသား မရှိသေးလို့။

ဦးသုဝေ ။ ။ မဟုတ်ဘူး။ အဲဒီလို လွယ်လွယ်သဘောပြောတာ မဟုတ်ဘူး။ ဒါက သူတို့ကိုယ်တိုင်ကလည်း မဆွေးနွေးသေးဘူး။ ကျနော်တို့ (၁၀) ပါတီမှာတောင်မှ တလောက ဆွေးနွေးတာပေါ့နော်။ ဆွေးနွေးတယ်ဆိုတာက NLD ပါတီနဲ့ သို့မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါ့နော်။ ကျနော်တို့ အထွေထွေ ဆွေးနွေးကြရအောင်ဆိုပြီးတော့ တိုင်ပင်ကြသေးတယ်ပေါ့နော်။ အဲဒါကို NLD ဘက်က၊ ဒေါ်စုတို့ဘက်က ပြန်ပြီးဆွေးနွေးမလား၊ မဆွေးနွေးဘူးလား ဆိုတာလည်း မပြောတတ်သေးဘူးပေါ့။ အဲဒါကြောင့် မတွေ့ဖြစ်သေးတာပါ။ တွေ့ဖို့တော့ ရည်ရွယ်ပြီးသားပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ဦးသုဝေတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခါမှ မတွေ့သေးဘူးလားခင်ဗျာ။

ဦးသုဝေ ။ ။ သူထွက်လာတုန်းက ကျနော်တို့ တခါတွေ့တယ်လေ။ အဲဒီနောက် သံရုံးတွေမှာ နှစ်ခါဆုံပြီးတော့ စကားတွေဘာတွေတော့ ပြောရပါတယ်။ သီးခြားတွေ့တာတော့ မရှိသေးဘူးပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော်နောက်ဆုံးမေးချင်တာက အဲဒါပါပဲ။ အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် အစိုးရကတော့ သူတို့က ပြတ်ပြတ်သားသားရှိနေမယ်။ ဒီဘက်မှာတော့ အတိုက်အခံတွေ၊ နိုင်ငံရေးပါတီတွေဘက်မှာ တွေ့ဆုံဆွေးနွေးပြီးတော့ အချင်းချင်း ညှိနှိုင်းမှုမရှိကြသေးဘူးဆိုတဲ့ သဘောပေါ့။

ဦးသုဝေ ။ ။ ဟုတ်တယ်။ အခုဟာကတော့ ကျနော်တို့က တသံတည်းမရှိသေးဘူး။ ဆွေးနွေးမှုကလည်း အဲဒီလို သေသေချာချာ မရှိသေးဘူး၊ တသံတည်း မရှိသေးဘူး။ တသံတည်းလည်း မဖြစ်သေးဘူး၊ အမှန်ကတော့ အဲဒါတွေက အများကြီးလိုအပ်တာပေါ့။ တသံတည်းဖြစ်သင့်တယ်၊ အတူတကွ ဆွေးနွေးသင့်တယ်ပေါ့နော်။

ဦးကျော်ဇံသာ ။ ။ ဘယ်တော့လောက်ဖြစ်လာနိုင်မယ် မျှော်လင့်ပါသလဲခင်ဗျ။

ဦးသုဝေ ။ ။ အဲဒါကတော့ ကြိုးစားရမှာပေါ့။ ဒါက အရေးလည်းကြီးပါတယ်လေ။

XS
SM
MD
LG