သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ နိုင်ငံရေးတိုက်ပွဲ


အစာငတ်ခံ နိုင်ငံရေးတိုက်ပွဲ

အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်နေကြပါတယ်။ အသက်အန္တရာယ်ကြီးမားတဲ့ ဒီလိုလုပ်ကိုင်မှုကို ဘာကြောင့်လုပ်ကိုင်ကြပါသလဲ။ အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့  အခြေအနေကို အစိုးရက ဘယ်လို ကိုင်တွယ်နိုင် သလဲ။ အရင်က ဒီလိုအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ခဲ့ဖူးသလဲ စတဲ့ အကြောင်းအရာတွေကို နိုင်ငံရေးအကျဉ်းသား (၄) ကြိမ် ဖြစ်ခဲ့ဘူးပြီး (၂) ကြိမ် အစာငတ်ခံ တိုက်ပွဲ ဝင်ခဲ့ဖူးသူ ကိုခွန်စိုင်း နဲ့ သေဒဏ်ချမှတ်ခံခဲ့ရဘူးသူ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော် တို့ကို ဒီတပတ် မျက်မှောက်ရေးရာ မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တဲ့ အကျဉ်းသား (၂၀) ကျော်ဟာ အစာငတ်ခံဆန္ဒပြတယ်၊ အစာငတ်ခံတိုက်ပွဲဝင်နေကြပါတယ်။ ဆိုတော့ ကျနော် ပထမဦးဆုံးမေးချင်တာက အစာငတ်ခံဆန္ဒပြတယ်၊ အစာငတ်ခံတိုက်ပွဲဝင်နေတယ်ဆိုတာ အကျဉ်းသားတွေအတွက် ဒါက အထိရောက်ဆုံးလက်နက်လား။ ဒီလက်နက်အပြင် အခြားနည်းမရှိတော့ဘူးလား။ အစာငတ်ခံဆန္ဒပြ၊ တိုက်ပွဲဝင်ခဲ့တဲ့ ကိုခွန်စိုင်း ကို ပထမဦးဆုံး မေးချင်ပါတယ်။ ကျနော် ဘာကြောင့် မေးရသလဲဆိုတော့ အကျဉ်းသားတွေရဲ့ အသက်ဟာ၊ သူတို့ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့သူတွေရဲ့  အသက်ဆိုရင် ပိုပြီး တန်ဖိုးရှိပါတယ်။ ဒီလူတွေ ဒီပုဂ္ဂိုလ်တွေကို အစာငတ်ခံဆန္ဒပြတယ်ဆိုတာ အန္တရာယ်များတယ်။ ကောင်းကောင်းမွန်မွန် စားရတာလည်းမဟုတ်ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်း အပြည့်အဝရှိတာ မဟုတ်ဘူး။ ဒီအချိန်မှာ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ သူတို့ အသက်အန္တရာယ်ရှိတာပေါ့။ ဒီလို အသက်အန္တရာယ်ကို မစွန့်စားဘဲနဲ့ တခြားနည်းနဲ့ လိုချင်တဲ့အခွင့်အရေးကို တောင်းဆိုစရာ မရှိဘူးတော့ဘူးလား။

