သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘောထား တင်းမာသူများ နဲ့ ပြုပြင်ပြောင်းလဲရေး


ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ သဘောထားတင်းမာသူတွေ ရှိနေတဲ့အတွက် တိုင်းပြည်အကျိုးရှိမယ့်လုပ်ရပ်တချို့ ရှေ့မတိုးနိုင်ဖြစ်နေရတယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ အခုအခါ အဲဒီလို သဘောထားတင်းမာတယ်လို့ အသိအမှတ်ပြုခံရသူတချို့ ရာထူးမှ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ အရေးပါတဲ့နေရာတွေ မပါတော့တာကို တွေ့ရပါတယ်။ ဒါဆိုရင် သဘောထားတင်းမာသူတွေဖက်က အားပျော့သွားပြီလား။ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့တိုးနိုင်တော့မလား။ စစ်ထောက်လှမ်းရေးနဲ့ သံတမန်ဟောင်း ဦးအောင်လင်းထွဋ်၊ မြန်မာအရေး လေ့လာသုံးသပ်နေသူ ဦးဌေးအောင် တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ် ဘယ်လောက်များ သိရပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ အနီးစပ်ဆုံး မှန်သလောက်ရှိပါတယ်။ ထွက်ဖို့တင်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့လို့ ထွက်ခွင့်ပေးမပေးဆိုတာကတော့ စောင့်ကြည့်ရလိမ့်မယ်လို့ ပြောလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်မေးချင်တယ်ကိစ္စတခုက ဦးအောင်သောင်း - ဒီပုဂ္ဂိုလ်ကလည်း သဘောထား တင်းမာသူလို့ ပြောကြပါတယ်။ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲဖို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ။ အထူးသဖြင့် ကချင်နဲ့ ဆွေးနွေးတဲ့နေရာမှာ ကျန်တဲ့ပုဂ္ဂိုလ်တချို့က လိုက်လျောချင်ပေမယ့် ဒီပုဂ္ဂိုလ်က မလိုက်လျောချင်ဘူးဆိုတဲ့ သဘောထားတွေ တွေ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်လည်း အခု ငြိမ်းချမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းတဲ့အဖွဲ့ထဲမှာ မပါဝင်တော့ဘူးလို့ ဆိုပါတယ်။ အဲဒီကိစ္စ…

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ ဦးအောင်သောင်းနဲ့ ပတ်သက်ပြီး ကျနော်လည်း နီးနီးစပ်စပ် သူနဲ့ ပြောခဲ့ဆိုခဲ့တဲ့ အနေအထားတွေရှိခဲ့ပါတယ်။ ပြောရရင်တော့ မကောင်းပါဘူး။ နံပတ်တစ် နိုင်ငံရေးပိုင်းမှာဆိုလည်း ကျနော်တို့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာမနာပ ပြောတဲ့လူတယောက်ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယခင် ငြိမ်းချမ်းရေးလုပ်စဉ်တုန်းကလည်း ဖျက်လိုဖျက်ဆီးလုပ်တဲ့အထဲမှာ သူအများဆုံး ပါဝင်ပါတယ်။ ဒီလိုလူတယောက် အနောက်ကိုရောက်သွားတာတော့ တိုင်းပြည်အတွက် အများကြီးကောင်းမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အနောက်ကိုရောက်သွားပြီလို့ ဦးအောင်လင်းထွဋ် ထင်မြင်သလား။

ဦးအောင်လင်းထွဋ် ။ ။ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်လည်း ပါးစပ်ကထုတ်ပြောတာရှိတယ်။ သူမပါတော့ဘူးဆိုတာ။ သူ ကျန်းမာရေးအကြောင်းပြတာ - ဒါကတော့ ထုံးစံအတိုင်း ဗမာတပ်မတော်မှာ။ ခေါင်းဆောင်မှုအပိုင်းမှာ မပါတော့ဘူးဆိုရင်တော့ ကောင်းတဲ့အလားအလာလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် အနေနဲ့ ဦးအောင်လင်းထွဋ် ပြောတဲ့အချက်နှစ်ချက်အပေါ် မူတည်ပြီး နံပတ်တစ် ဦးတင်အောင်မြင့်ဦး နုတ်ထွက်မထွက် မသေချာသော်လည်း နုတ်ထွက်စာ တင်တယ်ဆိုတာ သေချာနေပြီ။ ထိုနည်းတူ သဘောထား တင်းမာသူလို့ သတ်မှတ်ခြင်းခံရတဲ့ ဦးအောင်သောင်း ကလည်း အခုလို နောက်ဆုတ်တယ်ဆိုတာတွေ ကြားရတော့ ဦးဌေးအောင်ရဲ့ တုံ့ပြန်ချက်။

