သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲနောက် တိုင်းရင်းသားဒေသ အခြေအနေ


ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုတွေကို အရင်ဖွဲ့စည်းပုံတွေထက် အခွင့်အရေးတွေ ပိုပေးထားတယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒီ ဥပဒေသစ်အရ အုပ်ချုပ်ရေးအသစ် ပေါ်ထွန်းလာတဲ့အခါ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့  နိုင်ထက်စီးနှင်းမှုတွေ လျော့ပါးသွားနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို khonumthung သတင်းဌာန အယ်ဒီတာ ဆလိုင်းရော်ဘတ် နဲ့ ရွှေဂတ်စ် (Shwe Gas Movement) လှုပ်ရှားမှုတာဝန်ခံ ကိုဝင်းအောင် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားဒေသတချို့ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသကြီးတွေအဖြစ် တိုးချဲ့ ဖွဲ့စည်းပေးခြင်း အပါအဝင် တိုင်းရင်းသားအခွင့်အရေးတွေကို အရင် ဥပဒေတွေထက် ပိုပေးထားတယ်ဆိုတဲ့ သုံးသပ်ချက်တချို့  ရှိနေပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ပေမယ့် ဒီ တိုင်းရင်းသားတွေရဲ့  ဘဝအခြေအနေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့  နိုင်ထက်စီးနှင်း ပြုလုပ်ခြင်းခံနေရတဲ့ ကိစ္စတွေက ဘယ်လောက်ထိ သက်သာရာ ရရှိနိုင်ပါမလဲ။ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာဆိုတာကို ဒီနေ့ မျက်မှောက်ရေးရာဆွေးနွေးပွဲမှာ ဆွေးနွေးတင်ပြသွားပါမယ်။ ပထမဦးဆုံး မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က နိုင်ထက်စီးနှင်းလုပ်ကြတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောကြတယ်။ တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံရတာဟာ မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာ မဟုတ်ဘူးလား။ တိုင်းရင်းသားဒေသတွေမှာ ပိုဆိုးတယ်လို့ ပြောနိုင်သလား။

ဆလိုင်းရော်ဘတ် ။ ။ ဟုတ်ကဲ့ ဒီစစ်အစိုးရလက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ နိုင်ငံတနိုင်ငံလုံးအနေနဲ့ ခံနေရတာမှန်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ စစ်တပ်တွေရဲ့  လုပ်ရပ်တွေက ပြင်းထန်တယ်၊ ပိုပြီးတော့ ဆိုးဝါးတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား ကျနော်တို့ ချင်းပြည်နယ်ဘက်ကို ကြည့်မယ်ဆိုရင် ကျေးရွာတိုင်းမှာ စစ်တပ်စခန်းချထားတယ်။ သူတို့က ရွာတွေသွားတယ် ရွာတွေဝင်တယ် လိုချင်တာ၊ ရိက္ခာတွေတောင်းတယ်။ သူတို့မှာ အာဏာရှိတဲ့အတွက်ကြောင့် သူတို့ကြိုက်သလို လုပ်လို့ရတယ်။ ရွာသားတွေကလည်း သူတို့ကို စစ်တပ်က အဲဒီလို လာလုပ်တဲ့အခါမှာ အာဏာရှိတဲ့လူတွေဖြစ်တာကြောင့် ပေးရတယ်။ ဒီလိုမျိုး ပေးနေရတာ အချိန်တွေကြာလာတော့ ဒါက ငါတို့ကို လူ့အခွင့်အရေးချိုးဖောက်တာကို တချို့ က မသိဘူး။ အာဏာရှိတဲ့လူတွေ တောင်းလို့ ပေးရမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေသာ ရှိတယ်။ ဒါကြောင့် တိုင်းရင်းသားဒေသတွေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးတယ်၊ ပြီးတော့ ရွာသားတွေက သူတို့အပေါ်မှာ အဲဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ်မှာ ဘယ်လိုမျိုး အရေးယူပေးမှု၊ တိုင်ကြားမှု ဘယ်နေရာကို သွားတိုင်မယ်၊ ILO တို့ဘာတို့ သွားတိုင်မယ်၊ အလုပ်သမားအဖွဲ့ချုပ်တို့တော့ ချင်းပြည်နယ်မှာ မရှိဘူးဆိုတော့ ဒီအတိုင်းပဲ ငြိမ်ခံနေရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းအောင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ တိုင်းရင်းသားဒေသတွေမို့ လူ့အခွင့်အရေး ပိုချိုဖောက်ခံရသလား။ အခုန ရော်ဘတ်က ပြောတယ် သွားတိုင်စရာလည်း မရှိဘူး။ တနည်းအားဖြင့် လူ့အခွင့်အရေး စစ်တပ်ရဲ့  ချိုဖောက်ခြင်းကို ခံနေရပေမယ့် တရားဥပဒေ အကာအကွယ်လည်း မရရှိဘူးဖြစ်နေတယ်။ ကိုဝင်းအောင်ရဲ့  တွေ့ရတဲ့ အခြေအနေကို ပြောပြပေးပါ။

