ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူလုပ်ကိုင်နေမှု ဆက်လက်ထားရှိသင့်၊ မသင့်ဆိုင်ရာကို လန်ဒန်အခြေစိုက် Burma Campaign UK ဒါရိုက်တာ Mark Farmaner နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဂျာမဏီ၊ အီတလီ တို့က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ဒဏ်ခတ် အရေးယူမှုကို ရုပ်သိမ်းဖို့ ပြောတယ်ဆိုတော့ သူတို့ရဲ့  ဆင်ခြေက ဘာလဲ။ ဘာကြောင့် ရုပ်သိမ်းသင့်တယ်လို့ ဆိုကြပါသလဲ။ အဲဒါကို ပထမဦးဆုံး ရှင်းပြပါ။
Mark Farmaner ။ ။ ပြောရရင်တော့ သူတို့က အဓိကရည်ရွယ်ချက်က စီးပွားရေးပဲဖြစ်မယ်လို့ ထင်ပါတယ်။ အခုကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ဂျာမန်ကုမ္မဏီတွေ အများကြီးရှိနေပြီ။ သူတို့ အဲဒါကို ချဲ့ ထွင် ချင် ကြတယ်။ ဂျာမဏီဟာ အာရှတလွှားမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံပါ။ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံမှုတွေ ချဲ့ ချင်ကြပါတယ်။ ပြဿနာက သူတို့ရင်းနှီးမြုပ်နှံမှုတွေဟာ သဘာဝဓါတ်ငွေ့လုပ်ငန်းအတွက် တာဘိုင် ရောင်းတဲ့လုပ်ငန်းမျိုးပါ။ ဒါဟာ မြန်မာလူမျိုးကို အလုပ်အကိုင် ရရှိစေမယ့် လုပ်ငန်းမျိုးလည်း မဟုတ်ပါဘူး။ ဂျာမန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စစ်အာဏာရှင်တွေ အတွက်သာ အကျိုးရှိစေမှာပါ။ လူထုအတွက် အကျိုးမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါပြီ။ ဂျာမဏီ၊ အီတလီ တို့က သူတို့ရဲ့  စီးပွားရေး အမြတ်အစွန်းအတွက်၊ ရင်းနှီး မြုပ်နှံဖို့ လိုချင်တယ်။ ဒါကြောင့် sanction ကို ရုတ်သိမ်းစေချင်တယ်ဆိုပါစို့။ ဒါပေမဲ့ EU (European Union) ရဲ့  နိုင်ငံခြားဆက်ဆံရေး အကြီးအကဲဖြစ်တဲ့ Baroness Catherine Ashton က ရုပ်သိမ်းစေချင် တယ်လို့ ပြောနေပါတယ်။ ဒါက ဘာကြောင့်လဲ။ တကယ်တော့ Baroness Ashton က အီတလီလူမျိုး၊ ဂျာမန်လူမျိုး မဟုတ်ပါဘူး။ သူက အင်္ဂလိပ်လူမျိုးပါ။
Mark Farmaner ။ ။ Baroness Ashton က ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ မူဝါဒဟောင်းကို လိုက်နေတာပါ။ ကျနော်တို့ ဥရောပမှာ ပြဿနာတခု ရှိနေပါတယ်။ ဥရောပသမဂ္ဂမှာ မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ အကြံပေးဖို့ အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးချုပ်ရုံး လိုဟာမျိုး တခုရှိပါတယ်။ ဒါပေမဲ့ ဒီ အရာရှိတွေပေါ်မှာ ရွေးကောက်ခံပုဂ္ဂိုလ်တွေ လုံးဝထိန်းချုပ်မှု မရှိပါဘူး။ Brussels မှာရှိတဲ့ ဒီရုံးချုပ်မှာ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ကိုင်နေကြပါတယ်။ ဒါကြောင့် ဒီအရာရှိ တချို့ ဟာ EU ရဲ့  တရားဝင်မူဝါဒ မဟုတ်တာတွေကိုလည်း လုပ်ဆောင်တာတွေ ရှိပါတယ်။ ဒါကြောင့် တရားဝင်မူဝါဒက တင်းကျပ်ပေးမယ့် ဒီအရာရှိတွေက လျှော့ပေါ့လုပ်ကြတာတွေလည်း ရှိပါတယ်။ ဒါမျိုးကို ကျနော်တို့ ဝေဖန်နေခဲ့တာ ကြာပါပြီ။ ဒါဟာ EU အတွင်း ဒီမိုကရေစီ မဆန်တဲ့လုပ်ရပ်ပါ။ ဒီမိုကရေစီ နိုင်ငံ တွေမှာ အရာရှိတွေဟာ ရွေးကောက်ခံဝန်ကြီးတွေရဲ့  လက်အောက်မှာပဲ ရှိရမှာပါ။ ရွေးကောက်ခံ လူကြီးကလည်း လူထုစကားကို နားထောင်ရပါလိမ့်မယ်။ EU အဖွဲ့မှာ ဝန်ကြီးနဲ့ အဆင့်တူသူတွေလည်း ဒီမိုကရေစီစနစ်အရ လူထုကနေ ရွေးကောက်ထားသူတွေ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းက အတိုက်အခံအချို့ အပါအဝင် လူတချို့ ကလည်း sanction ကို မလိုလားကြဘူး။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ၊ ဆိုကြပါစို့ အစိုးရသစ်ကို ဆွဲဆောင်တဲ့အနေနဲ့ ဒီ sanction တချို့ ကို ပိတ်ပင်ရုတ်သိမ်းပေးသင့်တယ်၊ ပြည်တွင်းတင်းကြပ်မှုတွေကို လျှော့ပေါ့ပေးလာမယ်ဆိုရင် ဆက်လက် ရုပ်သိမ်းသွားမယ်ဆိုတဲ့ သဘောမျိုးနဲ့ ရုပ်သိမ်းပြသင့်တယ်ဆိုတဲ့ အချက်အလက်တွေလို့ ပြောဆို နေကြပါတယ်။
Mark Farmaner ။ ။ ဒီချည်းကပ်မှုမျိုးက အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု တွေကြောင့် မြန်မာနိုင်ငံမှာ ပြဿနာတွေဖြစ်နေရတယ်ဆိုတာ မှားပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာ စစ်အာဏာရှင်စနစ်ဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေလို့ ရှိလာရတာပါ။ ပိတ်ဆို့အရေးယူမှု အကောင်းအထည်ပေါ်လာရတာ အာဏာရှင်တွေရဲ့  အပြုအမှုကြောင့်ပါ။ ဒီလူတွေဟာ အရေးယူပိတ်ဆို့မှု ဖြစ်လာရတဲ့အကြောင်းရင်းကို မေ့နေကြတာပါ။ ပြစ်မှုကျူးလွန်နေသူတွေကို ဆုချီးမြှင့်ပေးစရာ အကြောင်းမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆုမချီးမြှင့်ဘဲ ပြစ်ဒဏ်ခတ်လို့ အောင်မြင်လာစရာ အကြောင်းရှိပါသလား။ အောင်မြင်ခဲ့တဲ့ နမူနာ ရှိပါသလား ပြောပြပါ။
Mark Farmaner ။ ။ ဟုတ်ကဲ့ စစ်မှန်တဲ့ ဖိအားပေးမှုကို အာဏာရှင်တွေ တကယ်စိုးရိမ်လာတဲ့အခါမှာတော့ အောင်မြင်မှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ဥပမာ ၁၉၉၆ ခုနှစ်တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးကြမယ်လုပ်တော့ ကိုမင်းကိုနိုင် နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ပြန်လွှတ် ပေးခဲ့ပါတယ်။ လုံခြုံရေးကောင်စီက အရေးယူမှာ စိုးလို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်တင် သင်္ဘောကြီးဘေးနား ရောက်လာပြီး နိုင်ငံတကာရဲ့  ပြင်းထန်တဲ့ ဖိအားတွေ ရှိလာလို့ နာဂစ်ဒုက္ခသည်တွေအတွက် အကူအညီတွေ လက်ခံခဲ့တာလည်း ရှိပါတယ်။ ပြီးတော့ အခု ရွေးကောက်ပွဲ အပါအဝင် လမ်းပြမြေပုံဆိုတာလည်း ၂၀၀၃ ခုနှစ် ဒီပဲယင်း နှိပ်ကွပ်မှုတွေ ဖြစ်လာခဲ့ပြီး နိုင်ငံတကာက ဖိအားပြင်းထန်လာတဲ့အခါမှ ပေါ်ထွက်လာတယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် ဖိအားပြင်းမှ ထိရောက်တယ်ဆိုတာ တွေ့ရပါတယ်။ ကုလသမဂ္ဂ က နှစ်ပေါင်း (၂၀) ကျော် ပျော့ပျော့ပျောင်းပျောင်း နေခဲ့လို့ ဘာမှ ဖြစ်မလာခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မေးစရာက ဒီလို ဖိအားပေးတာကို ကြောက်လို့ လမ်းပြ မြေပုံတို့ ပေါ်လာတယ်။ ရွေးကောက်ပွဲတွေ လုပ်ပေးလာတယ်။ နိုင်ငံရေးအကျဉ်းတွေ လွှတ်ပေးလာတယ် ဆိုရင် ဒီလို လွှတ်ပေးလာခဲ့တာတွေ၊ လိုက်လျောလာတွေ လုပ်တဲ့အတွက် ဖိအားအရေးယူတဲ့ဘက်က ထိုက်တန်တဲ့ လိုက်လျောမှုတွေ၊ သက်ညှာမှုတွေ မပြသင့်ဘူးလား။ အဲဒါ ပြလိုက်ရင် ပိုပြီး အဆင်ပြေလာစရာ အကြောင်းမရှိဘူးလား။
Mark Farmaner ။ ။ ဒါပေမဲ့ တကယ်က တကယ်တမ်း စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ လိုအပ်ပါတယ်။ အန်အယ်လ်ဒီ က sanction နဲ့ ပတ်သက်လို့ ဒီနှစ် အစောပိုင်းကတည်းက ပြောထားတာကလည်း ဒီအချက်ပဲဖြစ်မယ် ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတေးလျ၊ တခြား မြန်မာနိုင်ငံအပေါ် အရေးယူထားတဲ့နိုင်ငံတွေအနေနဲ့ အရေးယူမှု ရုပ်သိမ်းရေးအတွက် benchmark လို့ခေါ်တဲ့ တိုးတက်မှုသတ်မှတ်ချက်တွေ ထားပေးသင့်တယ်လို့ အန်အယ်လ်ဒီ က ပြောထားပါတယ်။ ဘယ်လို တိုးတက်ပြောင်းလဲမှုကို တွေ့ရမှ၊ ဘယ်အချက်ကို ရုပ်သိမ်းမယ်ဆိုတဲ့ သဘောပါ။ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတဲ့ စတဲ့အချက်တွေမျိုးပါ။ ဒါဟာ အန်အယ်လ်ဒီ ပြောထားတဲ့ benchmark တွေပါ။ ဒါကြောင့် စစ်အစိုးရအတွက်လည်း sanction တွေ ရုပ်သိမ်းစေချင်ရင် သူတို့ဘာ လုပ်ရမယ် ဆိုတာက ရှင်းနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော်မေးချင်တဲ့အချက်တချက်ကတော့ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေရဲ့  ဖိအားပေးမှုမပါဘဲ။ အနောက်နိုင်ငံတွေရဲ့  ဖိအားပေးမှု၊ ပိတ်ဆို့အရေးယူသက်သက်နဲ့ ခင်ဗျားတို့ရဲ့  ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်ပါမလဲ။ မြန်မာနိုင်ငံအစိုးရက လိုက်လျောပေးလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မကြာခင်ဖြစ်လာလိမ့်မယ်လို့ အထူးသဖြင့် ထားနိုင်ပါသလား။
Mark Farmaner ။ ။ ဒီ ဖိအားတခုတည်းကြောင့် အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ တခါမှ မယူဆခဲ့ဘူး ဆိုတာကို မမေ့ပါနဲ့။ ဒါတွေက အာဏာရှင်တွေ ဒေါ်အောင်ဆန်းစုကြည်တို့ အတိုက်အခံတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖြစ်လာအောင် နိုင်ငံတကာက သုံးနိုင်တဲ့ နည်းလမ်းတွေအနက် တခုမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကျနော်တို့ဟာ လိုအပ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုအပ်တဲ့ နည်းလမ်းအတိုင်း တခါမှ မချမှတ်နိုင်ကြသေးပါဘူး။ တကယ်လို့ အာရှနိုင်ငံတွေပါ ပါဝင်လာကြမယ် ဆိုရင်တော့ အများကြီး ထိရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အကြီးမားဆုံး နိုင်ငံဖြစ်တယ်။ ဥရောပသမဂ္ဂလည်း စီးပွားရေးအင်အား ကြီးမားတယ်။ ဘဏ်တိုက်တွေ၊ ငွေကြေးဗဟို အချက်အခြာတွေကို ပိုင်ဆိုင်တယ်ဆိုတော့ အာရှမပါဘဲနဲ့လည်း ထိရောက်တဲ့ ဖိအားပေး နိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အာဏာရှင်တွေ ဆွေးနွေးပွဲစားပွဲ ရောက်လာအောင် ဖိအားပေးနိုင် ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို ပိတ်ဆို့အရေးယူတဲ့နည်းနဲ့ ဖိအားပေးတဲ့အခါမှာ အာရှနိုင်ငံတွေ ပါဝင်လာလိမ့်မယ်လို့ မယုံကြည်ဘူးပေါ့။
Mark Farmaner ။ ။ အာရှနိုင်ငံတခုခုက ဒီလို ပိတ်ဆို့အရေးယူမှုကို လက်ခံလာဖို့တော့ လောလောဆယ်မှာ ကျနော်တို့ မမျှော်လင့်နိုင်ပါဘူး။ ကျနော် ပြောချင်တာကတော့ sanction ဆိုတာ တတောင့်တည်းနဲ့ တိုက်ပွဲ ပြီးနိုင်တဲ့ ကျည်းဆံမဟုတ်ပါဘူး။ အသုံးချနိုင်တဲ့အရာတွေထဲက တခုမျှသာ ဖြစ်ပါတယ်။ သုံးနိုင်သမျှ နည်းလမ်းတွေကို ကျနော်တို့ သုံးကြရမှာပါ။ မြန်မာပြည် ပြဿနာဟာ အကြီးကြီးပါ။ အာဏာရှင်တွေကို စစ်မှန်တဲ့ ဆွေးနွေးပွဲ အရောက်ခေါ်ဆောင်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးချရပါလိမ့်မယ်။ ဒါကြောင့် အာရှ နိုင်ငံတွေလည်း ဖိအားပေးမယ့် ကိစ္စမှာ ပါဝင်လာရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူတို့မပါလာရင်လည်း အခု အနောက်နိုင်ငံတွေရဲ့  sanction က ထိရောက်သင့်သလောက် ထိရောက်ပါတယ်။ ကျနော်တို့အနေနဲ့ လုပ်နိုင်တာတွေ အားလုံးကို လုပ်ရပါမယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံအပေါ် ဒီလို ဒဏ်ခတ်အရေးယူတာတွေကို မြန်မာအာဏာပိုင် တွေက အမြတ်ထုတ် အသုံးချနေတယ်ဆိုတဲ့ကိစ္စပါ။ တိုင်းပြည်ရဲ့  ပြဿနာတွေ၊ အထူးသဖြင့် စီးပွားရေး ပြဿနာတွေအတွက် ဆင်ခြေပေးတဲ့နေရာမှာ ဒါဟာ sanction ကြောင့် ဖြစ်ရတယ်လို့ သူတို့ ဆိုကြပါတယ်။ သူတို့ရဲ့  စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ မူဝါဒမှားယွင်းတာတွေကို ဒီလိုပဲ ဆင်ခြေပေးပြီး လွှဲဖယ်နေတာကို တွေ့နေရပါတယ်။ ဆိုတော့ ဒီ sanction က တနည်းအားဖြင့်ပြောရင် counter-productive ဖြစ်နေတာ ပေါ့။ ကိုယ်တို့ လိုချင်တဲ့ရည်မှန်းချက်ကို မရောက်ဘဲနဲ့ သူတို့အတွက် အသုံးချစရာတခု ဖြစ်မနေဘူးလား။
