သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥရောပခရီး နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး


ဒီတပတ် မျက်မှောက်ရေးရာသတင်းသုံးသပ်ချက် အစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်တိုင်း ဥရောပခရီးစဉ်ဟာ အစဉ်အလာ တည်ရှိနေတဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ရိုက်ခတ်မှု၊ တရုတ်အစိုးရရဲ့ တုံ့ပြန်မှုများကို ဒေါက်တာအောင်ခင်၊ တရုတ်-မြန်မာ ဆက်ဆံရေးစောင့်ကြည့်လေ့လာနေသူ ဒေါက်တာလှကျော်ဇော တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာသတင်းတွေမှာ၊ ထိပ်တန်းသတင်းအဖြစ် ဖော်ပြပါတယ်။ နောက်ပြီးတော့ အနောက်နိုင်ငံတွေမှာ ပြည်တွင်းသတင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြတာတွေ တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ မီဒီယာလောကအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုဖော်ပြသလဲဆိုတာကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဒေါ်လှကျော်ဇော ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာကတည်းက သူရဲ့ လှုပ်ရှားမှုတွေအတော်များများကို၊ အထူးသဖြင့် ဦးသိန်းစိန်အစိုးရနဲ့ ဆက်ဆံရေးကောင်းလာကတည်းက သူ့ရဲ့ လှုပ်ရှားမှုတော်တော်များများကို တရုတ်ပြည်က တရားဝင် CCTV () တွေမှာ တောက်လျှောက်ပြနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ပွဲတွေ သွားတဲ့ကိစ္စတို့၊ လားရှိုးတို့ဖက်တောင် တက်ပြီးလာတဲ့ကိစ္စတွေဘာတွေ အကုန်လုံးကို တောက်လျှောက်ပြနေပါတယ်။ နိုင်ငံခြားထွက်တဲ့ခရီးကတော့ အဲဒီလောက်တော့ မပြဘူး။ အထူးသဖြင့် တရားဝင်အစိုးရသတင်းတွေမှာ။ ဒါပေမဲ့ အပြင်ဖက်ကရေးတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေနဲ့ ခရီးစဉ်တွေ တော်တော်ဝေဝေဆာဆာ ရေးတာသားတာ၊ ပြောကြားတာတွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အပြင်ဖက်ကရေးတဲ့ မီဒီယာတွေက ထိန်းချုပ်မှု လွတ်ကင်းတဲ့ လွတ်လပ်တဲ့ မီဒီယာတွေလို့ ခေါ်နိုင်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ သူတို့ကို တော်တော်တော့ ရေးခွင့်ပြုခွင့်တော့ ပေးထားပါတယ်။ ပြည်နယ်တိုင်းပြည်နယ်တိုင်း၊ မြို့တိုင်းမြို့တိုင်းက ထွက်တဲ့ စာစောင်လေးတွေမှာတော့ ဓါတ်ပုံတွေ အများအပြားတွေ့ရတယ်။ တော်တော်လေး လွတ်လွတ်လပ်လပ် ရေးနေကြတာ တွေ့ပါတယ်။ နိုဘယ်လ်ဆု ယူတုန်းက ပြောတဲ့မိန့်ခွန်း၊ ILO မိန့်ခွန်း၊ အင်္ဂလန်ပါလီမန်မှာ ပြောတဲ့မိန့်ခွန်းတို့ကို အကျဉ်းချုပ်လေး ထည့်ရေးထားတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော် အထူးသဖြင့် ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းကို ခရီးထွက်နေတုန်းမှာပဲ တရုတ်နိုင်ငံက သတင်းပေါ်ထွက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အစောတလျင် မလုပ်သင့်ဘူး။ နောက်ပြီးတော့ ဒီမိုကရေစီစနစ်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် စနစ်မဟုတ်ဘူးလို့ ရေးသားတာတွေကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာဘယ်လို သုံးသပ်လိုပါသလဲ။