ကိုဝင်းအောင် ။ ။ ကျနော်အနေနဲ့ နအဖ စစ်အုပ်စုအောက်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူ့အခွင့်အရေး ချိုဖောက်မှုတွေ ခံနေရတယ်။ စီးပွားရေး ကြပ်တည်းတာတွေကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခံနေရတာပေါ့။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ စစ်တပ်ယူနီဖေါင်း ဝတ်လိုက်တာနဲ့ ဒေသခံပြည်သူလူထုတွေကို နိုင်ထက်စီးနှင်း လုပ်ကြတော့တယ်။ လုပ်ကိုင်စားသောက်ကြတာတွေကို အကုန်လုံး သိမ်းပိုက်ကြပြီး တိုင်းရင်းသူ အမျိုးသမီးလေးတွေကို နှိင်ထက်စီးနှင်း လုပ်တာတွေကို ပိုပြီးတော့ ကျူးလွန်တယ်လို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခုခု နိုင်ထက်စီးနှင်းတာမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်လိုက်တာနဲ့ ဒေသခံတွေအနေနဲ့ တိုင်တန်နိုင်တဲ့ နေရာ၊ တိုင်းတန်တာတွေကို ခြိမ်းခြောက်ခံရတယ်။ ပြည်မနဲ့ အလှမ်းဝေးလို့ ပိုပြီး နှိင်ထက်စီးနှင်း ဖြစ်တာတွေကို ကျနော်အနေနဲ့ ပိုပြီးတွေ့ရပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေက နေရာဒေသ အသီးသီးမှာ ပိုပြီးတော့ စစ်တပ်အနေနဲ့ စစ်တပ်ယူနီဖောင်း ဝတ်လိုက်တာနဲ့ ဒေသခံပြည်သူတွေအပေါ် နိုင်ထက်စီးနှင်း ကျူးကျူးကျော်ကျော်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ရော်ဘတ်ပြောတာက တိုင်းရင်းသားတွေကလည်း အာဏာပိုင်တွေလာရင် ဒီလိုပဲ ပေးရတော့မှာလို့ စွဲနေကြတယ်။ တိုင်တန်မှုလည်း မလုပ်ကြဘူး။ တကယ်တော့ ဒါကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုင်တန်တာတွေ ရှိခဲ့ဘူးပါသလား။

ဆလိုင်းရော်ဘတ် ။ ။ ချင်းပြည်နယ်အတွင်းမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အတင်းအဓမ္မ လုပ်ဆောင်တာတို့ကို တိုင်တန်တာတို့ ချင်းပြည်နယ်မှာ မရှိဘူး။ ဘယ်မှာ သွားတိုင်ပြီး ဘယ်မှာ အကူအညီတောင်းဖို့ ဘာမှမရှိတဲ့အတွက်ကြောင့် ရွာသားတွေက ဒီအတိုင်း သူတို့လာခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်တယ်။ သူတို့တောင်းတဲ့ဟာ ပေးတယ်။ အဲဒီအတိုင်းဘဲ ဖြတ်သန်းနေရတယ်။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဘက်မှာလည်း ထိထိရောက်ရောက်၊ သေသေချာချာ တိုင်တန်ခဲ့တာ၊ အရေးယူပေးဖို့ ပြောဆိုခဲ့တာတွေ ရှိပါသလား။ အဲဒီလုပ်ရပ်နဲ့ အရေးမယူထားတာတွေ ကြုံခဲ့ရပါသလား။