ဦးဌေးအောင် ။ ။ နှစ်ယောက်စလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုအပေါ်တွေမှာ သူတို့တွေနဲ့ သဘောထားမကိုက်ညီဘူးဆိုတာ အနေအထားမျိုးတွေ ရှိတယ်ဆိုတာကို ကြားသိရတယ်။ အဲဒါကြောင့် ဒီလူတွေကြောင့်လည်း အခုလက်ရှိ သမ္မတကြီးဦးသိန်းစိန်၊ ဦးရွှေမန်းတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အများကြီးအနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဒီလို တင်းမာတဲ့လူတွေ တကယ်နုတ်ထွက်သွားခဲ့ရင်တော့ အခုလက်ရှိ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲလုပ်ငန်းတွေမှာ ချောချောမောမော၊ လျှင်လျှင်မြန်မြန် ဖြစ်သွားနိုင်စရာအကြောင်းရှိတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် ပြောတဲ့ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်တာကတော့ ဟုတ်တယ်။ ထွက်မထွက် မသေချာဘူးဆိုတာ။ သူ့ရဲ့ procedure က သမ္မတ က လက်ခံပြီး လွှတ်တော်မှာ ဆွေးနွေးရမယ်ထင်ပါတယ်။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်နေရာ တစ်နေသလဲ။ သမ္မတက လက်မခံတာလား။ လက်မခံဘူးဆိုရင် ဘာကြောင့်လဲလို့ ထင်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ အခုအချိန်အထိတော့ အတိအကျ ပြောလို့မရသေးပါဘူး။ သမ္မတအနေနဲ့ သူ့ရဲ့ မိန့်ခွန်းတွေမှာပါပြီ ဖြစ်ပါတယ်။ ဒါက ဘာပဲဖြစ်ဖြစ် နောက်ပြန်စွဲနေတဲ့လူတွေကိုတော့ ချန်ထားခဲ့မယ်ဆိုတာကို သမ္မတကိုယ်တိုင်လည်း မနေ့တနေ့က ပြောဆိုခဲ့တာကို ကြားသိရပါတယ်။ အနှေးနဲ့အမြန် ဦးတင်အောင်မြင့်ဦး ကို နုတ်ထွက်ခွင့်ပေးဖို့ဆိုတာကို သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီပုဂ္ဂိုလ်တွေ အခု နုတ်ထွက်မယ်ဆိုတော့ ဟိုဖက်ကလူတွေ အင်အားကောင်းလာပြီပေါ့။ Liberal သမားတွေ ဘယ်လောက်အထိ ရှေ့တိုးနိုင်မယ် ထင်ပါသလဲ။ ဒီပုဂ္ဂိုလ်တွေအပြင် တခြား အဟန့်အတားတွေကော မရှိတော့ဘူးလား။

