သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ


မြန်မာအစိုးရရဲ့ ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ
မြန်မာအစိုးရရဲ့ ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးအောင်ရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ လက်ရှိ အစိုးရကိုယ်စားလှယ်ဝန်ကြီး ဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ ဒီလို ရုတ်တရက်ကြီး ဂငယ်ကွေ့ ကွေ့သွားတာဟာ ဘာသဘောလဲ။ ဘာရည်ရွယ်ချက်လဲဆိုတာကို သိရှိနိုင်ဖို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးဌေးအောင်၊ ရှစ်လေးလုံးမျိုးဆက် ကိုတိုးကျော်လှိုင်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို စပြီး မေးချင်ပါတယ်။ အခု တွေ့ဆုံမှုဟာ ဘယ်လောက်အထိ ထူးခြားတယ်လို့ ဆိုနိုင်ပါသလဲ။

ကိုတိုးကျော်လှိုင် ။ ။ ဒီ တွေ့ဆုံဆွေးနွေးမှုက ဆယ်ကြိမ်မြောက်လို့ ဆိုပေမယ့် အစိုးရဖွဲ့သစ် လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်တီကိုယ်တိုင် ကျေနပ်မှုရှိပါတယ်။ အရင်အကြိမ်တွေနဲ့ မတူပါဘူးလို့ ဆိုထားတာလည်း ရှိပါတယ်။ ဒီ တွေ့ဆုံဆွေးနွေးမှုဟာ အရွေ့တွေအားလုံးရဲ့ အစလို့ မြင်ပါတယ်။ တိုးတက်မှုအများကြီး ရှိပါတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ဘယ်လိုမြင်ပါသလဲ။ တကယ့် ထူးခြားတဲ့ တွေ့ဆုံမှုလို့ မြင်ပါသလား။

ဦးဌေးအောင် ။ ။ အခုလက်ရှိ အရပ်ဝတ်အစိုးရအနေနဲ့ အရင် အစိုးရတွေလက်ထက်မှာ လုပ်ခဲ့သလို ဟန်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေ့ရှုပြီး လုပ်မယ်ဆိုရင်တော့ မြန်မာပြည်သူတွေအများစု မျှော်လင့်နေတဲ့ တွေ့ဆုံမှုမျိုး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ အရင်စစ်အစိုးရ လက်ထက်တွေတုန်းကလို အချိန်ဆွဲတာမျိုး။ ဒါမှမဟုတ် ပြည်တွင်းပြည်ပကို လှိမ်ညာဖို့အတွက် ဟန်ဆောင်လုပ်တာမျိုးဆိုရင်တော့ အခုရလဒ်က အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်စေဘဲနဲ့ တဖတ်နဲ့တဖတ် သံသယတွေ ပိုပြီတော့ ကြီးပြီတော့ ဝေးကွာသွားနိုင်တဲ့ အနေအထားကို ဦးတည်နိုင်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ပြောတဲ့အထဲမှာ အစိုးရဖက်က စေတနာအမှန်နဲ့ လုပ်မယ်ဆိုရင်တော့ဆိုတဲ့ condition ထည့်ထားတယ်။ အဲဒီ အခြေအနေကော ဖြစ်နိုင်သလား။ စေတနာမှန်နဲ့ လုပ်မယ်မလုပ်ဘူးဆိုတာကို ဘယ်လိုတွက်လို့ရပါသလဲ။

ဦးဌေးအောင် ။ ။ ဒါကတော့ သူတို့အနေနဲ့ သံသယရဲ့ အကျိုးကို ခံစားရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အနေနဲ့ ဒီစစ်အစိုးရလက်ထက်မှာ တာဝန်ယူစဉ်တုန်းကလည်း ၂၀၀၁ ခုနှစ်မှ စတင်တွေ့ဆုံလာခဲ့တယ်။ ဘာမှ ထူးခြားတဲ့ရလဒ်တွေကို မရရှိခဲ့ဘူး။ နောက်တခုက တိုင်းရင်းသားအရေးအခင်းတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ဂတိကဝတ်တွေမျိုးစုံ ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ဂတိကဝတ်တွေကို လွယ်လွယ်ကူကူ ဖျက်ပြီးတော့ လုပ်လာတဲ့အတွက်ကြောင့် ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေးက ဝေးကွာသွားပြီး ဒီနေ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် မပြေးသော်လည်း ကန်ရာရှိ ဆိုတဲ့အတိုင်း ဒီ စစ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ကြည့်ပြီတော့ အများစုကတော့ သံသယတွေ ရှိနေမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် အခု အစိုးရကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည် ကို လာမတွေ့ခင် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ နိုင်ငံရေးမလုပ်ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ရွှေ တို့ကို စာထုတ်ပြီး အကြောင်းကြားခဲ့ရတယ်ဆိုတာကို သိရပါတယ်။ ဆိုတော့ အစိုးရရဲ့ လုပ်ရပ်က သိပ်ပြီးတော့ ရုတ်တရက်ကြီး ဘာကြောင့်မို့ ပြောင်းလဲသွားသလဲ။ ဒီလိုတွေ့ဖို့ ဘာကြောင့် ဆုံးဖြတ်လာရတယ် ထင်ပါသလဲ။

