သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာအစိုးရရဲ့ ဒုံးလက်နက်စက်ရုံ


ဗမာအစိုးရရဲ့ ဒုံးလက်နက်စက်ရုံ
ဗမာအစိုးရရဲ့ ဒုံးလက်နက်စက်ရုံ

မြောက်ကိုရီးယား အင်ဂျင်နီယာနဲ့ ဗမာစစ်မှုထမ်းတွေ ပူးပေါင်းပြီး မြေအောက်လက်နက်စက်ရုံ တည်ဆောက်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့ ၂၀၀၄ သြဂုတ်လ (၂၇) ရက်နေ့ လျှို့ဝှက်ပေးစာကို လွန်ခဲ့တဲ့နှစ်က WikiLeaks မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကို မြန်မာ့ရေးရာသုတေသီ Bertil Lintner က ဆက်လက်စုံစမ်းတဲ့အခါမှာ မကွေးတိုင်း၊ မင်းလှမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ (၂) နဲ့ ကပစ (၁၀) ဖြစ်နေတာ တွေ့ရကြောင်း မတ်လ (၂) ရက်နေ့ထုတ် Asia Times မှာ ရေးထားပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာလည်း ဒီကိစ္စကို စိုးရိမ်စရာအဖြစ် တင်ပြကြပါတယ်။

မင်းလှမြို့နယ်၊ ကုန်းကြီးရွာအနီးက မြေဧက (၆၀၀) မှာ ကပစ (၁၀) ကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ မကြာခင်ကမှ ပြီးစီးသွားတဲ့အတွက် ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်နေတယ်လို့ ဆိုကြပါတယ်။ ပထမပိုင်းမှာ တရုတ် နဲ့ ရုရှားတွေကို ကပစ (၁၀) မှာ တွေ့နိုင်ပေမယ့် အခုတော့ မြောက်ကိုရီးယားတွေပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ မင်းလှမြို့နယ် မလွန်ကျေးရွာအနီးက မြေဧက တသိန်းမှာတော့ ကပစ (၂) ကို တည်ဆောက်ထားပြီး မော်တာကျည်ဆံနဲ့ အမြောက်ကျည်ဆံ ထုတ်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ စင်္ကာပူကလည်း သူ့လက်နက်ပစ္စည်းတွေကို ကပစ (၂) မှာ စမ်းသပ်ကြောင်း သိရပါတယ်။

ခေတ်မီလက်နက်ကိုင်တပ်မတော် တည်ဆောက်ရေးဟာ အစိုးရရဲ့ ကြွေးကြော်သံတခု ဖြစ်ပါတယ်။ သမ္မတသစ် ဦးသိန်းစိန်ကလည်း ကမ္ဘာ့အဆင်မီ တပ်မတော်ရှိဖို့ လိုအပ်ကြောင်း ပထမဦးဆုံး မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ ခေတ်မီလက်နက်ဆိုတာ နောက်ဆုံးပေါ် လက်နက်ကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။ လိုချင်သလို ပစ်ခတ်လို့ရတဲ့ ဒုံးလက်နက်စနစ် မြန်မာပြည်မှာ ထုတ်လုပ်နိုင်ဖို့အတွက် အကူအညီပေးဖို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အဖွဲ့က၂၀၀၆ ဧပြီလ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ ဒုံးလက်နက် ထုတ်လုပ်သုံးစွဲနိုင်တဲ့ အစိုးရတပ်ဟာ အမြဲတမ်းအပေါ်စီးရနေမယ်လို့ ယူဆထားပုံ ရပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး သင်တန်းသား တထောင်ကျော် နှစ်စဉ် ရုရှားကို စေလွှတ်နေကြောင်း သိရပါတယ်။