ဦးဌေးအောင် ။ ။ သူတို့နေရာတွေကို အစားထိုးမယ်လူတွေကလည်း ကျနော်ထင်သလောက်တော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရွေးချယ်ရမယ့်သဘော ရှိပါတယ်။ ဆက်ပြီးတော့ အဟန့်အတားအနှောက်အယှက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအားလုံးကို နားလည်းသဘောပေါက်ပြီးတော့ ဘယ်လိုမှ မပြောင်းလဲရင် မရဘူးဆိုတဲ့ ခံယူချက်မျိုး ရှိမယ်ဆိုရင်တော့ အခုလက်ရှိ သမ္မတကြီးနဲ့ အခုလက်ရှိ ပြုပြင်ပြောင်းလဲချင်သူတွေနဲ့ လိုက်လျောညီထွေ သဘောထားရှိမယ့် ခေါင်းဆောင်တွေကို ထပ်ပြီးတင်မြှောက်ရင်တော့ အလားအလာတွေက အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် ဘယ်လိုမြင်ပါသလဲ။ ဒီပုဂ္ဂိုလ်နှစ်ဦး ထွက်သွားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ သဘောကျ ဒီနေရာမှာ အစားထိုးခန့်အပ်လာရင် ဒီအတိုင်းပဲ ဖြစ်နေမလား။ အရင်အတိုင်းပဲ ဖြစ်နေမလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်မြင်တာကတော့ ဦးတင်အောင်မြင့်ဦး က တပ်မတော်က ရွေးချယ်ထားတဲ့ ဒုတိယ သမ္မတပါ။ ဦးတင်အောင်မြင့်ဦး နေရာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ ရွေးချယ်ပေးရမယ်လို့ မြင်ပါတယ်။ နောက်တခု ဆက်ပြောချင်တာက ဒီနှစ်ယောက်ထဲနဲ့ မရပါဘူး။ အထဲမှာ အများကြီးရှိပါသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အဲဒီအထဲမှာ ဦးမြင့်လှိုင်၊ ဦးကျော်ဆန်း၊ ဦးလှထွန်း ဒီလို ပုဂ္ဂိုလ်တွေက တချိန်က ဒေါ်အောင်ဆန်းစုကြည် ကို ပယ်ပယ်နယ်နယ် နဲ့ ပတ်ပတ်စက်စက် ပြောခဲ့တဲ့လူတွေပါ။ နောက်တယောက်ကတော့ ဦးဇော်မင်း ဖြစ်ပါတယ်။ ဒီလိုလူမျိုးဆိုရင်လည်း နိုင်ငံတကာတရားရုံး တင်နိုင်တယ့် ခရစ္စတီကျွန်း လူသတ်မှုမှာပါတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေက သူတို့ရဲ့ အကျိုးစီးပွားအတွက် နေနေရတဲ့အခါကြတော့ သူတို့သည် အမာဂိုဏ်ထဲမှာပဲ ပါနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကိုလည်း လှဲလှယ်ပေးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပြီးကောင်းလာလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ကာကွယ်ရေးဦးစီးချုပ်က ရွေးတယ့် ဒုတိယသမ္မတကို။ ဆိုတော့ ဦးတင်အောင်မြင့်ဦး ကို ရွေးခဲ့တာကတော့ အခုလက်ရှိ ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မြင့်အောင်လှိုင် က ရွေးတာလား။ ဟိုတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ရွေးတာလား။ ပြတ်ပြတ်သားသား စဉ်းစားဖို့လိုပြီ ထင်ပါတယ်။ အခုတခါ ရွေးရင်ကော ဘယ်သူက ရွေးမလဲ။

ဦးအောင်လင်းထွဋ် ။ ။ တချိန်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရွေးခဲ့တာပေ့ါ။ အခုကတော့ တရားဝင်အရတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးရမှာပါ။ ဒါပေမဲ့ အကြောင်းကြောင်းတွေအရတော့ ကိုမင်းအောင်လှိုင် တယောက်တည်းတော့ ဆုံးဖြတ်လို့ရမယ် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အကြောင်းကြောင်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဆုံးဖြတ်ရင်။ ဖြစ်လာနိုင်တဲ့ လမ်းကြောင်းကို ဘယ်လိုမြင်ပါသလဲ။ အလားအလာက အစားထိုးတဲ့ ပုဂ္ဂိုလ်ကလည်း ပထမ ပုဂ္ဂိုလ်လို ဖြစ်လာမလား။ သူထက် ပျော့ပျောင်းတဲ့ပုဂ္ဂိုလ် ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါသလား။

ဦးအောင်လင်းထွဋ် ။ ။ အခြေအနေအရတော့ သူ့ထက် ပျော့ပျောင်းမယ့် အလားအလာမျိုး ဖြစ်လာနိုင်ပါတယ်။ အခုထွက်နေတဲ့ သတင်းတွေအရလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တပ်မတော်ဖက်ကဆိုရင် ညှိကွပ်လို့ခေါ်တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်း - ဒီပုဂ္ဂိုလ်တွေ ဒုတိယသမ္မတ ဖြစ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာတော့ ရှိပါတယ်။ မှန်မမှန်တော့ မသေချာသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အပိုင်တွက်လို့တော့ မရသေးဘူးပေါ့။ ဒုတိယသမ္မတဟာ ပျော့ပျောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ အပိုင်တွက်လို့ မရသေးဘူး။ ဆိုရင် အဲဒီအဆင့်မှာ သုံးသပ်ရင် ဘယ်လိုမြင်သလဲ။ Liberal သမားတွေ သဘောထားပျော့ပျောင်းသူတွေ၊ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေအတွက် အရင်ထက်ပို လူးသာလွန့်သာ ဖြစ်လာနိုင်မယ် ထင်ပါသလား။