ကိုဝင်းအောင် ။ ။ ရခိုင်ဘက်မှာ အများကြီး ရှိတာပေါ့။ စစ်တပ်က လာရောက် ရိုက်နှိက်တာတွေ၊ မုဒိမ်းကျင့်တာတွေ ရှိနေတော့ လောလောဆယ် တရားစီရင်ရေး နဲ့ နအဖစစ်အုပ်စုယန္တယားက တထပ်တည်း ဖြစ်နေတော့ တရားရုံးတွေကလည်း တော်တော်လေး အဲဒီဟာတွေကို လစ်လျှုရှု့ထားတွေ ရှိတာပေါ့။ လောလောဆယ် တရားဥပဒေ စိုးမိုးရေးဆိုတာကလည်း နအဖ စစ်အုပ်စုရဲ့  ထိန်းချုပ်မှုအောက်မှာ ပျက်သုဉ်းနေတယ် ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ တိုင်တန်တာတွေ ရှိပါသလား။

ကိုဝင်းအောင် ။ ။ တိုင်တာတွေ ရှိပါတယ်။ တိုင်တော့ စစ်တပ်က ခြိမ်းခြောက်မှုတွေ ရှိတယ်။ ထပ်ပြီးတော့ အဲဒီလိုမျိုး သက်ဆိုင်ရာတွေကို မတိုင်ဖို့ ခြိမ်းခြောက်ပြီး ပြစ်ဒဏ်တွေပေးတာ ရှိတယ်။ တော်တော်များများက အဲဒီလို ခြိမ်းခြောက်မှုအောက်မှာ ခံနေရတယ်။ တရားရုံးကလည်း အဲဒါတွေကို ဘယ်လိုမှ အလေးအနက်ထားပြီးတော့ စွက်ဖက်တာမျိုး သိပ်မတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒါကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေ ဆိုကြပါစို့။ အခု ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ၂၀၁၀ မှာ လုပ်မယ်။ အုပ်ချုပ်ရေးသစ်တရပ် ပေါ်ပေါက်လာမယ့်သဘောနဲ့ ပြောနေကြတယ်။ အဲဒီအထဲမှာ ချင်းတိုင်းရင်းသားတချို့ ၊ ရခိုင်တိုင်းရင်းသားတချို့ လည်း ဝင်ပါလာကြလိမ့်မယ်။ အဲဒီ အုပ်ချုပ်ရေးသစ် ပေါ်ပေါက်လာတဲ့အခါကြရင် ဒီကိစ္စတွေ လျှော့ပါးသွားမယ့်အကြောင်း တွေ့ပါသလား။ တိုင်းရင်းသားတွေက အုပ်ချုပ်ရေးထဲမှာ ဒေသခံတွေ ပါလာမယ်။ ဒေသက ရွေးကောက်တဲ့ အာဏာပိုင်တွေ ပါလာမယ်။ အဲဒီတော့ သူတို့လက်ထက်မှာ အာဏာ တစိတ်တဒေသ ရောက်လာတဲ့အခါမှာ ဒီလို လူ့အခွင့်အရေး တဖက်သတ်ချိုးဖောက်မှုတွေ လျှော့ပေါ့သွားနိုင်မယ် အခြေအနေ မြင်ပါသလား။

ဆလိုင်းရော်ဘတ် ။ ။ အဲဒီကိစ္စကို ပြောမယ်ဆိုရင် ကျနော်ထင်တယ် အနည်းအကျဉ်း နိုင်ငံရေးပါတီ ချင်းအမျိုးသားရေးပါတီတို့ လွှတ်တော်ထဲမှာ အနည်းအကျဉ်း ပြောရေးဆိုခွင့် ရလာမယ်ဆိုရင် ချင်းပြည်နယ် အစိုးရ ဖွဲ့ခွင့်ရလာမယ်။ အဲဒီလိုမျိုးဆိုရင်တော့ အနည်းအကျဉ်းကတော့ လူထုအနေနဲ့ သွားတိုင်ပြီးတော့ ဟိုဘက်ကလည်း အပြည့်အစုံမဟုတ်ပေမယ့် အနည်းအကျဉ်း ဟန်ပြအရေးယူပေးမှုတွေ၊ လာရောက်ဖြေရှင်းပေးမှုတွေ အဲဒါမျိုးတွေ အနည်းအကျဉ်း ဖြစ်လာစရာတော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ဥပဒေပြုရေး အာဏာပိုင်အဖွဲ့လိုခေါ်ရမယ့် လွှတ်တော်ပေါ့။ လွှတ်တော်ထဲမှာတော့ သူတို့ပြောပိုင်ခွင့်ရှိတယ်။ တရားစီရင်ရေးတွေကတော့ ခဏထားလိုက် အုပ်ချုပ်ရေးအပိုင်း။ လွှတ်တော်ထဲမှာ သူတို့ မေးမြန်းခွင့်၊ တင်ပြခွင့် ရလာတော့ နည်းနည်းသက်သာလာစရာအကြောင်း ရှိတယ်ပေါ့။ ကိုဝင်းအောင်ရဲ့  သဘောထားလည်း သိပါရစေ။

ကိုဝင်းအောင် ။ ။ ကျနော်က လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ရခိုင်တိုင်းရင်းသားတွေ သွားပြီးဝင်ရောက်ပြိုင်မယ် တိုင်းရင်းသားတွေ ကျနော်အနေနဲ့ နည်းနည်း လေးလေးနက်နက် တွေးရမယ်ကိစ္စလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့နေရာမှာဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်မှာဆို လယ်ယာမြေကဏ္ဍမှာဖြစ်ဖြစ်၊ ဒေသခံလူမျိုးတွေရဲ့  လုပ်ကိုင်စားသောက်ရာတွေကလည်း လောလောဆယ် စစ်တပ်က ထိန်းချုပ်ထားတာများတယ်။ ဒီလိုမျိုး constitution မှာလည်း militarization စစ်တပ်အင်အား လျှော့ချရေးကိုလည်း ပြဌာန်းထားတာ မရှိဘူး။ လောလောဆယ် ဝင်အရွေးခံမယ့် တိုင်းရင်းသားပါတီတွေအနေနဲ့ ကျနော်အမြင်က ပြည်နယ်အဆင့်မှာဖြစ်ဖြစ်၊ လွှတ်တော်အဆင့်မှာဖြစ်ဖြစ် ဒီကိစ္စကို တော်တော်လေး အငြင်းအခုန်လုပ်ပြီးတော့ အရေးတကြီး အလေးပေး လုပ်ရမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုလုပ်ရင် သူတို့ဘက်က လိုက်လျောလာစရာရှိလား။ ဒါကို ကျနော် အဓိက သိချင်တာက အုပ်ချုပ်မှုအသစ်ရောက်တဲ့အခါမှာ စစ်တပ်ရဲ့  လွမ်းမိုးမှု တိုင်းရင်းသားနယ်ပယ်တွေမှာ လျော့သွားမလား။ အရပ်သားတွေရဲ့  သြဇာပိုမိုရှိလာမလားဆိုတာကို သိချင်ပါတယ်။

ကိုဝင်းအောင် ။ ။ လောလောဆယ်တော့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီခေါင်းဆောင်တွေက ကိုယ့်ရဲ့ အမျိုးသား၊ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ထားတဲ့သဘောထား ဖြူစင်မှု၊ စေတနာ၊ အမှန်တရားတွေပေါ် မူတည်နေပါတယ်။ အဲဒါတွေကို သူတို့အနေနဲ့ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ ကိုယ့်အမျိုးသားရေးအတွက်ဖြစ်ဖြစ် ထဲထဲဝင်ဝင် လေးလေးနက်နက် အငြင်းအခုန်လုပ်ပြီးတော့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ဒေသခံပြည်သူတွေရဲ့  အကျိုးစီးပွားနဲ့ လက်ရှိဖြစ်နေတဲ့ ဒုက္ခတွေကို ကယ်တင်နိုင်တဲ့ စိတ်နေစိတ်ထားရှိမှ ဒါမျိုးတွေ ဖြစ်လာနိုင်မယ်လို့ ကျနော်အနေနဲ့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုရော်ဘတ် အနေနဲ့ ကိုဝင်းအောင် ပြောသလို တိုင်းရင်းသားတွေထဲက အရွေးခံမယ် နိုင်ငံရေးသမားတွေ သူတို့ဟာ သူတို့ဒေသကို စိတ်ကောင်းစေတနာကောင်း နဲ့ သတ္တိရှိရှိ တင်ပြရဲတဲ့အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ကိုရော်ဘတ် တို့ ပြည်နယ်မှာ ကိုရော်ဘတ်တို့ တိုင်းရင်းသားတွေ ရွေးကောက်တင်မြောက်မယ့် တိုင်းရင်းသားနိုင်ငံရေးသမားတွေကို ဘယ်လိုမြင်ပါသလဲ။ သူတို့က အဲဒီလို သတ္တိ နဲ့ စေတနာ ရှိကြမယ့် လူတွေလား။