ကိုခွန်စိုင်း ။ ။ ကျနော် နားလည်သလောက်ပြောရရင်တော့ ထောင်မှာ အစာငတ်ခံဆန္ဒပြပြီးဆိုရင် များသောအားဖြင့်က ထောင်အသုံးအနှုန်းနဲ့ဆိုရင် ပေါ်လစီတိုက်ပွဲလို့ ခေါ်တာပေါ့။ ပေါ်လစီဆိုတာမျိုးကို တိုက်တဲ့တိုက်ပွဲဆိုရင်တော့ အစာငတ်ခံဆန္ဒပြလေ့ ရှိပါတယ်။ အစာငတ်ခံဆန္ဒပြတဲ့အတွက်ကြောင့် အောင်ပွဲအကြီးအကျယ်ရခဲ့တာကတော့ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၇၁ ခုနှစ် ဦးနေဝင်း အစိုးရလက်ထက်ပေါ့။ နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်း ပို့ထားတဲ့အချိန်မှာ ကိုကိုကျွန်းကနေ ဗမာပြည်ပြန့်ပို့ပေးရေး၊ အဲဒီ ကျွန်းတိုက်ပွဲမှာ အစာငတ်ခံဆန္ဒပြတဲ့အတွက်ကြောင့် ကျွန်းကိုဖျက်သိမ်းပြီးတော့ ဗမာပြည်ကို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပို့ပေးခဲ့ရတယ်။ အဲဒီတိုက်ပွဲကတော့ အောင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲက အလကားအောင်ပွဲရတာတော့ မဟုတ်ဘူး။ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်တဲ့ ရဲဘော် (၁၀) ယောက် အသက်ပေးသွားခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ထောင်ထဲမှာနေတဲ့ကာလ ကျနော်တို့ ကျွန်းအပို့မခံရတာ သူတို့ကျေးဇူးပေါ့။ အဲဒီကျွန်းသာ ဆက်ရှိနေရင် နိုင်ငံရေးအကျဉ်းသားတွေက ကိုကိုကျွန်းမှာ ဆက်ပြီးအပို့ခံနေရအုံးမယ်။ အဲဒီဟာကို ကျနော်ပြန်သတိရတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တာက ကိုကိုးကျွန်းမှာ တကျွန်းပို့ထားတဲ့ထောင်ကို ဖျက်သိမ်းဖို့ တိုက်ပွဲဝင်တယ်ဆိုတာ အကြောင်းအရာအားဖြင့် သိပ်ကြီးကျယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို အကြောင်းအရာ အတွက် အသက်ပေးပြီး စွန့်စားသွားရတာ ဖြစ်ပါတယ်။ လူ (၁၀) ယောက် သေရတယ်ဆိုတာ နည်းတဲ့ အသက်တွေ မဟုတ်ပါဘူး။ အင်မတန် တန်းဖိုးရှိတဲ့အသက်တွေ ဖြစ်ပါတယ်။ ဆိုတော့ အခု တောင်းဆိုတာတွေ ကြည့်လိုက်တော့ သာမန် ကမ္ဘာ့အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတိုင်း အလွယ်တကူ ရရှိနိုင်တဲ့ တောင်းစရာတောင်မလိုတဲ့ စာဖတ်ခွင့်တို့၊ ဘာသာစကားလေ့လာခွင့်တို့ဆိုတာ။ အဲဒီဟာတွေအတွက် ဒီပုဂ္ဂိုလ်တွေ အခုလောလောဆယ် အစာငတ်ခံဆန္ဒပြနေသူတွေဟာ အစာငတ်ခံဆန္ဒပြရလောက်အောင် ကြီးကျယ်တဲ့တောင်းဆိုမှုတွေ ဖြစ်ပါသလား။ အဲဒါကို ကျနော်သိချင်ပါတယ်။

ကိုခွန်စိုင်း ။ ။ ကျနော်တော့ သတင်းအပြည့်အစုံ မရဘူး။ အစာငတ်ခံဆန္ဒပြတဲ့နေရာမှာ အကန့်အသတ် ရှိပါတယ်။ တခါတလေ (၃) ရက်၊ တပတ်တို့ ပြကြပါတယ်။ ကျနော်တို့ခေတ်တုန်းကတော့ (၃) ရက်ပြဖူးတယ်။ (၁၀) ရက်ပြဖူးတယ်။ အဲဒီနည်းနဲ့ ကျနော်တို့ အကန့်အသတ်နဲ့ ဆန္ဒပြကြပါတယ်။ တခြားနည်းလမ်းတွေကတော့ ရှိပါတယ်။ အခန်းထဲကနေ အပြင်မထွက်တာတို့၊ ရေချိုးမဆင်းတာတို့၊ စကားမပြော၊ တိတ်ဆိတ်စွာငြိမ်သက်ခြင်း ဆန္ဒပြတာတို့ အဲဒီလို ဆန္ဒပြတဲ့နည်းတွေလည်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုစိုင်းဝင်းကျော်ရဲ့  အတွေ့အကြုံလည်း ပြောပါ။ ကိုစိုင်းဝင်းကျော်ဟာ ၈၈ အရေးအခင်းမှာ စစ်တပ်က တပ်မတော်အရာရှိတယောက်အဖြစ်ကနေ ပြည်သူဘက်ကို ကူးပြောင်းခဲ့သူ။ ကိုစိုင်းဝင်းကျော်ကို သူတို့ ထောင်ဒဏ်ဘယ်လောက်ပေးခဲ့သလဲ။ ထောင်ထဲမှာ နေစဉ်ကာလ အကျပ်အတည်းဆုံး၊ အဆိုးဝါးဆုံး အခက်အခဲတွေက ဘာလဲ။ အဲဒီဟာနဲ့ ရင်ဆိုင်ခဲ့ရတယ့်ဟာ ဘယ်လိုဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါသလဲ။