ဦးဌေးအောင် ။ ။ အခုန ဗိုလ်မှူးအောင်လင်းထွဋ် ပြောသလိုပဲ အခုလည်း လက်ရှိ ဒုတိယသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ရာထူးက နုတ်ထွက်သွားတယ်ဆိုရင် သူ့နေရာကို တပ်မတော်ကပဲ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခန့်အပ်ရမယ်ဆိုရင်လည်း ကျနော်ထင်တာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လောက် ဗိုလ်ချုပ်မင်းအောင်လှိုင် အနေနဲ့ ဒီလိုလုပ်မယ့် သဘောထားရှိလိမ့်မယ်လို့ မထင်ဘူး။ နောက်တခုကလည်း သူ့အနေနဲ့ လူလတ်ခေါင်းဆောင်၊ စစ်ခေါင်းဆောင် ဖြစ်တဲ့အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း သူ့အနေနဲ့ သဘောပေါက်မယ်လို့ ထင်တယ်။ အဲဒီတော့ သူက ရွေးချယ်ရမယ်ဆိုရင်တောင် ဦးတင်အောင်မြင့်ဦးလောက် သဘောထားတင်းမာသူတွေကို ရွေးချယ်လိမ့်မယ်လို့ မမျှော်လင့်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ကျနော်တို့ ကြားသိရတဲ့သတင်းတွေအရ ဘေးဖယ်သွားတဲ့ ပုဂ္ဂိုလ်တွေအထဲက တချို့ဟာ အထူးသဖြင့် ကချင်နဲ့ ငြိမ်းချမ်းရေးရရှိဖို့ကိစ္စမှာ ထော်လော်ကန့်လန့် လုပ်ကြတယ်။ ဘာကြောင့်လည်း သူတို့ဟာ အဲဒီဒေသမှာ တရုတ်ကုမ္မဏီတွေနဲ့ ပေါင်းပြီးတော့ စီးပွားရေး အကျိုးစီးပွား။ သူတို့ရဲ့ interest ရှိနေတယ်။ အဲဒါကြောင့် သူတို့ဟာ ဒီကိစ္စမှာ အလျှော့မပေးချင်ဘူး။ တရုတ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားနဲ့ ဒီလမ်းကြောင်းကို မြှောက်ပေးတယ်။ ဒါကြောင့် သဘောထားတင်းမာသူတွေဟာ သူတို့ရဲ့ အကျိုးစီးပွားထဲက အကျိုးစီးပွားကို အလျှော့မပေးခဲ့တာလို့ တွက်ကြတာတွေ ရှိပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဦးအောင်လင်းထွဋ် ။ ။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ဦးအောင်သောင်းရဲ့ ကုမ္မဏီတွေက ကချင်ပြည်နယ်မှာ သူ့ရဲ့ အကျိုးစီးပွားတွေ involve ဖြစ်နေတာပါပါတယ်။ အခုန ဦးကျော်ဇံသာ ပြောသလိုပဲ မှန်သင့်သလောက် မှန်တယ့်အနေအထား ရှိပါတယ်။ သို့သော် အခြေအနေအရ ဗမာတပ်မတော်အနေနဲ့လည်း သွားဆိုင်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ တချိန်က စစ်ပွဲတွေ ဖြစ်တိုင်းဖြစ်တိုင်းမှာ ဒီလောက်အထိ အကျအဆုံး၊ အသေအပျောက် မများခဲ့ပါဘူး။ အခု ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့ အတော်များများလည်း ကျဆုံးတယ်၊ အရာရှိကြီးပိုင်းတွေက ကျတဲ့လူကျတယ်။ ပြုတ်တဲ့လူပြုတ်တယ်။ တော်တော်လေး ဖရိုဖရဲဖြစ်နေတဲ့ အနေအထားရှိပါတယ်။ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တဲ့ အနေအထားမျိုး ရှိနေပါတယ်။ တဖတ်က ပြန်ကြည့်ရင်လည်း ကျနော်တို့ တပ်မတော်မှာ အခုခေတ်တော့ သုံးချင်မှသုံးတော့မှာပေါ့။ စစ်သားဆိုတာ ရန်သူရှိမှ စစ်သားရဲ့ ဂုဏ်သိက္ခာရှိတဲ့ အနေအထားမျိုး ကျနော်တို့ ကြွေးကြော်ရေး တပ်မတော်မှာ ရှိခဲ့ပါတယ်။ အခုလည်း တကယ်သာ ရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် ကျနော်တို့ ၉၄ ခုနှစ်က ကေအိုင်အေ နဲ့ တပ်မတော်နဲ့ ချုပ်ထားတဲ့စာချုပ် ရှိပါတယ်။ အဲဒီနယ်မြေမှာရှိတဲ့ ဗမာတပ်မတော်တပ်တွေအားလုံး ပြန်ဆုတ်ပေးလိုက်ပါ။ ပြီးတော့မှ စကားပြောမယ်ဆိုရင် ငြိမ်းချမ်းရေးအလားအလာက ကောင်းနိုင်မယ့် အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်အနေနဲ့ ဘယ်လိုသဘောရပါသလဲ။