ဆလိုင်းရော်ဘတ် ။ ။ ဟုတ်ကဲ့ အခု ချင်းနိုင်ငံရေးပါတီ ၂၀၁၀ မှာ ဝင်ပြိုင်မယ့် ချင်းအမျိုးသားပါတီ နဲ့ ချင်းပြည်တိုးတက်ရေးပါတီတွေရဲ့  အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ကတော့ လွှတ်တော်ထဲရောက်ရင်တော့ ချင်းပြည်နယ်တိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ပြောဆိုကြမယ်။ ချင်းပြည်နယ်အတွက် အတတ်နိုင်ဆုံး လွှတ်တော်မှာတော့ ပြောမယ်လို့ ပြောဆိုတာရှိကြတယ်။ ဒါပေမဲ့ တကယ်ပဲ လွှတ်တော်မှာ ပြောနိုင်မလား၊ လုပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေပေါ့။ ပြီးတော့ ကျနော်မြင်တာတခုက ဒီပြည်နယ် တိုင်းရင်းသားဒေသတွေမှာတော့ ချင်းပါတီတွေက ဒီလို နှစ်ပါတီခွဲသွားတာမျိုးထက် တစ်ပါတီအနေနဲ့ စုပေါင်းပြီး အမတ်နေရာ အများကြီးရအောင် ဝင်ပြိုင်ပြီး လွှတ်တော်မှာ ချင်းပြည်နယ်မှာ အမတ်များများရအောင် လုပ်ရင်တော့ လွှတ်တော်မှာ စကားပြောတဲ့အခါမှာ ပိုအထောက်အပံ့ဖြစ်မယ်၊ အားသာမယ်လို့ ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ တိုင်းရင်းသား နိုင်ငံရေးသမားအချင်းချင်း စည်းလုံးညီညွတ်မှုက ပိုအရေးကြီးတယ်ဆိုတဲ့ သဘောပေါ့။

ဆလိုင်းရော်ဘတ် ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းအောင် သုံးသပ်ပေးပါ။ ရခိုင်ပြည်နယ်ဘက်ကနေ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာမယ့် နိုင်ငံရေးသမားတွေရဲ့  လုပ်နိုင်ကိုင်နိုင်မယ့် အလားအလာ၊ သူတို့စည်းလုံး ညီညွတ်မှု ပမာဏ က ဘယ်လောက်အထိ ရှိနေပါသလဲ။

ကိုဝင်းအောင် ။ ။ စည်းလုံးညီညွှန်မှုအနေအထားမှာတော့ လောလောဆယ် အခွင့်အရေးသမားတွေ မပါဖို့လိုတယ်လို့ ကျနော်မြင်တယ်။ စိတ်ကောင်းစေတနာကောင်းနဲ့ နအဖရဲ့  အခြေခံဥပဒေဘက်ကို ယိမ်းယိုင်းပြီးတော့ မပါဖို့လိုတယ်လို့ ကျနော်မြင်တယ်။ အပြိုင်အဆိုင်ကတော့ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ လုပ်နေကြတယ်ဆိုတော့ အပြိုင်အဆိုင်တော့ ရှိမယ်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် အစိုးရလက်အောက်မှာ တိုင်းရင်းသားတွေရဲ့  အခွင့်အလမ်း ဘယ်လောက်ပိုမို များပြားလာသလဲဆိုတာကို အဓိက တိုင်းတာရမယ့်အချက်ဟာ ဒီတိုင်းရင်းသားဒေသတွေကို နံမည်ဘယ်လို ပြောင်းပြီး ဘယ်လိုဖွဲ့စည်းထားတာထက် ဒီတိုင်းရင်းသားတွေအပေါ်မှာ စစ်တပ်ရဲ့  ကြီးစိုးမှု၊ နိုင်ထက်စီးနှင်း ပြုလုပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်လျော့ပါးသွားတာနဲ့ အဓိက တိုင်းတာရပါလိမ့်မယ်။

XS
SM
MD
LG