သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်အာဏာရှင် နဲ့ တော်လှန်ကျောင်းသား


မြန်မာနိုင်ငံမှာ ဘာကြောင့် ကျောင်းသားတွေ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်နေရပါသလဲ။ ဘာကြောင့် နိုင်ငံရေးမှာ အသက်သွေးချွေးတွေ စတေးခံ နေရပါသလဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား သွေးမြေကျ သေဆုံးခဲ့ရတဲ့ ဇူလိုင်လ (၇) ရက် အရေးတော်ပုံ (၄၈) နှစ်မြောက် အမှတ်တရအဖြစ် ကျောင်းသားသမဂ္ဂမှာ ၁၉၅၀ ပြည့်လွန်က ပါဝင်လှုပ်ရှားခဲ့တဲ့ ဦးလှဖေ၊ ၁၉၈၈ နောက်ပိုင်းမှာ ပါဝင်လှုပ်ရှားခဲ့သူ ကိုသွင်လင်းအောင် တို့နဲ့ ဦးကျော်ဇံသာ, က ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဦးလှဖေ ကို မေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားမှုဟာ ၁၉၂၀ ပထမကျောင်းသား သပိတ်ဟာ ကိုလိုနီကျွန်ပညာရေးစံနစ်ကို ဆန့်ကျင်ပြီး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရေးကိစ္စ။ နောက်ပိုင်းမှာ လွတ်လပ်ရေးရရှိဖို့အတွက်လည်း ပါသင့်တယ်ဆိုပြီး နိုင်ငံရေးစိတ်ဓါတ်ဟာ ပညာရေးသာမက နိုင်ငံရေးအတွက်ပါ ပါဝင်ဆောင်ရွက်လာကြပါတယ်။ ဦးလှဖေ တို့ ကျောင်းသားသမဂ္ဂမှာ ပါဝင်ဆောင်ရွက်တဲ့အခါမှာ အယူအဆဟာ ပညာရေးသက်သက်လား သို့မဟုတ် နိုင်ငံရေးအတွက်ပါ လုပ်ရမယ်ဆိုတာကို ရှင်းပြပေးပါ။

ဦးလှဖေ ။ ။ ကျနော်တို့တုန်းက သိပ်ပြီးတက်တက်ကြွကြွ ပါရမယ်ဆိုတဲ့ အယူအဆနည်းပါတယ်။ နိုင်ငံရေးကို လေ့လာရမယ်ဆိုတာလောက်ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတုန်းက လှုပ်ရှားမှုက ပညာရေးကို အခြေခံပြီးလုပ်ခဲ့တာပေါ့။

ဦးလှဖေ ။ ။ ပညာရေးကို အခြေခံတယ်။ နောက်ပြီးတော့ ပညာရေးကို အခြေခံပြီးတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း၊ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ထူးထောင်ကြမလဲ။ အဲဒါကို ကျနော်တို့ မိဘတွေကိုယ်တိုင်က အဲဒါကို အားပေးပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသွင်လင်းအောင် တို့ ခေတ်ကျတော့ ၈၈ ပတ်ဝန်းကျင်မှာ လုပ်လာတဲ့ ကျောင်းသားလှုပ်ရှားမှုကြတော့ ပညာရေးကို အခြေခံပြီးလုပ်တဲ့ကိစ္စလား။ သို့မဟုတ် နိုင်ငံရေး အများကြီးပါဝင်နေပြီလား။

ကိုသွင်လင်းအောင် ။ ။ ကျနော်တို့အချိန်မှာက ကျောင်းသားလှုပ်ရှားမှုတွေက စတဲ့အခါမှာတော့ ကျောင်းသားအရေးတွေနဲ့ စကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ကျောင်းသားအရေးဆိုတာကလည်း အစိုးရရဲ့ အားနည်းချက်တွေ၊ အစိုးရရဲ့ လွှဲမှားချက်တွေကြောင့် ဖြစ်နေတယ်ဆိုတာကို အားလုံးက သိရှိတဲ့အခါ နောက်ဆုံးတော့ နိုင်ငံရေးကို ရောက်သွားကြတယ်။ ကျနော်တို့အချိန်မှာတော့ ကျနော်တို့ ကျောင်းသားလှုပ်ရှားမှုတွေက နိုင်ငံဘက်ကို ပိုပြီးဇောင်းပေတယ်၊ ဦးတည်တယ်လို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးလှဖေတို့ ခေတ်တုန်းက အဲဒီမှာ နိုင်ငံရေးသမားတွေက သူတို့နိုင်ငံရေး အာဏာရရှိရေးအတွက် လက်ယာသမားတွေကလည်း DSO (Democratic Student Organization) ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့အစည်းတွေကို တက္ကသိုလ်ထဲမှာ ဖွဲ့စည်းခွင့်ပေးသလို။ တချို့စွပ်စွဲချက်တွေကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ ကေဒါတွေလည်း ကျောင်းသားသမဂ္ဂထဲမှာ လှုပ်ရှားနေတယ်ဆိုပြီး နိုင်ငံရေးအားဖြင့် ပြင်ပနိုင်ငံရေးလောကရဲ့ ဂယက်တွေလည်း ကျောင်းသားတွေထဲမှာ လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်လောက်ပြင်းပြင်းထန်ထန် ရှိခဲ့ပါသလဲ။

