သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ စစ်သင်ခန်းစာ


သီရိလင်္ကာ စစ်သင်ခန်းစာ
သီရိလင်္ကာ စစ်သင်ခန်းစာ

နှစ်ပေါင်းအစိတ်ကျော်ကြာခဲ့တဲ့ သီရိလင်္ကာပြည်တွင်းစစ် ၂၀၀၉ မှာ နိဂုံးချုုပ်သွားခဲ့စဉ်က တမေးလ် (Tamil) အရပ်သား လေးသောင်ကျော် သေဆုံးခဲ့တာကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူဖို့ ကုလသမဂ္ဂ အကဲဖြတ်အဖွဲ့က အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကို တင်ပြထားပါတယ်။ အကဲဖြတ်အဖွဲ့ရဲ့ (၁၉၆) မျက်နှာအစီရင်ခံစာမှာ မတ်လ (၁၃) ရက်နေ့စွဲ တတ်ထားပေမယ့် ဧပြီလ (၂၅) ရက်နေ့ကျမှ ထုတ်ဝေနိုင်ခဲ့ ပါတယ်။ သီရိလင်္ကာအစိုးရတပ်က အမြောက်လက်နက်၊ ဒုံးလက်နက်စတဲ့ လက်နက်ကြီးတွေကို နေရာအနှံ့အပြား ပစ်ခတ်ပြီးတိုက်ခိုက်လို့ တမေးလ် အရပ်သားအများအပြား သေဆုံးရတာလို့ ဆိုပါတယ်။

ဆင်ဟလီစ် (Sinhalese) လူမျိုးစုနဲ့ တမေးလ် လူနည်းစုအကြားဖြစ်ပွားခဲ့တဲ့ လူမျိုးရေးစစ်ပွဲမှာ တမေးလ် တို့ဘက်က အရေးနိမ့်သွားရတဲ့အကြောင်းရင်းတွေကို လေ့လာဆန်းစစ်ကြပါတယ်။ အစိုးရဘက်က အနိုင်ရသွားတဲ့ အဓိကအကြောင်းရင်းတွေဟာ တရုတ်အကူအညီ အများအပြားရရှိမှု၊ နိုင်ငံခြားဝေဖန်ချက်ကို ဂရုမပြုမှု၊ အပစ်အခတ်မရပ်စဲဘဲ လွတ်လပ်စွာစစ်ဆင်နိုင်မှု၊ သတင်းမီဒီယာကို ချုပ်ကိုင်နိုင်မှု၊ အိမ်နီးချင်းနိုင်ငံရဲ့ သဘောတူချက်ရရှိမှု၊ တမေးလ် ရန်ပုံငွေခြောက်ခမ်းလာမှု နဲ့ သူပုန်အဖွဲ့အတွင်း အကွဲအပြဲ ဖြစ်ပွားမှု များဖြစ်တယ်လို့ အမေရိကန် မရိန်းတပ်မှာ အမှုထမ်းခဲ့ဘူးခဲ့သူ ဗိုလ်မှူး Niel A. Smith ဆိုသူက မနှစ်က စာတမ်းရေးခဲ့ပါတယ်။

ဗမာအစိုးရဟာ သီရိလင်္ကာအစိုးရ အခြေအနေမျိုး ရောက်နေတဲ့အတွက် အပစ်အခတ်မရပ်တဲ့ ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိုးစစ်ဆင်ရာမှာ လက်နက်ကြီးတွေနဲ့ မညှာမတာပစ်ခတ်နေတာဖြစ်ပုံရတယ်လို့ သုံးသပ်ကြပါတယ်။ တချိန်က ကရင်လက်နက်ကိုင်ကို ထောက်ပံ့ခဲ့တဲ့ ထိုင်းအစိုးရဟာ ဗမာအစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ကိုသာ ဦးစားပေးနေပါတယ်။ ဗမာအစိုးရ စစ်ဆေးရေးမှာ အိမ်နီးချင်းနိုင်ငံတွေကပါ အလိုတူအလိုပါ ဖြစ်လာရင် တမေးလ်သူပုန်အဖြစ်မျိုး ရောက်သွားနိုင်တယ်လို့ မြင်ကြပါတယ်။ ဒုက္ခသည်အားလုံး မြန်မာပြည်ထဲကို ပြန်ပို့ဖို့ ထိုင်းဘက်က စဉ်းစားလာတာဟာ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့သာ ထိုင်းအတွက် အရေးကြီးကြောင်း ပြသလာတာဖြစ်ပါတယ်။ စီးပွားရေးကို လူမှုရေးထက် ဦးစားပေးလာတဲ့ သဘောဖြစ်ပါတယ်။

အနောက်တိုင်း အကူအညီရယူနေစဉ်က သီရိလင်္ကာအစိုးရဟာ အရပ်သားကို မထိခိုက်စေဖို့နဲ့ လူ့အခွင့်အရေးလေးစားဖို့ သတိထားနေရတဲ့အတွက် လွတ်လွတ်လပ်လပ် ထိုးစစ်မဆင်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၅ ကစပြီး တရုတ်က စစ်ရေးစီးပွားရေး အကူအညီပေးတဲ့အတွက် သီရိလင်္ကာအစိုးရဟာ အနောက်တိုင်းရဲ့ တောင်းဆိုချက်ကို ဂရုစိုက်စရာ မလိုတော့ပါဘူး။ ဒါကြောင့် အစိုးရတပ်ဟာ တမေးလ်အရပ်သားတွေ အန္တရာယ်ဖြစ်မှာကို ဂရုမစိုက်ဘဲ လက်နက်ကြီးတွေကို နေရာအနံှ့အပြား သုံးစွဲတာပါ။ သီရိလင်္ကာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို ကုလသမဂ္ဂက အရေးမယူနိုင်အောင် တရုတ်က အကာအကွယ်ပေးပါတယ်။ ဗမာအစိုးရကိုလည်း ကုလသမဂ္ဂမှာ အရေးမယူနိုင်အောင် တရုတ်ကာကွယ်နေပါတယ်။ ဒါကြောင့် အစိုးရ ထိုးစစ် တခုတည်းနဲ့တော့ တမေးလ် တော်လှန်ရေးဟာ နိဂုံးချုပ်မှာ မဟုတ်ပါဘူး။

တမေးလ် လက်နက်ကိုင်လှုပ်ရှားမှု ပြိုကွဲပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ ရန်ပုံငွေခြောက်ခမ်းမှု၊ ခေါင်းဆောင်ပိုင်းခွဲထွက်မှု နဲ့ ဆူနာမီရေဘေး ဒုက္ခလည်း ပါဝင်တယ်လို့ ဗိုလ်မှူး Niel Smith က သုံးသပ်ပါတယ်။ တမေးလ် သူပုန်ဟာ နိုင်ငံခြားရောက် တမေးလ် တွေဆီကရတဲ့ ရန်ပုံငွေနဲ့ မှောင်ခိုလုပ်ငန်းကရတဲ့ငွေတွေကို အားကိုးပြီး ရှင်သန်ခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်တဲ့လုပ်ငန်းနဲ့ အရပ်ထဲမှာ ဗုံးခွဲတိုက်ခိုက်တဲ့ အကြမ်းဖက်မှုကြောင့် တမေးလ် သူပုန်ထောက်ပံ့တဲ့ကိစ္စကို အနောက်တိုင်းက ပိတ်ပင်လာခဲ့ပါတယ်။ သီရိလင်္ကာအစိုးရကို တရုတ်က ငွေကြေးနဲ့ စစ်ရေးအကူအညီ ပေးချိန်မှာ တမေးလ်သူပုန်အဖွဲ့ကို ငွေကြေးထောက်ပံ့တာကို တရားမဝင်ကြောင်း အနောက်တိုင်းနိုင်ငံတွေက ပြဋ္ဌာန်းလိုက်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း သန်းချီရနေတဲ့ ဒေါ်လာတွေ ခန်းခြောက်သွားတာဖြစ်ပါတယ်။ ဒီအတောအတွင်း ဖမ်းဆီးမှုကြောင့် မှောင်ခိုလုပ်ငန်းကရတဲ့ ဝင်ငွေလည်း ကျဆင်းလာပါတယ်။

လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းမှာ ခေါင်းဆောင်တချို့ ခွဲထွက်ပြီး အစိုးရနဲ့ ပူးပေါင်းသွားတာဟာ တော်လှန်ရေးကို အယုံအကြည်နည်းစေပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ တမေးလ်ခေါင်းဆောင်ပိုင်းဟာ တရားဝင်နိုင်ငံရေးပါတီတည်ထောင်ပြီး အစိုးရနဲ့ လက်တွဲလိုက်တာဟာ တော်လှန်ရေးကို အားနည်းစေတဲ့အချက် ဖြစ်ပါတယ်။ ၂၀၀၄ ဒီဇင်ဘာမှာ တမေးလ် ပြောက်ကြားကြီးစိုးတဲ့ သီရိလင်္ကာ အရှေ့မြောက်ဒေသတခုလုံး ဆူနာမီရေဘေးဒဏ် ခံလိုက်ရတာဟာ တမေးလ်လူထုကို စိတ်ဓါတ်ကျစေခဲ့ပါတယ်။ အစိုးရဘက်က ဘဏ္ဍာရေး၊ စစ်ရေး တောင့်တင်းလာတုန်း၊ တမေးလ်ပြောက်ကျားအဖွဲ့ အဘက်ဘက်က အားနည်းလာတာကြောင့် တမေးလ် လက်နက်ကိုင်လှုပ်ရှားမှု နိဂုံးချုပ်ရတာ ဖြစ်ပါတယ်။

ဗမာအစိုးရကလည်း ထိုင်း-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်ကို တဖွဲ့ချင်း ချေမှုန်းဖို့ ကြိုးပမ်းရာမှာ သီရိလင်္ကာအစိုးရကို ခြေရာနင်းပြီး အပြည်ပြည်ဆိုင်ရာ သဘောထားတွေကို ဂရုမစိုက်ဘဲ လွတ်လပ်စွာ ထိုးစစ်ဆင်နေပုံရပါတယ်။ သီရိလင်္ကာအစိုးရရဲ့ စစ်ရာဇဝင်မှုတွေကို ကုလသမဂ္ဂက အရေးယူဖို့ အခက်အခဲရှိနေတာဟာ ဗမာအစိုးရကို မီးစိမ်းပြနေသလို ဖြစ်နေပါတယ်။

XS
SM
MD
LG