ကိုတိုးကျော်လှိုင် ။ ။ တခု ကျနော်ပြောနိုင်တာကတော့ အစိုးရဘက်ကရော၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဘက်ကရော ထိပ်တိုက်ရင်ဆိုင်ရေးကို အမြဲတမ်းတော့ ရွေးချယ်လို့တော့ မရဘူး။ အစိုးရဘက်ကတော့ တောက်လျှောက် တွေ့ဆုံဆွေးနွေးပွဲတွေကို နိုင်ငံရေးအရ အသုံးချခဲ့တာတွေတော့ ရှိပါတယ်။ သိသာထင်ရှားတဲ့၊ မြင်သာထင်ရှားတဲ့ အကျိုးရလဒ် တစုံတရာ မရရှိခဲ့ဘဲနဲ့ အချိန်ဆွဲခဲ့တာမျိုး၊ အချိန်ဆွဲခဲ့သလို ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အနေအထားကတော့ ဒီ အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံတယ်။ နောက်ပြီး ပူးတွဲကြေညာချက်ထုတ်တယ်၊ ဘာညာဆိုတာက အရင်တုန်းကဆိုရင် မရှိခဲ့တဲ့ အစဉ်အလာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါကိုတော့ ကြိုဆိုရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်သိချင်တာက နည်းနည်းမျက်စိလည်စရာပါ - သုံးသပ်တဲ့ လူတွေအနေနဲ့။ တလောလုံးကမှ နိုင်ငံရေးမလုပ်နဲ့ ဘာညာဟန့်တားခဲ့တယ်။ ဘာညာလုပ်ခဲ့တယ်။ အခုကြတော့ ရုတ်တရက်ကြီး သူတို့ကပဲ နိုင်ငံရေးသမားကြီးအဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောပေါ့။ ဘာကြောင့် ပြောင်းလဲသွားသလဲ။