ဦးလှဖေ ။ ။ ကျောင်းသားထဲမှာတော့ နိုင်ငံရေးအမျိုးမျိုးရဲ့ ဂယက်တွေ စရိုက်တွေကတော့ ပါနေပါတယ်။ ဒါပေမဲ့ ပြောင်းလဲသွားတာက စောစောကပြောတဲ့ DSO ဒီမိုကရက်တစ် ကျောင်းသားအဖွဲ့ ကို ဖဆပလ ခေါင်းဆောင်ပိုင်းက မြေတောင်မြှောက်ပေးထားတာပါ။ သူတို့က ကျောင်းသားအဖွဲ့အစည်းတွေထဲမှာ အတော်လေး ခေါင်းဆောင်မှုကို ရခဲ့ကြပါတယ်။ ကျောင်းသားရွေးကောက်ပွဲ လုပ်တိုင်း သူတို့နိုင်တာ များပါတယ်။ ဒါပေမဲ့ အဲဒီ ခေါင်းဆောင်ခဲ့တဲ့လူတွေမှာ အကျင်းစာရိတ္တနည်းနည်း ချို့ယွင်းပါတယ်။ ဒါကြောင့်မို့ သူတို့လို ကျောင်းသားအင်အားစုက အားကောင်းလာခဲ့ကြပါတယ်။ အဲဒီမှာစပြီး ကျောင်းသားလှုပ်ရှားမှုထဲမှာ လက်ဝဲနည်းနည်းဆန်လာတာတွေ များလာတာကို အစိုးရကိုယ်တိုင်ကမြင်လာပြီး တပ်ဦးအဖွဲ့ကို ငါတို့ နှိမ်ရမယ်ဆိုတာမျိုး ပေါ်လာခဲ့ပါတယ်။ အဲဒါ ၅၃ ခုနှစ် ကျနော်တက္ကသိုလ် ရောက်တဲ့နှစ်ပါ။

ဦးကျော်ဇံသာ ။ ။ ကိုသွင်လင်းအောင်တို့ခေတ်မှာတော့ ကျောင်းသားသမဂ္ဂဟာ အဲဒီလို တရားဝင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဘယ်အဖွဲ့အစည်းမှာ လွတ်လွတ်လပ်လပ် မရှိတော့ဘူးဆိုပြီး ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကိုလည်း မြန်မာဆိုရှယ်လစ်ပါတီ တပါတီအာဏာရှင်တို့ကပဲ လမ်းစဉ်လူငယ်တို့ ဘာတို့ ဖွဲ့လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျောင်းသားသမဂ္ဂ ဘယ်လိုရပ်တည်ခဲ့ကြသလဲ။ အစိုးရကို တုံ့ပြန်ပြီးတော့ ရပ်တည်သလား။ သို့မဟုတ် အစဉ်အလာရှိခဲ့တာကိုပဲ ဆက်ခံသလား။ အဲဒီအချိန်မှာ မြေအောက်လှုပ်ရှားမှု အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိသလားဆိုတာကို နည်းနည်းရှင်းပြပါ။

ကိုသွင်လင်းအောင် ။ ။ ကျနော်တို့က အဓိက ၈၈ မှ ကျောင်းသားသမဂ္ဂမှာ စပြီးပါခဲ့တဲ့လူတွေ။ ကျနော်ဆိုရင် ၁၉၈၅-၈၆ (၉) တန်းလောက်မှာ Severn July နဲ့ ပတ်သက်တဲ့အကြောင်းတွေ။ အဲဒီအချိန်က မဆလအသွင်ပြောင်းထားတဲ့ စစ်အစိုးရက Seven July မှာ ကျောင်းသားသမဂ္ဂကို ဖြိုခွဲခဲ့တယ်။ ကျောင်းသားတွေကို ဖိနှိပ်ခဲ့တယ်ဆိုတာတွေကို အဲဒီအချိန်လောက်ကတည်းက သိနေခဲ့တယ်။ ကျောင်းသားတွေရဲ့ စိတ်ထဲမှာက အဲဒီအချိန်မှာ ဗကသဆိုတာ မရှိပေမယ့် ဗကသစိတ်ဓါတ်ကတော့ ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ကိန်အောင်းနေတယ်။ ဒီတော့ ၁၉၈၈ ရောက်တဲ့အခါကြတော့ ကျောင်းသားသမဂ္ဂကြီးပေါ်လာတဲ့အခါကြတော့ ကျနော်တို့က အင်တိုက်အားတိုက်နဲ့ ဝင်ခဲ့တယ်။ အလုပ်လုပ်ခဲ့တယ်။ မတရားတာ၊ ဖိနှိပ်တာကို ဆန့်ကျင်ရမယ်ဆိုတဲ့စိတ်ကတော့ ၁၉၆၂ ဇူလိုင် (၇) နောက်ပိုင်းမှာ generation အလိုက် generation အဲဒီစိတ်က ပါနေပြီလို့ ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက သမိုင်းကြောင်းနဲ့ ကျောင်းသားလှုပ်ရှားမှု အသွင်သဏ္ဍာန်လို့ ဆိုကြပါစို့။ ကျနော် နောက်တခု သိချင်တာက မြန်မာနိုင်ငံကျောင်းသားတွေဟာ နိုင်ငံရေးအတွက် ပိုပြီးအနှစ်ခံရတယ်၊ စတေးခံရတာ အင်မတန်များတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါ ဘာကြောင့်များ အဲဒီလို ဖြစ်ရပါသလဲ။ ကျန်တဲ့နိုင်ငံတွေမှာကြတော့ နိုင်ငံရေးလှုပ်ရှားမှုဟာ နိုင်ငံရေးသမားတွေလုပ်ပြီး ကျောင်းသားတွေပါပေမယ့် မြန်မာကျောင်းသားတွေလို အသတ်ခံရတာ၊ သွေးချောင်းစီးရတာ၊ စာသင်ကျောင်းကိုပြစ်ပြီး တောခိုရတာ၊ ကျောင်းသားတပ်မတော်ဆိုတာတောင် ပေါ်လာတဲ့အထိ မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုက ဖြစ်ခဲ့ရပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။ အဲဒီလို မဖြစ်ဘဲနဲ့ ကျောင်းသားတွေဟာ ပညာရေးလမ်းကြောင်းကို တဆိုက်မတ်မတ်သွားနိုင်အောင် ဘာများလိုအပ်တယ် ထင်ပါသလဲ။

ဦးလှဖေ ။ ။ ကျနော်တို့ အခုနပြောသလို ကျောင်းသားကို ဖဆပလ ထဲမှာ ဦးနုကိုယ်တိုင် ကျနော်တို့ ပတ်သက်ရင် နားလည်မှုလွဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ပြည်တွင်းမှာ ပြည်တွင်းစစ်ရှိနေတာ တိုင်းပြည်အတွက် သိပ်ပြီးဆိုးတယ်။ ဒါကြောင့်မို့ ပြည်တွင်းစစ်ရပ်ရေးဆိုတာ အချင်းချင်းတိုက်နေတဲ့ ပြည်တွင်းစစ်ရပ်စဲပြစ်ရေးကို ကပွဲတွေလုပ်တယ်၊ အမျိုးမျိုး စည်းရုံးတဲ့အခါမှာ ပြည်သူလူထုက အများကြီးထောက်ခံခဲ့ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲတွေမှာ ဖဆပလ က သူမဲနည်းတာကို ကြည့်ပြီးတော့ ဒီလို ပြည်တွင်းစစ်ရပ်စဲရေးအကောင်တွေက ငါတို့ကို နှောက်ယှက်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ကို ဖဆပလ က နှိမ်နှင်းရေးလုပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်ပြောချင်တာက ဒီလို ကျောင်းသားတွေက နိုင်ငံရေးအတွက် ပါဝင်ပတ်သက်လာပြီး အခုလို ဗမာပြည်မှာ အများဆုံးသေကြရတယ်၊ အနှစ်နာခံကြရတယ် ဖြစ်ရပ်မျိုး အဲဒီလိုမျိုး မဖြစ်ရအောင် ကယ်တင်တဲ့ နည်းလမ်းများ ထွက်ပေါက်များ ရှိပါသလား။ ဘယ်လိုမျိုးလုပ်ရင် ကောင်းပါမလဲ။ ပညာရေးစံနစ်ကောင်းဖို့လိုလား၊ နိုင်ငံရေးစံနစ် ပြောင်းဖို့လိုသလား။ ဘယ်လိုမြင်ပါသလဲ။