ဦးအောင်ခင် ။ ။ အဲဒီဥစ္စာကတော့ အရင်တုန်းက People’s Daily က Senior Editor Ding Gang ဆိုတာ ဘန်ကောက်မှာ အခြေစိုက်တယ်။ သူက တရုတ်ကွန်မြူနစ်ပါတီထုတ်တဲ့ Global Times မှာ သူရေးတာ။ သူက ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းခရီးထွက်တဲ့ကိစ္စက အနောက်နိုင်ငံတွေက ဝါဒဖြန့်တာ အောင်ပွဲခံသွားတယ်။ ဗမာပြည်အတွက်တော့ ဘာမှမထူးဘူး။ ဗမာပြည်မှာရှိတဲ့ ပြဿနာတွေ - တိုင်းရင်းသားပြဿနာတွေ၊ အခုဖြစ်နေတဲ့ ရခိုင်က မူစလင်ပြဿနာတွေဘာတွေ။ ဒီဟာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါတွေက ဒီမိုကရေစီများလာရင် ပိုပြီးတော့ ပြဿနာပေါ်လာနိုင်တယ်လို့ သူကရေးထားတာ။

ဦးကျော်ဇံသာ ။ ။ သူ့ရဲ့ ဆောင်းပါးထဲမှာ ပါသလို ဒေါ်အောင်ဆန်းစုကြည် ခရီးက အနောက်တိုင်းနိုင်ငံတွေရဲ့ အောင်ပွဲမျှသာဖြစ်တယ်။ မြန်မာပြည်အတွက် မထူးဘူးဖြစ်တယ်ဆိုတာကို ဆရာလက်ခံပါသလား။

ဦးအောင်ခင် ။ ။ သူကတော့ ဒါမျိုး အရင်တုန်းက တရုတ်က မမျှော်လင့်ဘူး။ အနောက်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည် ဒီလိုသွားရလိမ့်မယ်လို့ မမျှော်လင့်ဘူး။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှမမျှော်လင့်ဘူး။ အနောက်တိုင်းက ရှုံးနေပြီလို့ တရုတ်ကတွက်ထားတာ။ အနောက်တိုင်းရဲ့ ထိုးစစ်တွေက မြန်မာပြည်မှာ ဘာမှပြောင်းလဲမှာ မဟုတ်ဘူးလို့ တရုတ်ကတွက်ပြီးတော့။ နောက် ဦးသိန်းစိန်အစိုးရ တက်လာတဲ့အခါကြမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့၊ အမေရိကန်ကလည်း ချဉ်းကပ်၊ နိုင်ငံခြားရေးဝန်ကြီးတွေ တယောက်ပြီးတယောက်လာ ပြောင်းသွားတာ။ ဦးသိန်းစိန်အစိုးရ မဖွဲ့ခင်အခြေအနေနဲ့ ဖွဲ့ပြီးအခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားတဲ့အတွက် အနောက်တိုင်းက အမြတ်ထွက်သွားတယ်လို့ တရုတ်က ဒီလိုပဲ ယူဆတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုပဲ တဆက်တည်း တခုထပ်မေးချင်ပါသေးတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးက စင်္ကာပူမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံအခြေအနေကောင်းရင် သူတို့ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်လုပ်မယ်လို့ ပြောပါတယ်။ ဒါလဲ တရုတ်နိုင်ငံအတွက် စိုးရိမ်စရာ၊ ပေါ်ပေါ်ထင်ထင် စိမ်ခေါ်တဲ့စကားတခွန်းလို့ ဖြစ်မနေဘူးလား။

ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း သဘာဝပေါ့။ မြန်မာပြည်ရဲ့ natural partner က တရုတ်ဖြစ်တယ်။ အမေရိကန်မဟုတ်ဘူး။ အမေရိကန်က အဝေးကြီးမှာနေတယ်။ တရုတ်က အိမ်နီးချင်း ကပ်နေတာ။ အကူအညီပေးနိုင်တာ တရုတ်ပဲဖြစ်တယ်။ ဗမာအစိုးရက လက်နက်တွေယူတာ။ နိုင်ငံပေါင်းစုံက ယူတယ်။ တကမ္ဘာလုံးက လက်နက်တွေ။ ရသမျှ အကုန်ယူတဲ့ အစိုးရဆိုတော့။ အမေရိကန်ဆီက လက်နက်ရမယ်ဆိုရင်လည်း သူလိုချင်မှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာလှကျော်ဇော အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ မြန်မာနိုင်ငံဟာ အနောက်တိုင်းနဲ့ ပိုပြီး နီးစပ်သွားနိုင်တယ့်သဘောမျိုး တွေ့နေရတယ်ဆိုပြီး သူတို့ဖက်က စိုးရိမ်မှုရှိမယ်ဆိုရင် ဘယ်လောက်များ ဘယ်အတိုင်းအတာအထိ တရုတ်အနေနဲ့ စိုးရိမ်မယ်လို့ ထင်ပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ အဲဒီကိစ္စကတော့ သူတို့ဆီမှာလည်း အပြန်အလှန် အခြေအတင် ဆွေးနွေးနေကြတယ်။ တဦးတယောက်က စိတ်ပူတဲ့စကားပြောသလို၊ တဦးတယောက်က ဒါက အခွင့်အရေးလို့ စကားပြောတာတွေရှိတယ်။ ဥပမာ တရုတ်ရဲ့ နိုင်ငံခြားရေးဌာနကိုယ်တိုင်က အမေရိကန် Asia Pacific ကိုဝင်လာတာ ကျနော်တို့အနေနဲ့ ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်မှာ အဆင့်မြင့်နည်းပညာတွေ ရှိတယ်။ အရင်းအနှီးတွေရှိတယ်။ ဒါတွေနဲ့ အပြုသဘောဝင်လာရင် ကျနော်တို့ ကြိုဆိုတယ်။ သို့သော်လည်း Asia Pacific မှာရှိတဲ့ ဒေသမှာဝင်လာတဲ့အခါမှာ နဂိုရှိရင်စွဲ လုံခြုံမှုတွေ၊ တည်ငြိမ်မှုတွေ ပျက်မှာကိုတော့ စိုးရိမ်တယ်ဆိုတာကိုလည်း ပြောတာပဲ။ အခု တရုတ်ပြည်မှာ တော်တော်လေး လွတ်လွတ်လပ်လပ် ပြောခွင့်ပြုတော့ သုတေသနအရာရှိတွေ တော်တော်များများပြောတယ်။ တချို့ကတော့ အမေရိကန် ဒီလို Asia Pacific ကို ဝင်လာတာဟာ စီးပွားရေးကိစ္စလည်း ပါတယ်လို့တွက်တယ်။ စီးပွားရေးက ဘာလဲဆိုတာ ဒီမှာဖြစ်နေတဲ့ hot spots တွေအများကြီးကို - ဥပမာ မြောက်ကိုရီးယားကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ဖိလစ်ပိုင်၊ ဗိယက်နမ်တို့နဲ့ တရုတ်နဲ့ ဖြစ်နေတဲ့ကိစ္စတွေ ဒီဟာတွေအားလုံးမှာ ရေနှောက်ငါးဖမ်း၊ အဲဒါတွေအားလုံးက မပွပွအောင်လုပ်ပြီး အမေရိကန်က သူ့လက်နက်တွေ ထုတ်ရောင်းဖို့အတွက် ဈေးကွက်ဖမ်းတည်တာလို့ တွက်ကြတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်က မြန်မာနိုင်ငံကို လက်နက်ရောင်းဖို့အတွက်ဆိုတာ။ တရုတ်ကလည်း မြန်မာနိုင်ငံကို တချိန်လုံး လက်နက်တွေ ရောင်းနေခဲ့တာ မဟုတ်ဘူးလား။ ဒီကိစ္စမှာ သူတို့ရဲ့ လက်နက်ဈေးကွက် သူများကို ဖဲ့ပေးရမယ်ဆိုတဲ့ စိုးရိမ်မှုမျိုး မရှိနိုင်ဘူးလား။