တပ်မတော်ဟာ နည်းပညာပိုင်ဆိုင်ရာမှာ ခေတ်နောက်ကျနေတာမို့ ရုရှားစစ်လက်နက် အတတ်ပညာကို ရယူနေကြောင်း ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပပြီး ပေါက်ကြားသွားခဲ့တဲ့ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းအရ သိရှိရပါတယ်။ အဲဒီ ရုရှား-မြန်မာ လျှို့ဝှက်အစည်းအဝေးကို ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ရုရှားဗိုလ်ချုပ်ကြီး စီမီနီခင် တို့က ဦးဆောင်ကြပါတယ်။ ဗမာစစ်တပ်ဟာ ရုရှား နဲ့ တရုတ် တို့ကို အဓိကအားကိုးနေတဲ့အတွက် ရုရှားနဲ့ တရုတ်မှာ သင်တန်းတက်နေတဲ့ စစ်မှုထမ်းဦးရေ များပြားလာပါတယ်။ ရုရှား၊ ယူကရိန်း၊ ဆာဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကလည်း ဗမာအစိုးရကို လက်နက်ပစ္စည်းရောင်းပေမယ့် တရုတ်က အများဆုံးဖြစ်ပါတယ်။ ဗမာအစိုးဝယ်ထားတဲ့ တရုတ်စစ်ပစ္စည်း တန်းဖိုးတွေဟာ အနည်းဆုံး ဒေါ်လာသန်းလေးထောင်လောက် ရှိနေပြီလို့ သိရပါတယ်။ ရုရှား နဲ့ တရုတ် စစ်ပစ္စည်းများကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်ပြီး ဒေါ်လာငွေအစား ကောက်ပဲသီးနံှနဲ့ ဆန်ကို လက်ခံတဲ့အတွက် မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတာလို့ ယူဆကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်းကစပြီး ဒုံးလက်နက်အသုံးပြုရေး စီမံကိန်းကို စတင်အကောင်အထည် ဖော်ကြောင်းသိရပါတယ်။ ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းနဲ့ အတတ်ပညာကို တရုတ်၊ ရုရှား နဲ့ ကိုရီးယား နှစ်နိုင်ငံက တင်သွင်းပါတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်း (military mission) အဖွဲ့ဟာ မြောက်ကိုရီးယားကို ၂၀၀၈ နိုဝင်ဘာလမှာ သွားရောက်လေ့လာခဲ့ပါတယ်။ ဥမင်လှိုဏ်ခေါင်းစနစ်နဲ့ igia ဒုံးကျည်၊ Scud ဒုံးကျည်တွေကို စိတ်ဝင်စားကြောင်း သိရပါတယ်။ ရန်သူကပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့ စစ်ဌာနအားလုံးကို ဥမင်လှိုဏ်ခေါင်းထဲထားနိုင်ဖို့အတွက် တဖြည်းဖြည်းတဆင့်ပြီးတဆင့် စီမံကိန်းချပြီး ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အဖွဲ့က တင်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အမြဲတမ်း တိုးတက်ကြီးထွားနေတာ လက်နက်ခဲယမ်း ထုတ်လုပ်မှု ဖြစ်ပါတယ်။ လက်နက်ခဲယမ်းကို ကကထုတ် လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးက ချုပ်ကိုင်ထားပါတယ်။ ကကထုတ် လက်အောက်မှာ ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာ တည်ဆောက်ထားပါတယ်။ အခုအချိန်အထိ ကပစ (၂၀) လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဧရာဝတီမြစ်ရိုး အနောက်ဘက်က ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်တဲ့၊ ထုံးဘို၊ ညောင်ခြေထောက်စတဲ့နေရာတွေမှာ ကပစ တွေ တည်ဆောက်ထားပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်း အထက် မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ စေတုတ္တရာ နဲ့ တောင်တွင်းကြီးအထိ ကပစ တွေ တိုးချဲ့ထားပါတယ်။ မြောက်ကိုရီးယား နဲ့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်မှု၊ တိုင်းရင်းသားများကို တိုက်ခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မူယစ်ဆေးဝါးထုတ်လုပ်မှုများကြောင့် မြန်မာ့အခန်းကဏ္ဍဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Robert Willard က ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ ဧပြီလ (၆) ရက်နေ့က ထွက်ဆိုပြီး ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ ဆီနိတ်အမတ် Richard Lugar က ဧပြီလ (၈) ရက်နေ့က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG