သုံးရလွယ်ကူစေသည့် Link များ

ခေတ်သစ် တရုတ်အင်ပါယာ


တရုတ်ပြည်ရဲ့ နိုင်ငံရေးမှာ နိုင်ငံခြားရောက် တရုတ်တွေပါဝင်တဲ့ အစဉ်အလာ ရှိပါတယ်။ ဘုရင်စနစ်ကို ဖြုတ်ချပြီး သမ္မတနိုင်ငံ တည်ထောင်တဲ့ ၁၉၁၁ တရုတ်တော်လှန်ရေး လှုပ်ရှားမှုကို နိုင်ငံခြားရောက် တရုတ်တွေက ရန်ပုံငွေအများဆုံး ထောက်ပံ့ကြောင်း သိရပါတယ်။ ကွန်မြူနစ် အာဏာရလာပြီးတဲ့ နောက်ပိုင်းမှာ ကူမင်တန်တရုတ်ဖြူဟာ နိုင်ငံခြားရောက် တရုတ်တွေဆီက ရန်ပုံငွေရဖို့ ကြိုးစားတဲ့အတွက် တရုတ် ကွန်မြူနစ်က သင်္ကာမကင်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ဘန်ဒေါင်း ညီလာခံမှာ နိုင်ငံခြားရောက် တရုတ်တွေဟာ မိမိနေထိုင်ရာ တိုင်းပြည်ကို သစ္စာရှိကြဖို့ ကြေညာရပါတယ်။ ၁၉၇၈ မှာ နိုင်ငံခြားရောက် တရုတ်တွေဟာ မိမိနေထိုင်ရာ တိုင်းပြည်ကို သစ္စာရှိကြဖို့ ကြေညာရပါတယ်။ ၁၉၇၈ မှာ ဒန်ရှောင်ဖိန် (Deng Xiaoping) ပင် အာဏာရလာပြီး ဈေးကွက်စနစ် စတင်ကျင့်သုံးတဲ့အခါမှာ နိုင်ငံခြားရောက် တရုတ်တွေရဲ့ အကူအညီကိုရယူဖို့ ကြိုးစားလာပါတယ်။ တရုတ်ပြည် တိုးတက်ဖွံ့ဖြိုးရေးမှာ နိုင်ငံခြားရောက် တရုတ်တွေပါဝင်နိုင်တဲ့ အခန်းကဏ္ဍရှိတယ်လို့ တရုတ်အစိုးရက အသိအမှတ်ပြုလာပါတယ်။

တရုတ်ပြည်ပြင်ပမှာ အခြေစိုက်နေထိုင်တဲ့ တရုတ်ဦးရေဟာ သန်း (၆၀) လောက်ရှိနိုင်ပြီး သူတို့ရဲ့ ဓနဥစ္စာ ပမာဏဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အမေရိကန်က ပထမ၊ ဂျပန်က ဒုတိယ၊ နိုင်ငံခြားရောက် တရုတ်က တတိယ ဖြစ်နေတဲ့ သဘောပါ။ တရုတ်ပြည်မရဲ့ စီးပွားရေးဟာ ကမ္ဘာမှာ စတုတ္ထအဆင့် ရောက်နေပြီလို့ ခန့်မှန်းနေတာမို့ ပြည်တွင်းတရုတ်နဲ့ ပြည်ပတရုတ် ပေါင်းလိုက်ရင် တရုတ်အင်ပါယာ ထူထောင်နိုင်တဲ့ အင်အားရှိလာပြီလို့ စဉ်းစားသူတွေ ရှိကြပါတယ်။ တချို့ကလည်း ဗြိတိသျှဓနသဟာယအဖွဲ့လို တရုတ် ဓနသဟာယအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိသလားလို့ ဆန်းစစ်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံခြားတရုတ်ရဲ့ စီးပွားရေးအင်အားကို နိုင်ငံရေး အင်အားအဖြစ် အသွင်ပြောင်းနိုင်တယ်လို့ ယတိပြတ် ပြောထားတဲ့ လေ့လာချက်မျိုးတော့ မရှိသေးပါဘူး။

ချမ်းသာတဲ့ နိုင်ငံခြားရောက် တရုတ်တွေရဲ့ ကွန်ချာအဆက်အသွယ်ကို တရုတ် အင်ပါယာသဘောနဲ့ တင်စားပြီး ရေးသားတာမျိုး ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရောက် တရုတ်တွေဟာ သူတို့နေထိုင်ရာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတဲ့ သဘောကို အရိပ်အမြွက် ဖော်ပြကြပါတယ်။ ရှေးကတော့ နိုင်ငံခြားတရုတ်တွေဟာ အနှိမ်ခံဘဝက ရပ်တည်ခဲ့ကြရပါတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတားမြို့မှာ (၁၈) ရာစုက စီးပွားရေးလုပ်တဲ့ တရုတ်တွေကို Dutch East India Company က ကျွန်လို ဆက်ဆံပါတယ်။ ဒါကို မကျေနပ်လို့ ပုန်ကန်တဲ့အခါမှာ တရုတ်တသောင်းလောက် အသတ်ခံလိုက်ရပါတယ်။ ၁၉၆၅ ခုနှစ်မှာ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီ အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး ဆူဟာတို ခေါင်းဆောင်တဲ့ စစ်တပ်က သတ်ဖြတ်တုန်းကလည်း တရုတ်တွေ သိန်းချီပြီး သေဆုံးခဲ့ရပါတယ်။ မတရား သတ်ဖြတ်လုယက် နေတာကို ချမ်းသာတဲ့ တရုတ်တွေက မဟန့်တားနိုင်ပါဘူး။ တရုတ်တွေရဲ့ လုံခြုံရေးကို အင်ဒိုနီးရှားစစ်တပ်က လျစ်လျူရှုနေပါတယ်။ ဒါတွေနဲ့ ယှဉ်လိုက်ရင် ၁၉၆၇ ခုနှစ်က ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ အရေးအခင်းဟာ အသေးအမွှားလေးလို့ ဖြစ်နေပါတယ်။

တရုတ်က ဒေသခံတွေထက် ပိုပြီးချမ်းသာနေတာကလည်း တရုတ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို ဆွပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် ပြဿနာပေါ်ပြီဆိုရင် မကျေနပ်တဲ့ ပြည်သူလူထုက အစိုးရဆန့်ကျင်ရေး မလုပ်ဘဲ တရုတ် ဆန့်ကျင်ရေးလုပ်လာအောင် အစိုးရကိုယ်တိုင် လမ်းခင်းပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားရောက် တရုတ်တွေရဲ့ သမိုင်းကြောင်းမှာ မတရား လုယက်သတ်ဖြတ်ခံရမှုနဲ့ နိုင်ငံပိုင် သိမ်းခံရမှုတွေကို မကြာခဏ တွေ့ရပါတယ်။ ကိုးကန့် တရုတ်ကို ဗမာစစ်တပ်က ဝင်ရောက်တိုက်ခိုက်တာဟာ နောက်ဆုံးပေါ် ဖြစ်ရပ်ပါ။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်း စင်္ကာပူနိုင်ငံကလွဲပြီး အရှေ့တောင်အာရှနိုင်ငံအားလုံးလိုလိုမှာ တရုတ်ကို တမင်ဖိနှိပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ မော်ဇီဒုန်း (Mao Zedong) သေလို့ နိုင်ငံခြားကွန်မြူနစ်ကို ထောက်ခံအားပေးတာတွေ ရပ်ဆိုင်းလိုက်တော့မှာ တရုတ် ဆန့်ကျင်ရေးတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဈေးကွက်စနစ် ကျင့်သုံးနေတဲ့အခါမှာ နိုင်ငံခြားရောက် တရုတ်တွေကို ပြည်ချစ်ပုဂ္ဂိုလ်လို့ ကင်ပွန်းတပ်ပြီး အမိနိုင်ငံ တရုတ်ပြည်မမှာ ရင်းနှီးမြုပ်နှံကြဖို့ စည်းရုံးလှုပ်ဆောင်ပြန်ပါတယ်။

နိုင်ငံခြားရောက် တရုတ်တွေ ရင်းနှီးမြုပ်နံှလို့သာ တရုတ်ဈေးကွက် အောင်မြင်တာလို့ ဆိုကြပါတယ်။ အရင်ကတော့ တရုတ်ကွန်မြူနစ်ရဲ့ တို့မီးရှို့မီး လုပ်မှုကြောင့် နိုင်ငံခြားရောက် တရုတ်တွေ သိန်းချီပြီး သေဆုံးခဲ့ရပါတယ်။ အခုတခါ တရုတ် ကွန်မြူနစ်ရဲ့ ဈေးကွက်စနစ် အောင်မြင်အောင် နိုင်ငံခြားရောက် တရုတ်က ကူညီနေပါတယ်။ ဒါကြောင့် နိုင်ငံခြားရောက် တရုတ်ကို ကူညီစောင့်ရှောက်ဖို့ တရုတ် အစိုးရမှာ တာဝန်ရှိလာပါတယ်။ မကူညီဘဲ အရင်လို လက်ပိုက်ကြည့်နေရင်တော့ တရုတ်ကွန်မြူနစ် အစိုးရကို ဘယ်တရုတ်ကမှ ယုံတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် နိုင်ငံခြားမှာ စီးပွားရှာနေတဲ့ တရုတ်ဘက်က ရပ်တည်တာဟာ တရုတ်အစိုးရရဲ့ မူဝါဒသစ် ဖြစ်လာပါတယ်။ ဗြိတိသျှအင်ပါယာ စတင်တည်ထောင်စဉ်က နိုင်ငံခြားရောက် ဗြိတိသျှကုန်သည်တွေကို ဗြိတိသျှအစိုးရက ထောက်ခံအားပေးပြီး နယ်ချဲ့ရာက မြန်မာနိုင်ငံ ကိုလိုနီ ဖြစ်သွားခဲရပါတယ်။ အခုလည်း နိုင်ငံခြားရောက် တရုတ်ကုန်သည်တွေကို တရုတ်အစိုးရက ထောက်ခံအားပေးနေပြန်လို့ တရုတ် အင်ပါယာရဲ့ နိဒါန်းများ ဖြစ်နေမလားလို့ အတွေးနယ်ချဲ့ စရာ ဖြစ်နေပါတယ်။

XS
SM
MD
LG