ဦးလှဖေ ။ ။ ဟုတ်ကဲ့ အဲဒါက ပညာရေးစံနစ် ပြုပြင်ပြောင်းလဲရေးလိုတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ နိုင်ငံရေးလူကြီးများက ကောင်းကောင်းမြင်ဖို့ လိုပါတယ်။ ကျောင်းသားများ ပညာရေးနှီးနှောဖလှယ်ပွဲကို ၅၈ ခုနှစ်မှာလုပ်တယ်။ စာတမ်းတွေ အများကြီးကောင်းတယ်။ အဲဒီ ကောင်းတဲ့အချက်တွေ အကုန်လုံးက ချောင်ထိုးထားတဲ့ အထုပ်တွေထဲရောက်သွားပါတယ်။ ဒါကြောင့် ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့က ဖဆပလ ကိုယ်တိုင်က လိုက်လိုက်ပြီး ပိတ်တဲ့အထဲမှာ ပါတယ်။ ဒီကောင်တွေ တက်သွားရင် ငါတို့ထက် နိုင်ငံရေးအားကောင်းသွားမယ်လို့ သူတို့အထဲမှာ စိုရိမ်တဲ့လူတွေ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသွင်လင်းအောင် တို့အနေနဲ့ အခုကျောင်းသားလှုပ်ရှားမှုကို ကြည့်မယ်ဆိုရင် ကျောင်းသားတွေဟာ ပညာရေးပြုပြင်ပြောင်းလဲလိုက်ပြီး သိပ်အာမခံချက်ရှိတဲ့ ပညာရေးစံနစ်ဖြစ်လာရင် ဒီကျောင်းသားတွေဟာ နိုင်ငံရေးမှာပါဝင်ပြီး အသေခံရတဲ့ဒုက္ခက လွတ်ငြိမ်းကြမလား။ သို့မဟုတ် နိုင်ငံရေးစံနစ်ကိုပါ ပြောင်းချင်ကြတာလား။