ကိုစိုင်းဝင်းကျော် ။ ။ ၁၉၈၉ မှာ ကျနော် ထောင်ကျခဲ့ပါတယ်။ ကျနော်ကို ပထမတော့ သေဒဏ်။ နောက် တရားရုံးချုပ်ကနေ တသက်တကျွန်းနဲ့ ညီမျှတဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ အလုပ်ကြမ်းအဖြစ်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာက သူတို့ရဲ့  ကိုယ်ကျိုးစီးပွားအတွက် ထောင်ကျတာမဟုတ်ပါဘူး။ သူတို့ မိသားစုအကျိုးစီးပွား အတွက် ထောင်ကျတာမဟုတ်ပါဘူး။ သူ့ရဲ့  ယုံကြည်ချက်ကြောင့် ထောင်ကျတာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ဘာဖြစ်သလဲဆိုရင် ထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့  မတရားအခွင့်အရေးတွေ ပိတ်ပင်တာတွေ၊ တားဆီးတာတွေ၊ နှိပ်ကွပ်တာတွေ၊ အပြစ်ရှာပြီးတော့ လူမဆန်အောင် ရိုက်နှက်ညှဉ်းပန်း တာတွေ။ နောက်တခုက စိတ်အနှောက်အယှက်၊ မိသားစုတွေ စိတ်ကသိကအောက်ဖြစ်အောင် ဒုက္ခရောက်အောင် လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ထောင်အာဏာပိုင်တွေအပြင်၊ ထောင်အာဏာပိုင်တွေ မွေးထားတဲ့ ထောင်တွင်းလူမိုက်တွေ၊ အဲဒီလိုမျိုး အကျဉ်းသားတွေအချင်းချင်း ခွဲခြားအုပ်ချုပ်ခိုင်းတဲ့ ဆိုးဝါးတဲ့စနစ်တွေလည်း ရှိပါတယ်။ အဲဒီတော့ အခုလိုမျိုး မြန်မာပြည်ထောင်တွေမှာ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတခုတော့ မဟုတ်ပေမဲ့ ဘာကြောင့် အစာငတ်ခံဆန္ဒပြသလဲဆိုတော့ ကျနော် နားလည်သလောက်တော့ အဲဒီ နိုင်ငံရေးအကျဉ်းသားတွေမှာ ရွေးချယ်စရာနည်းလမ်း မရှိတော့တို့ပါ။ သူတို့ လိုချင်တဲ့၊ သူတို့လိုလားတဲ့၊ တောင့်တတဲ့ကိစ္စတွေကို သူတို့ ထောင်အာဏာပိုင်တွေဆီကို ဒီလိုမျိုး အစာငတ်ခံဆန္ဒမပြခင် ကြိုတင်ပြီး သတင်းပို့တာတွေ၊ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ တဘက်က ထောင်အာဏာပိုင်တွေဘက်က လုံးဝမတုံ့ပြန်တာတွေ၊ လုံးဝမပေးဘဲ ငြင်းဆန်လိုက်တာတွေ၊ ဆက်ပြီး ဖိနှိပ်နေတာတွေ၊ ပိုပြီး နှိပ်ကွပ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိပါတယ်။ ဘယ်လိုမှ မခံနိုင်တဲ့ အခြေအနေ အဆုံးမှာမှ ကျနော်တို့ အစာငတ်ခံဆန္ဒပြတိုက်ပွဲကို နိုင်ငံရေးအကျဉ်းသားတွေက ရွေးချယ်ကြခြင်းဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုခွန်စိုင်း ကို ဆက်ပြီး မေးချင်ပါတယ်။ အခု အစာငတ်ခံဆန္ဒပြတဲ့အထဲမှာ ခေါင်းဆောင်ဆိုတဲ့ (၆) ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ ဆိုတော့ အာဏာပိုင်တွေက ဘာလုပ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းနိုင်ပါသလဲ။ ကိုခွန်စိုင်းတို့ ခေတ်တုန်းက ကြုံခဲ့ရတာနဲ့ သူတို့ ဘယ်လို့ လက်တုံ့ပြန်သလဲ။ ပထမဦးဆုံး လက်တုံ့ပြန်တာကတော့ စစ်ခွေးတိုက်ကိုပို့တယ်။ မိသားစုတွေ ထောင်ဝင်စာပိတ်ထားတယ်ဆိုတာတွေ သိရပါတယ်။ အဲဒါကို ဘယ်လိုနားလည်ပါသလဲ။

