သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ အကျပ်အတည်း


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်ဥရောပခရီးစဉ်ဟာ အားကျစရာမဟုတ်ကြောင်း အခုအချိန် အာရုံစိုက်ရမှာဟာ တိုင်းရင်းသားပြဿနာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီပိုင်တဲ့ People’s Daily ပြည်သူ့နေစဉ်သတင်းစာ အထက်တန်းအယ်ဒီတာ Ding Gang ဆိုသူက Global Times မှာ ဇွန်လ (၂၀) ရက်နေ့က ဝေဖန်ရေးသားလိုက်ပါတယ်။ Global Times ကို People’s Daily က ထုတ်ဝေတာဖြစ်ပေမယ့် ကွန်မြူနစ်ပါတီရဲ့ အာဘော်မဟုတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၀၉ မှာ အင်္ဂလိပ်ဘာသာနဲ့ စတင်ထုတ်ဝေကတည်းက တရုတ်အစိုးရရဲ့ သဘောထားအမြင်ကို အပြည်ပြည်ဆိုင်ရာက သိနိုင်အောင် သွယ်ဝိုက်ကတည်းက တရုတ်အစိုးရရဲ့ သဘောထားအမြင်ကို အပြည်ပြည်ဆိုင်ရာက သိနိုင်အောင် သွယ်ဝိုက်တဲ့နည်းနဲ့ Global Times က ဖော်ပြနေတာဖြစ်ပါတယ်။

ဇွန်လ (၂၀) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအကြောင်း ဝေဖန်ရေးသားပြီး ဇွန်လ (၂၇) ရက်နေ့မှာတခါ မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့ မသင့်တော်ကြောင်း Ding Dang က ဝေဖန်သုံးသပ်ပြန်ပါတယ်။ ဒီမိုကရေစီရတာနဲ့ ပြဿနာအားလုံး ပြေလည်လိမ့်မယ်လို့ မြန်မာတွေယူဆနေတာ အလွန်အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီပြုပြင်ရေးကာလမှာ ပရမ်းပတာ ဖရိုဖရဲ ဖြစ်လာတာကို မြန်မာတွေ ထိန်းသိမ်းနိုင်ပါ့မလားလို့လည်း မေးခွန်းထုတ်ထားပါတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ရေးဟာ အထက်ကအောက်သွားတဲ့ဖြစ်စဉ်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဖိအားပေးမှုတွေကြောင့် လုပ်နေတာဖြစ်ပါတယ်။ အစိုးရက ထိန်းနိုင်မယ်ထင်လို့ လုပ်ပေမယ့် ဘယ်လောက်ထိန်းနိုင်မယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ဦးသိန်းစိန်သာ ဆိုဗိယက်ခေါင်းဆောင် ဂိုဘာချော့နဲ့ တူနေရင်တော့ မြန်မာပြည်အတွက် မကောင်းဘူးလို့ဆိုပါတယ်။

ဂိုဘာချော့လက်ထက်မှာ ဆိုဗိယက်အာဏာရှင်စနစ် ပြိုကွဲပျက်စီးသွားတာဖြစ်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်အောင် ဖန်တီးပေးသူအဖြစ် သတ်မှတ်ကြပါတယ်။ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ရေးကြောင့် ဗမာအာဏာရှင်စနစ် ပြိုကွဲပျက်စီးသွားမှာကို တရုတ်သတင်းစာအယ်ဒီတာ Ding Gang က တွေးပူနေပုံရပါတယ်။ ၂၀၀၂ က ၂၀၁၀ နှစ်ကုန်အထိ (၈) နှစ်ကျော် အဆင်ပြေလာခဲ့တဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ (၂၀၁၁) မှာ အရပ်သားတပိုင်းအစိုးရတက်လာပြီး (၆) လအတွင်း ရပ်ဆိုင်းခံရတဲ့အတွက် ဒီမိုကရေစီပြုပြင်ရေးကို တရုတ်က မကျေမနပ်ဖြစ်နေပုံ ရပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးလပိုင်းအတွင်းမှာ ပြည်သူ့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို တရုတ်ကလက်ခံနိုင်ပုံ မရပါဘူး။ ဘယ်တုန်းကမှ ပြည်သူဆန္ဒကို မလိုက်လျောခဲ့တဲ့ စစ်အုပ်စုဟာ အခြားအကြောင်းကြောင့်သာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတာဖြစ်မယ်လို့ ယူဆပုံရပါတယ်။

အနှစ် (၂၀) ကျော် တရုတ်အားကိုးခဲ့တဲ့ ဗမာစစ်အစိုးရ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပြီး (၆) လအကြာမှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ တရုတ်အတွက် မယုံကြည်နိုင်စရာ ဖြစ်နေပါတယ်။ ဒီကိစ္စမှာ အမေရိကန်အစိုးရနဲ့ အထောက်ပံ့ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်ရမယ်လို့ ယူဆပုံရပါတယ်။ ဒါကြောင့် စေ့စပ်ဆွေးနွေးပြီး စီမံကိန်းပြန်လည်ရေးဆွဲရင် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တရုတ်ဘက်က မျှော်လင့်ပါတယ်။ အကောင်အထည်မဖော်နိုင်ရင် ကုန်ကျစရိတ်ကို ပြန်ပေးဖို့သာ ရှိပါတယ်။ ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်အတွက် လျှော်ကြေးမပေးနိုင်ရင် ရေနံဓါတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်ကပေးရမယ့်ငွေထဲက လျှော်ကြေးကိုနှိမ်ယူဖို့ စီစဉ်နိုင်ပါတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်တာဟာ တရုတ်-မြန်မာဆက်ဆံရေးမှာ အကျပ်အတည်းတခု ဖြစ်ပါတယ်။

ဒီမိုကရေစီပြုပြင်ရေးတွေလုပ်လေလေ သိသာမြင်သာမှု၊ ပွင့်လင်းမှု၊ စာနယ်ဇင်းလွတ်လပ်မှုတွေ ရှိလာလေလေမို့ တရုတ်ဟာ အရင်လို အခွင့်ထူးခံဘဝကို လက်ကိုင်ထားနိုင်တော့မှာ မဟုတ်ပါဘူး။ အနောက်တိုင်းက စံချိန်မီပစ္စည်းတွေဝင်လာရင် အရည်အသွေးညံ့ဖျင်းတဲ့ တရုတ်ပစ္စည်းကို အားကိုးကြတော့မှာ မဟုတ်ပါဘူး။ စစ်အာဏာရှင်အစိုးရကို ဒဏ်ခတ်အရေးယူထားစဉ်က စိတ်တိုင်းကျ စီးပွားရှာနိုင်ခဲ့တဲ့ တရုတ်ကုမ္မဏီတွေဟာ ဒဏ်ခတ်မှုရပ်ဆိုင်းတဲ့အခါမှာ အခွင့်ထူးရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ရေးလုပ်လေလေ တရုတ်ရဲ့ အခွင့်ထူးတွေ ဆုံးရှုံးလေလေ ဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ နယ်စပ်တည်ငြိမ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေကို ဦးသိန်းစိန်ရဲ့ ၂၀၁၁ တရုတ်ပြည်ခရီးစဉ်မှာ ထုတ်ပြန်ကြေညာပါတယ်။ ဒါကြောင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ မလွှဲမသွေ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီပြုပြင်ရေးကြောင့် နိုင်ငံရေးမှာ မြန်မာဖက်က အမြင်ပြောင်းလာတာကို တရုတ်က နားလည်းသဘောပေါက်လာရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖွယ်ရာ အလားအလာရှိပါတယ်။

XS
SM
MD
LG