ဒေါ်လှကျော်ဇော ။ ။ ဒါက နိုင်ငံကြီးတွေအားလုံးမှာ ဒီပြဿနာတွေက ပုံမှန်ပဲ။ ကျမတို့ ကြည့်ရမှာက ကိုယ့်နိုင်ငံဖက်က ကြည့်ရမှာ။ နိုင်ငံငယ်တွေအတွက်က နှစ်လမ်းသွားသွားကြတယ်။ ဖိလစ်ပိုင်၊ ဗိယက်နမ်ပဲဖြစ်ဖြစ် သူတို့က လုံခြုံရေးအရ အမေရိကန်ကို အားကိုးတာအမှန်ပဲ။ အဆင့်မြင့်လက်နက်တွေ ဘာတွေရှိတာရယ်။ အကုန်လုံး အားကိုးတယ်။ ထို့အတူ စီးပွားရေးကြတော့ တရုတ်ကို မပစ်ပယ်ထားနိုင်ဘူး။ တရုတ်က ဝယ်နိုင်အား တအားတက်လာတယ်။ ဒါကြောင့်မို့ အာဆီယံနဲ့ တရုတ်နဲ့ လွတ်လပ်တဲ့ဈေးကွက်တို့။ နောက် မကြာခင် အရှေ့အာရှ လွတ်လပ်တဲ့ ဈေးကွက်ကြီးဖြစ်အောင် ကြိုးစားနေတဲ့ကိစ္စ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးအားဖြင့် တရုတ်ကို ပစ်ပယ်လို့ မရဘူးဆိုတာကို တွေ့ရတယ်။ နိုင်ငံငယ်တွေအနေနဲ့ နှစ်ဖက်စလုံးကို ပေါင်းရမှာပဲ။ အမေရိကန်ကိုလည်း မိမိရဲ့ လုံခြုံရေးအတွက်။ မိမိရဲ့ လက်နက်ဘာညာ အဲဒါတွေရဖို့အတွက် ပေါင်းရမယ်။ ထို့အတူ စီးပွားရေးဈေးကွက်အနေနဲ့ တရုတ်ကို လက်မလွှတ်နိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံငယ်တိုင်း လုပ်ရမယ့်ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံကို အမေရိကန်ကလည်း လက်နက်ရောင်းလာမယ်ဆိုကြပါစို့။ တရုတ်နဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံကို လက်နက်ပြိုင်ရောင်းကြမလား။ မြန်မာဖက်ကလည်း အမေရိကန်လက်နက် ပိုလိုချင်မှာပဲ။ ဘယ်လို သဘောရပါသလဲ။

ဦးအောင်ခင် ။ ။ အစောက ဒေါ်လှကျော်ဇော ပြောသွားသလို တရုတ်ဖက်မှာလည်း အမြင်တွေရှိတယ်။ တချို့ကတော့ တရုတ်က အမေရိကန်နဲ့ ဆက်ဆံတဲ့နေရာမှာ မြန်မာပြည်မှာ zero sum gain - အမေရိကန်ဝင်ရင် အမေရိကန်ဝင်သလောက် တရုတ်က ရှုံးတယ်လို့ တွက်တာမျိုးလည်းရှိတယ်။ တချို့ကြတော့လည်း ဒီလို မမြင်ဘူး။ ကျနော် လေ့လာမိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနောက်နိုင်ငံတွေ သွားတဲ့ကိစ္စတွေဘာတွေ ဒီထဲမှာပါသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေမှာ မြစ်ဆုံကိစ္စကစပြီးတော့ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အပြောင်းအလဲတခု ဖြစ်ရမယ့် အကြပ်အတည်းကာလ။ ဒီအကြပ်အတည်းကာလ လောလောဆယ် ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းသွားတဲ့အခါကြတော့ ဒီဥစ္စာတွေက အကုန်လုံး ဂယက်ရိုက်ကုန်တာပေါ့။ ကျနော်အမြင်ကတော့ ဗမာအစိုးရအနေနဲ့ တရုတ်ကို လက်လွှတ်လို့ကတော့ မဖြစ်ဘူး။ တရုတ်က သူ့ရဲ့ natural partner ဖြစ်တယ်။ ဒါပေမဲ့ တရုတ်ကို over reliance အမြဲတမ်း အရင်တုန်းကလို အဆမတန် မှီခိုပြီး တရုတ်က နိုင်ငံရေး၊ စီးပွားရေး အကုန်လုံး တရုတ်ကို မှီခိုတော့ တရုတ်ကလည်း လက်ဝါးကြီးအုပ်တဲ့ အပိုင်းက ရှိတာပေါ့။ အဲဒီအခြေအနေကို တွန်းလှန်ပြီးတော့ အနောက်တိုင်းရဲ့ အကူအညီလည်း ယူမယ်ဆိုပြီးတော့ အရင်တုန်းကလို balance ကြားနေရေးသဘော။ တရုတ်ကို အလွန်အကျွံ မှီခိုတဲ့အဖြစ်ကို မရောက်အောင် ဗမာအစိုးရက ကြိုးစားနေတဲ့ကာလ ဖြစ်တဲ့အတွက် ဒီဟာတွေက အငြင်းပွားစရာတွေ၊ ဝေဖန်စရာတွေ အများကြီးပေါ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စီးပွားရေးအားဖြင့်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရင် ကောင်းမယ်ဆိုတာ စောစောက ဒေါ်လှကျော်ဇော ပြောတဲ့ အမြင်မျိုးတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ မဟာဗျူဟာအရ ကြည့်မယ်ဆိုရင် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းဒေသကို မြန်မာနိုင်ငံကတဆင့် ဝင်ချင်တယ်။ အိန္ဒိယတွေက ပြောတယ် သူတို့ကို လည်းပင်မှာ ပုလဲကုံးစွဲသလို အိန္ဒိယတိုက်နယ်တလျှောက်မှာ တရုတ်စစ်စခန်းတွေထားပြီး သူတို့ကြိုးစားနေတယ်။ ပါကစ္စတန်အထိဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ အခုလို အမေရိကန်ပျော့လာတဲ့အခါ တရုတ်ဖက်က မဟာဗျူဟာအရ စိုးရိမ်မှုတွေ မမြင့်မားလာနိုင်ဘူးလား။

ဦးအောင်ခင် ။ ။ လောလောဆယ်ကတော့ တရုတ်ရဲ့ ရေရှည်မဟာဗျူဟာကတော့ ပြောင်းသွားမှာ မဟုတ်ဘူး။ လောလောဆယ်တော့ ဗမာအစိုးရ ပြောင်းလာတဲ့ အကြပ်အတည်းကလာ ကျော်လွန်အောင်တော့ တရုတ်ကတော့ အရင်တုန်းကလို တဖတ်သက် အကုန်လုံးပေးပြီး ဝင်လို့မရတော့ဘူးဆိုတာကိုတော့ သူတို့ သိသွားပြီ။ အရင်တုန်းကလို့ လက်ဝါးကြီးအုပ်ပြီး တဖတ်သက်လုပ်လို့ မရတော့ဘူး။ စောင့်ကြည့်ရမယ်။ အကြပ်အတည်းကာလမှာ ဒါတွေရှိတယ်။ ဒါပေမဲ့ ရေရှည်မဟာဗျူဟာကတော့ တရုတ်က ပြောင်းမှာမဟုတ်ဘူး။ စောစောက ကိုကျော်ဇံသာ ပြောသလို အိန္ဒိယထွက်ပေါက် ပိုက်လိုင်းကြီးကလည်း ဆောက်နေပြီဆိုတော့ အရင်တုန်းကလို လုပ်ပုံလုပ်နည်း ပြောင်းသွားမယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက လုပ်ပုံလုပ်နည်းကို ဗမာက လက်မခံတော့ဘူးဆိုတော့ ကောင်းကောင်းသိနေပြီ။ နောက် တက်လာမယ့် အစိုးရ၊ ဒီမိုကရေစီအသိုင်းအဝိုင်း၊ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သဘောထား။ ဒါတွေအားလုံး သူတို့ ထည့်သွင်းဆွေးနွေးရမယ်ဆိုတာကိုလည်း သူတို့ သိရှိသွား ပိုပြီးနားလည်းလာမယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် နည်းဗျူဟာအရ ပြောင်းလဲမှု ရှိကောင်းရှိလာမယ်လို့ ဆရာသုံးသပ်ပါတယ်။ ဒေါ်လှအနေနဲ့ ဒီကိစ္စကို ဘာပြောလိုပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ ဟုတ်ပါတယ်။ တရုတ်ပြည်ရဲ့ မဟာဗျူဟာ strategy က ဘေးပတ်ဝန်းကျင် နိုင်ငံတွေအားလုံးကို သူက မဟာမိတ်ဖွဲ့ထားရေး။ ရေရှည်မဟာမိတ်အဖြစ် ဖွဲ့ထားရေး။ ဒါပေမဲ့ သူ့မှာ စီမံကိန်းတွေက အခုနပြောသလို အများကြီးရှိပါတယ်။ ဒီဟာ ဥပမာအားဖြင့် မြစ်ဆုံကိစ္စလိုဟာမျိုးဆိုပါတော့ ဒီဟာမဖြစ်ရင် ဘယ်ဟာလုပ်မလဲဆိုတာ အဲဒီဟာမျိုးတွေ သူမှာအများကြီးရှိတယ်။ သူမှာ တခြားလမ်းပေါက်တွေ အများကြီးရှိတယ်။ သူက ဥပမာ စွမ်းအင်စုဆောင်းတယ်ဆိုတာကလည်း ဗမာပြည်က ဘယ်လောက်မှ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိဘူး။ တခြားလမ်းတွေလည်း အများကြီး