ကိုခွန်စိုင်း ။ ။ ကျနော့်အတွေ့အကြုံကို ပြောရရင်တော့ ကျနော်သည် စစ်ခွေးတိုက်ကို ထောင် (၃) ကြိမ်မှာ (၃) ခါစလုံး ရောက်ဘူးပါတယ်။ ပထမဦးဆုံးအကြိမ်က ကျောင်းသားဘဝ။ အဲဒီတုန်းကတော့ အသက် (၂၂) နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက မှိုင်းရာပြည့်နဲ့ ထောင်ကျတော့ ကျနော်တို့ကို အလုပ်ကြမ်းခိုင်းဖို့ ထောင်ကနေ ပြင်ဆင်တာပေါ့။ အဲဒီတော့ ကျနော်တို့ အလုပ်ကြမ်းမလုပ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် အစာငတ်ခံဆန္ဒပြကြတယ်။ အဲဒီအခါမှာ ခွေးတိုက်ကို ပို့ခဲ့တယ်။ ခွေးတိုက်ကို ဘာကြောင့်ပို့သလဲဆိုရင် သူက အင်းစိန်ထောင်မှာဆိုရင် တခြားလူတွေ မမြင်မကြားရတဲ့အရပ်မှာ ရှိတယ်။ အဲဒီမှာ ဘာလုပ်လို့ရသလဲဆိုရင် ရေဖြတ်လို့ရတယ်။ ရိုက်နှက်ညှဉ်းပန်းလို့ ရတယ်။ နောက် သတင်းဖြတ်လို့ ရတယ်။ အဲဒီမှာ သူတို့ရဲ့  စိတ်ချယုံကြည်ရတဲ့ ထောက်လှမ်းရေးတွေထားပြီး ဘယ်သူမှ အဝင်မခံတော့ဘူး။ အဲဒီနည်းနဲ့ သတင်းဖြတ်တာပေါ့။ ဒါကြောင့် ကျနော့်အတွေ့အကြုံအရဆိုရင် ရေဖြတ်တာက နံပတ် (၁) အလုပ်ပါ။ ကျနော် အစာငတ်ခံဆန္ဒပြတုန်းကလည်း ရေဖြတ်တာကို (၁၁) ရက်ခံရပါတယ်။ အစာဖြတ်တာက ကျနော်တို့အတွက် ပြဿနာမရှိဘူး။ အစာငတ်ခံတဲ့ကိစ္စက ဗိုက်ဆာတာကို ခံနိုင်ရည် အသာလေးရှိတယ်။ ဒါပေမဲ့ ရေငတ်တဲ့အခါကျတော့ ခန္ဓာကိုယ်ရဲ့  တုံ့ပြန်မှုတွေက တော်တော်ဆိုးတယ်။ အတွေ့အကြုံအရဆိုရင် သွားဖုံးထဲကနေ သွေးယိုတာတို့၊ ဆီးထဲကနေ သွေးပါတာတို့တွေဖြစ်တယ်။ လေးငါးခြောက်ရက်လောက် ကြာတဲ့အခါမှာ။ ပါးစပ်တွေကခြောက်ပြီး တံတွေးမထွက်တော့ဘူး။ အဲဒီအခါမှာ ခန္ဓာကိုယ်တခုလုံးက ပူကျပ်ပြီးတော့ လူက မျောနေသလို၊ မေ့နေသလို၊ မူးဝေနေတာပေါ့။ အဲဒါ တော်တော်ဆိုးတယ်။ အဲဒီအခါမှာ များသောအားဖြင့် အစာငတ်ခံဆန္ဒပြတဲ့လူတွေက လက်လျှော့လိုက်ကြတယ်။ သူတို့က အလွယ်တကူ ဖြိုခွဲတဲ့အခါမှာ ရေဖြတ်တဲ့နည်းကို သုံးကြပါတယ်။ ဒါကြောင့် ခွေးတိုက်ကို ပို့တာပါ။