ဦးဌေးအောင် ။ ။ ကျနော်ထင်တာကတော့ သူတို့မှာ စစ်သားဆိုတော့ စစ်သားစိတ်လည်း ရှိသလို၊ တဖတ်ကလည်း သူတို့ တာဝန်ယူခဲ့ရတဲ့အပေါ်တွေမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်ခဲ့တဲ့ အနေအထားတွေရှိတယ်။ ဥပမာအားဖြင့် အခု ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့် ဆိုရင် စစ်ထောက်ချုပ်၊ အတွင်းရေးမှူး နှစ်၊ အတွင်းရေးမှူး တစ် စတဲ့ တာဝန်တွေယူခဲ့စဉ်က ကုန်သွယ်ရေးကောင်စီကို ကိုင်တွယ်ခဲ့တာတွေရှိတယ်။ အလားတူပဲ ဦးအောင်သောင်းဆိုရင်လည်း ကုန်သွယ်ရေး ဝန်ကြီးဌာနမှာ လုပ်ခဲ့သလို၊ စက်မှုတစ် တု့ိမှာ လုပ်ခဲ့တယ်။ နောက်တခါ သူကိုယ်တိုင် ကုန်သွယ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါခဲ့တယ်။ အဲဒီတော့ သူတို့နှစ်ဦးစလုံးကို တာဝန်တွေအရလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တာရှိသလို။ သူတို့ရဲ့ သားသမီးတွေကိုယ်တိုင်ကလည်း အခုဆိုရင် ကုမ္မဏီတွေထောင်ပြီးတော့ ချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာ ပါဝင်နေတာတွေရှိတယ်။ နောက် သူတို့တွေနဲ့ ဆက်စပ်နေတဲ့ လက်ဝေခံ ခေတ်ပျက်စီးပွားရေးသမား သူဌေးတွေကလည်း သူတို့နဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာတွေရှိတယ်။ ကျနော်တို့ သိရသလောက်တော့ အခု ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနေနဲ့ ကချင်ပြည်နယ် မြစ်ဆုံမှာ ဆောက်တဲ့ရေကာတာကိစ္စမှာ သမ္မတကြီးက ဒီဟာကို ဖျက်သိမ်းလိုက်တာကိုပဲ သူ့အနေနဲ့ အပြင်းအထန် ကန့်ကွက်တယ်ဆိုတဲ့ သတင်းတွေပြန်ကြားရတယ်။ အဲဒါတွေကို ပြန်ထောက်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်စလုံးအနေနဲ့ စီးပွားရေး အကျိုးအမြတ်အတွက် ရမယ်ဆိုရင် နိုင်ငံအကျိုးကို သိပ်ပြီးထည့်တွက်မယ်ပုံ မရဘူး။ သူတို့အကျိုးစီးပွားကိုပဲ ဦးစားပေးတဲ့ လူတွေဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ခပ်တိုတို ဖြေစေချင်တဲ့ မေးခွန်းကတော့ အနာဂတ်ကို မျှော်ကြည့်ပါ။ သဘောထား တင်းမာတဲ့လူတွေ လုံးဝပပျောက်သွားမယ် ထင်ပါသလား။

ဦးအောင်လင်းထွဋ် ။ ။ သမ္မတကြီးအနေနဲ့ မှန်မှန်ကန်ကန် သူပြောတဲ့အတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့မြန်မာနိုင်ငံရဲ့ အနာဂတ်က မကောင်းစရာ မရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပေါင်းပြီးတော့ တိုင်းပြည်ကို ထူးထောင်သွားမယ်ဆိုရင်တော့ ၂၀၁၅ မတိုင်ခင်မှာ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို အချိန်ကန့်သတ်ပြီး ခန့်မှန်းပေးတာ ကောင်းပါတယ်။ ဦးဌေးအောင်ရဲ့ ဟောကိန်းလေး ပြောပါ။

ဦးဌေးအောင် ။ ။ ကျနော်ထင်တာကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေ အခုလက်ရှိ အစိုးရ၊ အတိုက်အခံလို့ ပြောတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအားလုံးက ခေတ်ရေစီးကြောင်းမှာ မျောပါနေတယ့်သဘောမျိုးလို့ထင်တယ်။ လိုက်လျောညီထွေသူတွေသာ ဆက်ပြီးရှင်သန်ကျန်ခဲ့မယ်လို့ ထင်ပါတယ်။

XS
SM
MD
LG