ဖွင့်ထားတယ်။ ဥပမာ ရုရှား ဆိုက်ဗေးရီးယားက ဖြတ်ပြီး ဖောက်ထားတဲ့ဟာတွေရှိတယ်။ ပါကစ္စတန်မှာလည်း ရေနက်သင်္ဘောဆိပ် ဆောက်ထားတာရှိတယ်။ ရှန်ဟိုင် ပူးပေါင်းဆောင်ရွက်ရေးဆိုတာကလည်း သူက ရေနံတို့ဘာတို့ စုဆောင်းရေးအတွက်။ သူ့မှာ တခြားလမ်းတွေ အများကြီးရှိပါတယ်။ နိုင်ငံကြီးတွေမှာက သနင်္ဂဗျူဟာတွေလည်း အများကြီး။ ဒီအောက်က ကျင့်သုံးမယ့် နည်းနာတွေလည်း အများကြီးပါ။ ဒီဟာတွေကြားထဲမှာ ကျမတို့ မြန်မာနိုင်ငံတွေက ကစားတတ်ဖို့ လိုတာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာကို နောက်ဆုံး မေးချင်ပါတယ်။ လက်ရှိ နိုင်ငံခြားဆက်ဆံရေးပိုင်းကို တရုတ်-မြန်မာ ဆက်ဆံရေးပိုင်းကို အဓိကပြောနေကြပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီအင်အားစုက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အပိုင်းမှာ ပါလာမယ်။ လုပ်နိုင်ကိုင်နိုင်မယ့်အပိုင်းမှာ ပါလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး ပုံသဏ္ဍာန်ပြောင်းလဲလာမယ့် အခြေအနေရှိပါသလား။ ဒေါ်အောင်ဆန်းစုကြည် က အနောက်ကို ပိုအားကိုးတယ်လို့ တချို့ကဆိုကြပါတယ်။

ဦးအောင်ခင် ။ ။ အများကြီး ပြောင်းလဲလာနိုင်တာပေါ့။ အရင်တုန်းကတော့ အာဏာရှင်မျက်နာကို မော်ကြည့်နေရတဲ့ အချိန်။ အဲဒီတုန်းက သိတဲ့အတိုင်း ဗိုလ်ချုပ်ခင်ညွှန့်တို့ ထောက်လှမ်းရေးအုပ်စုက နိုင်ငံခြားခရီးမှာ တမျိုးတမြည်းလုပ်ချင်ပေမယ့်လည်း တဖတ်က အာဏာရှင်က တမျိုးဖြစ်နေတော့ လုပ်လို့မရဘူးပေါ့။ အဲဒီတော့ အစိုးရစနစ်ပေါ်မှာ မူတည်တယ်။ အစိုးရစနစ်က ပွင့်လင်းရင် ပွင့်လင်းလာသလို နိုင်ငံခြားဆက်ဆံရေးမှာ အများကြီး ပြောင်းလဲလာနိုင်တယ်။ အခု တရုတ်၊ ရုရှာတို့မှာ ပထဝီ အပြောင်းအလဲလာသလို ဗမာပြည်မှာလည်း ပြောင်းလဲလာနိုင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှရဲ့ နောက်ဆုံးသဘောထားကိုလည်း သိပါရစေ။ နိုင်ငံခြားဆက်ဆံရေး အလားအလာက ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့အနေနဲ့ နိုင်ငံရေးမှာ ပိုပြီးပြောခွင့်ဆိုခွင့် လုပ်ပိုင်ခွင့် ရှိလာရင် ဘယ်လိုဖြစ်လာနိုင်မယ် ထင်ပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ အနောက်တိုင်းနဲ့ ဆက်ဆံရေးတွေ ပိုပွင့်လင်းလာမယ်ဆိုတာတော့ မှန်ပါတယ်။ ထို့အတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနောက်ပိုင်းကိုပဲ သိပ်ပြီးတိမ်စောင်းမယ်လို့ မထင်ပါဘူး။ သူပြောတဲ့ စကားတွေတောက်လျှောက်မှာလည်း တရုတ်ဟာ အိမ်နီးနားချင်း ဖြစ်တဲ့အတွက် အိမ်နီးချင်းတွေနဲ့လည်း ဆက်ဆံရေးကောင်းဖို့လိုတယ်ဆိုတော့ သူက ဆက်လက်ပြီးတော့ တရုတ်ပြည်နယ်လည်း ဆက်ဆံရေးပြေပြစ်အောင် ဆက်လုပ်မှာပါ။ တရုတ်ပြည်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လေးစားသမူရှိပါတယ်။

XS
SM
MD
LG