ကိုသွင်လင်းအောင် ။ ။ ကျနော်ကတော့ နိုင်ငံရေးစံနစ်က ပိုအရေးကြီးတယ်လို့ ကျနော်ယူဆတယ်။ မြန်မာနိုင်ငံက ကျောင်းသားလှုပ်ရှားမှုက လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတယ်။ အဲဒါကို ပြန်ကြည့်ရင် ပညာရှင်တယောက်လည်း ပြောဘူးပါတယ် စာသင်ခန်းတွေကနေ တော်လှန်စိတ် မွေးဖွါးတယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျောင်းသားတွေက နိုင်ငံရေးစိတ် နှိုးကြားလာတဲ့သဘောရှိတယ်။ နောက်တခုက ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ကိုလိုနီနိုင်ငံတွေမှာ နိုင်ငံရေး တော်လှန်ရမယ်ဆိုတဲ့ အသိနှိုးကြားတာက ကွန်မြူနစ်ဝါဒကြောင့် နိုးကြားကြတာများတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်ချင်တော့ ကွန်မြူနစ်ဝါဒက သူရဲ့ အလုပ်သမားလူတန်းစားတွေမှာ ဖွံ့ဖြိုးရမယ့်အစား မြန်မာနိုင်ငံမှာတော့ ကျောင်းသားလူတန်းစားမှာ အခြေတည်တာကို တွေ့ရတယ်။ ဒီတော့ ကျောင်းသားတွေက အဲဒီလို အခြေခံမျိုးနဲ့ နိုင်ငံရေးမှာ နိုးကြားမှုအရမ်းမြင့်သွားပြီး တော်လှန်ရမယ်ဆိုတဲ့ စိတ်က အဲဒီမှာဝင်လာတယ်။ အားလုံးကလည်း အစကတည်းက မတရားရင် မခံဘူးဆိုတဲ့ ငါတို့ အဖိုးအဖွား ကျောင်းသားတွေက အဲဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ အသိတွေက နောက်ပိုင်းကျောင်းသားတွေမှာလည်း ဝင်လာတဲ့အခါကြတော့ ဒီလို နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ရှေ့ကပါရမယ်ဆိုတာ ကျောင်းသားတွေရဲ့ မသိစိတ်မှာ ကိန်းအောင်ရှိနေတယ်။ ဒါကတော့ တော်လှန်ရေးစတဲ့ဟာပေါ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ တော်လှန်ရေးသမိုင်းမှာ ပြောရလို့ရှိရင် တက်လာတဲ့ အစိုးရတွေကိုယ်တိုင်ကလည်း ဥပမာ ဦးနု ဆိုရင် ကျောင်းသားသမဂ္ဂမှာ သူကိုယ်တိုင်ပါခဲ့တယ်။ ဒါပေမဲ့ သူတက်လာပြီး သူမဟုတ်တာလုပ်ရင် ကျောင်းသားသမဂ္ဂက သူကိုပြန်ကန်မှာဆိုတာကို သူသိပြီသာ။ ပြောရလို့ရှိရင် တက်လာတဲ့ အစိုးရတိုင်းက တက်လာကတည်းက သန္ဓေမမှန်ဘူးလို့ ဆိုရလိမ့်မယ်။ သူတို့က တချိန်ကျရင် သူတို့မဟုတ်တာတွေ လုပ်မိကြမယ်လို့ သိနေသလိုပဲ။ အဲဒီလို လုပ်မိတဲ့အချိန်မှာ ကျောင်းသားတွေဟာ ငါတို့တုန်းကလည်း ဒီလိုတော်လှန်ခဲ့ကြတယ်။ အခု ငါတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါတို့လွဲရင် သူတို့တော်လှန်ကြမယ်ဆိုပြီး ဖိနှိပ်ခဲ့ကြတယ်။ အဲဒီလိုထင်တယ်။ ဦးနုလည်း ဦးနုအလျှောက် ဖိနှိပ်ခဲ့တယ်။ ဦးနေဝင်းလည်း ဦးနေဝင်း အလျှောက် ဖိနှိပ်ခဲ့တယ်။ အခု ၁၉၈၈ ခုနှစ်က တက်လာတဲ့ စစ်အစိုးလည်း ဖိနှိပ်တယ်။ အဲဒီအခါကြတော့ တော်လှန်စိတ်ရှိတဲ့ ကျောင်းသားနဲ့ ဖိနှိပ်တဲ့ အစိုးရတို့ တွေ့ကြတဲ့အခါကြတော့ သွေးချောင်းစီးနေရတယ်။ အဲဒါကြောင့် အဓိကတော့ နိုင်ငံရေးပြောင်းလဲမှုက ပိုလိုအပ်တယ်ဆိုတာကို ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက ကွန်မြူနစ်ဝါဒဟာ အဖိနှိပ်ခံဘက်က တော်လှန်ရမယ်ဆိုတဲ့ သဘောထားကို အဓိကပြောတယ်။ အဲဒါကြောင့်လည်း နိုးကြားခဲ့တာ မှန်ပါတယ်။ အခုအခါမှာ ကွန်မြူနစ်ဝါဒလည်း ချုပ်ငြိမ်းခဲ့ပါပြီ။ နောက်တခါ အာဏာရှင်နိုင်ငံ၊ ဒီမိုကရေစီစစ်စစ်ဆိုတာ မစစ်တာနဲ့ စင်္ကာပူနိုင်ငံ ဗြိတိန်တို့ အမေရိကန်တို့နဲ့ဆရင် ဒီမိုကရေစီလုံးဝ မစစ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရဲ့ ပညာရေးစံနစ်ဟာ သိပ်ကို အဆင့်မြင့်တယ်။ ဒီဘက်နိုင်ငံတွေထက် သာတာရှိတယ်ဆိုပြီး တချို့ပညာရေး ကျွမ်းကျင်သူများက ပြောကြပါတယ်။ ကျနော် အဲဒါကို စဉ်းစားမိလို့။ ကျနော်တို့ နိုင်ငံမှာလည်း ဘာကြောင့် မဖြစ်နိုင်လည်းဆိုတာကို စဉ်းစားမိလို့ ပြောတာပါ။