ဦးကျော်ဇံသာ ။ ။ အစာငတ်ခံဆန္ဒပြနေပြီသာ အစာငတ်နေတဲ့လူကို ရေပါမတိုက်ဘဲထားတယ်။ ကျနော်ကြားဖူးတာက အစာငတ်ခံဆန္ဒပြတဲ့လူဟာ လူကိုမသေသွားအောင် drip တွေဘာတွေ ချုပ်ပြီး သွင်းတယ်လို့ ကြားဖူးတယ်။ အဲဒီလိုမျိုး မဟုတ်ဘူးလား။

ကိုခွန်စိုင်း ။ ။ မဟုတ်ဘူးခင်များ။ မဆလအစိုးရလက်ထက်မှာ ကျနော်တို့ ကြုံခဲ့ရတာတော့ အစာငတ်ခံဆန္ဒပြသူတွေကို ရေပါဖြတ်ပြစ်တယ်။ ဒါက မဆလလက်ထက်မှာ ကျခဲ့တယ့်လူတွေ၊ ကျောင်းသားတိုင်းသိပါတယ်။ အစာငတ်ခံဆန္ဒပြတဲ့နေ့မှာပါ ရေအိုတွေ လာသိမ်းသွားပြီးတော့ စစ်ခွေးတိုက်ပို့ပြီး ပိတ်တော့တာပဲ။ Drip ချိတ်တာတို့၊ ဘာတို့ဆိုတာကို စိတ်ကူးယဉ်လို့မရဘူး။ အစာငတ်ခံဆန္ဒပြတယ်ဆိုတာနဲ့ ရေတဝသောက်ပြီး ပြင်ဆင်ရတာပဲ။ ရေဖြတ်တယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသားတွေ နားလည်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုစိုင်းဝင်းကျော် ကို မေးချင်ပါတယ်။ အဲဒီတော့ အခုကျနော် သိရတဲ့သတင်းအချက်အလက်ရဆိုရင် တောင်းဆိုချက်တွေက ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ စောစောက ပြောခဲ့သလို စာဖတ်ခွင့်၊ ဘာသာစကား လေ့လာခွင့်၊ အသေးအမွှား။ တချို့  ဒီမိုကရေစီက နိုင်ငံမှာဆိုရင် ဒီအခွင့်အရေးတွေက အလိုလိုအားပေးပြီးတော့ ဆရာတွေ၊ ဘာတွေနဲ့ စာသင်ခွင့်ပေးထားတာတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီတောင်းဆိုချက်တွေဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ တကယ်ပဲ မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်တွေ၊ ခဲရာခဲဆစ်တွေ ဖြစ်နေလို့လား။ သို့တည်းမဟုတ် သူတို့တောင်းဆိုရကောင်းလား။ ငါတို့ တမင်တကာ မင်းတို့တောင်းဆိုတာတွေကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘောနဲ့ မာနနဲ့ လုပ်သလား။ ဘယ်လိုသဘောရပါသလဲ။

ကိုစိုင်းဝင်းကျော် ။ ။ ကျနော်မြင်တာကတော့ ထောင်အာဏာပိုင်တွေဘက်က သူတို့ လိုက်လျောသင့်တာကို၊ မလိုက်လျောတာ။ ပေးသင့်တဲ့အခွင့်အရေးကို အပြည့်အဝ မပေးတာပါ။ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ကျနော်ထင်တာကတော့ တော်ရုံတန်ရုံ သေးသေးမွှားမွှား အသေးတခုတည်းနဲ့တော့ လုပ်ကြတာမဟုတ်ပါဘူး။ အကြောင်းပေါင်းစုံ ဆုံစည်းလာပြီးမှ သူတို့လုပ်ကြတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက တောင်းဆိုတာကို မပေးနိုင်လို့လား။ လိုက်လျောရသိပ်ခက်နေလို့လား။ တမင်တကာ အာဏာပိုင်တွေက ညစ်ပြီးမပေးတာလား။