Mark Farmaner ။ ။ ဒါက သိပ်ရှင်းပါတယ်။ မြန်မာအာဏာရှင်တွေက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကြောင့် လူထုနစ်နာရပါတယ်ဆိုပြီး အောင်အောင်မြင်မြင် ဝါဒဖြန့်နေပါတယ်။ နိုင်ငံရေးသမားတွေ၊ ပါတီတွေဆီက ကျနော်တို့လည်း အမြဲကြားနေရပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလို လူထုနစ်နာရတယ်ဆိုတာကို ခိုင်မာတဲ့ အထောက်အထားတော့ မပြနိုင်ကြသေးပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အခုလုပ်နေတဲ့ ဒဏ်ခတ် အရေးယူမှု အားလုံးဟာ သိပ်ကို အားပျော့နေလို့ပါ။ ကျနော်တို့ ဖြစ်စေချင်သလောက် ပြင်းထန်တဲ့ဖိအား ဘယ်တုန်းကမှ ဖြစ်မလာခဲ့ပါဘူး။ ကျနော်တို့က လူထုရဲ့  ငွေကို ခိုးယူနေတဲ့ ဗိုလ်ချုပ်တွေကို တကယ်ထိမယ့် ပြစ်မှတ်ထား ဒဏ်ခတ်မှု (targeted sanction) လိုအပ်ပါတယ်။ လူထုကိုသာ နစ်နာစေတယ်ဆိုရင်တော့ အထောက်အထားနဲ့ပြောပါ။ သေချာတာတခုကတော့ စင်္ကာပူမှာ ဘဏ်စာရင်းဖွင့်ထားတာ၊ ဒေါ်လာသန်းပေါင်း (၅၀၀၀) ကျော် ရှိပါတယ်။ ဒီငွေပမာဏဟာ မြန်မာပြည်သူတွေအားလုံးအတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ ပမာဏပါ။ ဒါပေမဲ့ အာဏာပိုင်တွေက အဲဒီလို မသုံးပါဘူး။ စင်္ကာပူဘဏ်မှာ ဒီငွေတွေ သောင်တင်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ လူထုကို ထိခိုက်စေတဲ့ အထောက်အထားပြပါဆိုတော့ အထည်ချုပ်စက်ရုံတွေကို ပိတ်လိုက် ရလို့ အလုပ်သမားတွေ အလုပ်ပြုတ်တယ်။ အလုပ်သမားတွေ ဘဝပျက်ရတယ်ဆိုတာ မကြာခဏ ကြားနေ ရတဲ့ အထောက်အထားတွေပါ။
Mark Farmaner ။ ။ ဒါကို ကျနော် အကြိမ်ပေါင်းများစွာ ကြားခဲ့ဘူးပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ရန်ကုန်မှာ အထည်စက်ရုံတွေ ပိတ်ပစ်ရလို့ လူတွေ အလုပ်ပြုတ်ကြတယ်ဆိုတာ တချို့ ကလည်း generalized system of preference အတိုကောက် GSP လို့ ခေါ်တဲ့ မြန်မာပို့ကုန်တွေအပေါ် အခွန် လျှော့ကောက်တဲ့စနစ်ကို ရုတ်သိမ်းလို့ နစ်နာကြရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ မမှန်ပါဘူး။ ၂၀၀၁ မှာ အသစ်ပြဋ္ဌာန်းချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေလည်း မရှိခဲ့ပါဘူး။ GSP ကို ရုပ်သိမ်းခဲ့ရတာ လည်း ၂၀၀၁ မတိုင်ခင် လေးနှစ်အလိုကတည်းကပါ။ ရုတ်သိမ်းခဲ့ရတာကလည်း အာဏာရှင်တွေက လူတွေကို အခကြေးငွေမပေးဘဲ အတင်းအဓမ္မ စေခိုင်းလို့ ဖြစ်ပါတယ်။ ပြီးတော့ လူတွေပြုတ်ကျတာလည်း ၂၀၀၁-၂၀၀၂ တုန်းက မြန်မာနိုင်ငံမှာလည်း ဘဏ်လုပ်ငန်းတွေကြောင့်ပါ။ ၂၀၀၄ မှာလည်း ဒီလိုတကြိမ် ထပ်ဖြစ်ပါတယ်။ ဒါဟာလည်း WTO (World Trade Organization) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က တရုတ်ပို့ကုန်တွေကို အနောက်နိုင်ငံတွေဆီ တင်ပို့ခွင့်ပြုလိုက်တော့ မြန်မာပြည်မှာလုပ်တဲ့ စက်ရုံတွေက တရုတ်ဘက်ကို ဦးတည်သွားလို့ ဖြစ်ပါတယ်။ Sanction ကြောင့် နစ်နာသွားရတယ်ဆိုသူတွေကတော့ ဒီပြဿနာတွေကို ဘယ်တော့မှ မပြောကြပါဘူး။