ကိုသွင်လင်းအောင် ။ ။ ကွန်မြူနစ်ဝါဒအကြောင်းကို ပြောရတာတော့ စတင်နိုးကြားလာတာကို ပြောချင်လို့ပါ။ ဒါပေမဲ့ စင်္ကာပူနဲ့ ပတ်သက်ပြီး ယှဉ်ရင် အဓိက ဘာဖြစ်လို့ ပညာရေးစံနစ်က ကောင်းနေပေမယ့် ကျန်တဲ့ အခွင့်အရေးတွေ ဘာမှ ဒီမိုကရက်တစ်မဆန်ပေမယ့် ဘာဖြစ်လို့ အဲဒါမျိုးတွေ မဖြစ်လည်းဆိုတော့ ပထမအချက်က စင်္ကာပူအစိုးရက သူ့ကျောင်းသားတွေကို student rights ကျောင်းသားအခွင့်အရေးတွေကို အပြည့်အဝပေးထားတယ်။ ကျနော်တို့ မြန်မာပြည်မှာ ကျောင်းသားအခွင့်အရေးက အပြည့်မရဘူး။ မြန်မာပြည်မျာ ဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေက နောက်ပိုင်းမှာ နိုင်ငံရေးကို ရောက်သွားပေမယ့် ဆက်စပ်ကြည့်ရင် ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ လျော့နည်းနေမှုကနေ စပြီးပေါက်ကွဲတာမျိုး ဖြစ်တယ်။ အဲဒီအပိုင်းဆိုင်ရာမှာ စင်္ကာပူနဲ့ အများကြီးကွာတယ်။ နောက်တပိုင်း ဆက်ပြောရရင် ကျနော် အခုနပြောခဲ့သလို မြန်မာပြည်ကျောင်းသားတွေက နိုင်ငံရေး နိုးကြားမှုဆိုတာမျိုး သူတို့စိတ်ထဲမှာ ကိန်းအောင်းနေတယ်ဆိုတော့ သူတို့က သူတို့အပေါ်မှာ ဘယ်လောက်အထိ လွတ်လပ်မှုတွေရှိနေပေမယ့် ကျန်တဲ့ နိုင်ငံသားတွေမှာ မလွတ်လပ်ဘူးဆိုရင် ဆင်းရဲတဲ့လူတွေ ရှိနေသေးရင် သူတို့က အဲဒါကို လွတ်လပ်တယ်လို့ မမြင်တော့ဘူး။ အဲဒါက စင်္ကာပူကျောင်းသားနဲ့ တော်တော်ကွာသွားတယ်။

ဦးကျော်ဇံသာ ။ ။ ပြဿနာကတော့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေကို အာဏာပိုင်တွေက သူတို့ ရင်သွေးသားသမီးတွေလို ကိုယ်ချင်းမစာနာနိုင်တဲ့ကိစ္စလို့ ထင်ပါတယ်။ ဒီလူငယ်တွေဟာ ငါတို့ရဲ့ ရန်သူတွေဖြစ်တယ်။ ဒီလူတွေဟာ ငါတို့ကို စိန်ခေါ်နေတဲ့လူတွေ ဖြစ်တယ်လို့မြင်သမျှတော့ အာဏာသုံးပြီးတော့ ဘယ်လိုပဲ ကျောင်းသင်ခန်းထဲမှာ သင်ပေမယ့် ကျောင်းသားတွေဟာ ငြိမ်းချမ်းစွာ ပညာရေးကို တစိုက်မတ်မတ်လုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တချက်က သူတို့ရဲ့ အနာဂတ်အတွက် ဘာများရှိသလဲ သူတို့ဟာ တိုင်းပြည်အတွက် ဘာများဆောင်ရွက်ပေးနိုင်သလဲဆိုတာကို နိုင်ငံရေးအမြင်ရှိတဲ့ ကျောင်းသားတွေဘက်က ကြည့်မယ်ဆိုရင် ဒီအချက်ဟာလည်း အရေးကြီးတဲ့အချက်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာက အခုအချိန်မှာ ကျောင်းသားတွေ တက်လာတဲ့ပညာရေးကလည်း သူတို့ ဘဝ အာမခံချက်အတွက် ဘာမှမပေးနိုင်သလို သူတို့တက်လာတဲ့ ပညာရေးဟာလည်း တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ ပညာရေးမဟုတ်ဘူးလို့ ကျောင်းသားတွေခံယူနေကြတာကတော့ အမှန်ဖြစ်ကြောင်းပါ။

XS
SM
MD
LG