ကိုစိုင်းဝင်းကျော် ။ ။ ကျနော့် ၉၈ ခုနှစ်က အတွေ့အကြုံလေးတခု ပြောပြချင်ပါတယ်။ အဲဒီတုန်းက အဲဒီလိုမျိုး အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိပါတယ်။ သာယာဝတီထောင်မှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အစာငတ်ခံဆန္ဒပြကြတဲ့အကြောင်းရင်းက နှစ်ပြည့်လို့ လွတ်မပေးလို့ အစာငတ်ခံဆန္ဒပြကြတာပါ။ အခုလည်း ကျနော်တို့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသမားတွေဆန္ဒပြကြတယ်ဆိုတာ သူတို့ မတရားအချခံထားရတယ်။ မတရားအချခံထားရတဲ့အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်က တနှစ်ဆိုပြီး လာလိုက်တဲ့အချိန်မှာ သူတို့ရဲ့  စိတ်ထဲမှာ ဒါကို မကျေမချမ်း ဖြစ်ခဲ့ကြတယ်။ အဲဒီတော့ နိုင်ငံတော်အစိုးရအနေနဲ့ လူသားတွေဘက်က ကြည့်ပြီး၊ စာနာပြီး လူသားဆန်ဆန် ကြည့်မယ်ဆိုရင်တော့ ဒါတွေဟာ ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူးလို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အာဏာပိုင်တွေက ဒီလို ရက်စက်လုပ်ပြလို့ရော ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရတဲ့ လူတွေရဲ့ ခေါင်းက ညွှတ်သွားမယ်။ ဦးညွှတ်သွားကြလိမ့်မယ်လို့ သူတို့မျှော်မှန်းနေကြသလား။ အဲဒီလို မျှော်မှန်းရင် အာဏာပိုင်တွေရဲ့  မျှော်လင့်ချက် မှန်ပါသလား။

ကိုခွန်စိုင်း ။ ။ လုံးဝမမှန်ဘူး။ ဘာကြောင့်လည်းဆိုတော့ အခုထောင်ကျနေကြသူတွေဟာ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်တွေလည်း ပါပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ဘူးတဲ့လူအချင်းချင်း သိပါတယ်။ ဒီလို နှိပ်ကွပ်လို့ ဦးညွှတ်ပြီး နောက်ဒီလို မလုပ်ပါဘူးလို့ ထွက်လာမယ့်လူ တယောက်မှမရှိပါဘူး။ အဲဒါက သူတို့ရဲ့  နိုင်ငံရေးယုံကြည်ချက်ကို ပိုပြီးခိုင်မာစေလိမ့်မယ်လို့ ကျနော်က အဲဒီလို ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာတခုကတော့ ကျနော်ကတော့ အကောင်းဖြစ်စေချင်လို့ မေးတာပါ။ အခု နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားမဟုတ်တဲ့ အကျဉ်းသားနည်းနည်းလည်း ပါတယ်ဆိုပါတယ်။ သူတို့ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်နေတာ သူတို့ရည်မှန်းချက် ရရှိကြလိမ့်မယ်လို့ မျှော်လင့်နိုင်စရာအကြောင်း ရှိပါသလား။

ကိုစိုင်းဝင်းကျော် ။ ။ နိုင်ငံတော်အစိုးရကသာ သူတို့ပြောသလို ဒီမိုကရေစီအစိုးရအဖြစ်နဲ့ ငါတို့ပြုပြင်ကျင့်ကြံပါတော့မယ်လို့ သူတို့ဘက်က ပြောင်းလဲမယ်ဆိုရင် ဒါတွေကို နှစ်ဖက်ညှိပြီး ယူလို့မရစရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုစိုင်းဝင်းကျော်အနေနဲ့ ထင်ပါသလား။ ဒီလို အစာငတ်ခံဆန္ဒပြနေတဲ့ လူတွေရဲ့  တောင်းဆိုချက်တွေက ဒီတကြိမ်မှာ အောင်မြင်လိမ့်မယ် ထင်ပါသလား။

ကိုစိုင်းဝင်းကျော် ။ ။ ကျနော်ထင်တာကတော့ နိုင်ငံရေးအကျဉ်းသားကတော့ သူလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို အခြေအနေ၊ အချိန်အခါပေါ် မူတည်ပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီတော့ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ထောင်အာဏာပိုင်တွေဘက်က လူသားစိတ်ဓါတ်နဲ့ စာနာမှုနဲ့ လိုက်လျောတာတွေ ရှိရင်တော့ အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အခြေအနေမှာတော့ အင်မတန်မှ တင်းကျပ်တဲ့ စနစ်အောက်မှာ အောင်မြင်ဖို့ အခွင့်အလမ်း နည်းတယ်မနည်းဘူးဆိုတာ သူတို့တိုက်ပွဲဝင်မှုအပေါ်မှာ မူတည်ပြီးမှ ပြောရမှာဖြစ်ပါတယ်။

XS
SM
MD
LG