ကိုတိုးကျော်လှိုင် ။ ။ ဒီလိုပေါ့ ရက်ပိုင်းတွေအတွင်းကတော့ တရားမဝင်တော့ အန်အယ်လ်ဒီရုံးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတယ်။ ဘာညာဆိုတာမျိုးတော့ ထွက်လာပါတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာနကနေလည်း တရားဝင် အကြောင်းကြားစာတွေ ပေးပို့ခဲ့တာ ရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေကနေပြီးတော့ ရုတ်ချည်း ချိုးကွေ့သွားတဲ့ အခြေအနေကို ကြည့်လို့ရှိရင် အစိုးရသစ်ဘက်မှာလည်း တစုံတရာ သူတို့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ တဖတ်နဲ့တဖတ် သံသယထားနေတာကတော့ သိပ်ပြီးတော့ အကျိုးမများလှဘူးလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ရဲ့ အမြင်ကို ပြောပါ။ ဘယ်လိုကြောင့် အစိုးရ ဒီလိုတကွေ့ ပြန်လှည့်သွားရသလဲ။ U-Turn လုပ်သလို ဖြစ်နေတာပေါ့။ သူတို့ပဲ နိုင်ငံရေးမလုပ်နဲ့ဆိုပြီး အခု သူတို့ကပဲ လက်ခံတွေ့ဆုံတယ်ဆိုတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့သဘော တွေ့နေရတယ်လို့ ကျနော်ထင်ပါတယ်။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ အခုဟာက ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ်အစိုးရ တက်လာပြီးနောက် ရက် (၁၀၀) ပတ်ဝန်းကျင်ကာလကို ရောက်လာတဲ့အချိန်မှာ အန်အယ်လ်ဒီ အဖွဲ့ချုပ်အပေါ်မှာ သူတို့ သိသိသာသာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြန်လုပ်လာတဲ့ အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ဒီအဖွဲ့ဟာ ဥပဒေအကြောင်းအရ တရားမဝင်အဖွဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဆိုင်ဘုတ်တွေ ဖြုတ်ချပေးရမယ်လို့ သူတို့ဘက်က ကန့်သတ်လာတာမျိုး ရှိသလို။ တချို့ အန်အယ်လ်ဒီ အောက်ခြေအဖွဲ့ လှုပ်ရှားမှုတွေကို နှောက်ယှက်ပေးလာတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒါကနေ အခုလို ရက်ပိုင်းအတွင်းမှာ ကပ်ပြီးတော့ ဂငယ်ကွေ့ ကွေ့သွားတဲ့ အကြောင်းတရားတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ဒါ ဘာကြောင့်လည်းဆိုလို့ရှိရင် အစိုးရခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါကြတော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီ ပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တဲ့အခါကြတော့ စစ်အစိုးရက တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်ဆဲရေး။ တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသားတွေနဲ့ သူတို့က ဆက်ဆံရေးပြေလည်အောင်၊ လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်ဆံရေးပြေလည်အောင် သူတို့က ကြိုးစားခဲ့တာရှိတယ်။ ဆိုတာကတော့ ပြည်တွင်းနဲ့ နယ်စပ် နှစ်ဖက်အန္တရာယ်တွေနဲ့ ကြုံလာတဲ့အခါမှာ သူတို့က တဖတ်ကို ခဏငြိမ်းချမ်းထားပြီးတော့ တခြားတဖက်ကို ဖိနှိပ်ချေမှုန်းတာမျိုး လုပ်လေ့လုပ်ထ ရှိပါတယ်။ တဖက်ကို ရေမှုတ်တဖက် မီးစာတဖက် ဆက်ဆံတဲ့ပုံစံမျိုးတွေ လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ အလားတူပဲ ဒီနေ့အချိန်မှာကြတော့ ဒီဘက်က ပြည်တွင်းမှာ အန်အယ်လ်ဒီကလည်း လှုပ်ရှားလာတယ်။ လူထုကလည်း သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံလာတယ်။ တချိန်တည်းမှာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ အဲဒီလို ဘက်ပေါင်းစုံကနေ အကြပ်အတည်းတွေ တွေ့လာတဲ့အခါတိုင်းမှာ အုပ်ချုပ်တဲ့ လူတန်းစားတွေ အနေနဲ့ တဖက်ကို ပြန်ပြီးတော့ ချဉ်းကပ်ပြတာမျိုး၊ တဖက်နဲ့ ပြန်ပေါင်းပြတာမျိုး အမြဲလုပ်လေ့လုပ်ထရှိတာ။ အခုလို အနေအထားမှာဆိုရင် အန်အယ်လ်ဒီ နဲ့ တွေ့ဆုံပြတာကလည်း တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီကြားမှာ သံသယတွေဖြစ်လာမယ့် အနေအထားမျိုးတွေကို ဖန်တီးဖို့ ရည်ရွယ်ချက်တွေလည်း ရှိကောင်းရှိနိုင်မယ်။ နောက်တခုက နိုင်ငံတကာရဲ့ ဖိအားတွေကိုလည်း ပြေလည်အောင်၊ လျော့သွားအောင် ကြိုစားပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အာဆီယံ ဥက္ကဋ္ဌရာထူး လိုချင်တဲ့အတွက် နိုင်ငံတကာရဲ့ ကန့်ကွက်မှု လျော့ပေါ့သွားအောင် လုပ်တယ်ဆိုတဲ့ အယူအဆလည်း တချို့က တွေးကြပါတယ်။ အဲဒါကော ဖြစ်နိုင်ပါသလား။

ဦးဌေးအောင် ။ ။ ဒါကလည်း တချက်အနေနဲ့တော့ ပါပါတယ်။ သူ့အနေနဲ့ကတော့ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးမဖြစ်ရေးက သူ့အတွက် ဒီလောက်အထိ အရေးကြီးတဲ့ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ နိုင်ငံတကာရဲ့ sanction တွေ လျော့ကျသွားအောင်၊ နောက်တခုက သူတို့ကို တရားဝင် အသိအမှတ်ပြုလာအောင် ဒါမျိုးတွေကို အများကြီး ကြိုးစားနေတဲ့ အနေအထား ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ခင်များ အခု ဒေါ်အောင်ဆန်းစုကြည် မကြာခင်က ပုဂံကို ဘုရားဖူးထွက်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ထိန်းသိမ်းခံရပြီး လွတ်လာတဲ့နောက်မှာ နိုင်ငံတကာမှာ အရှိန်အဝါ သိပ်မြှင့်မားလာတယ်။ သိပ်သြဇာကြီးလာတယ်ဆိုတာတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာလည်း အခု ပုဂံကို ဘုရားဖူးသွားပြလိုက်တာ လူထုရဲ့ အင်အားက သူ့နောက်မှာရှိနေတယ်ဆိုတာကို သိသာမြင်သာသွားတယ်လို့ ပြည်တွင်းက တချို့သုံးသပ်တာကို ကြားသိရပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ လူထုထောက်ခံမှုဟာ နိုင်ငံရေးခရီးစဉ် မဟုတ်သောလည်း လူထုက သူ့ဘက်က ရှိနေတယ်ဆိုတဲ့ ကိစ္စမျိုး ပေါ်လွှင်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီအကြောင်း ပြောပါ။ ဘယ်လောက်များ လူတွေက ရှိနေတယ်ဆိုတာ။

ကိုတိုးကျော်လှိုင် ။ ။ ဒီလိုဗျ ပုဂံခရီးစဉ်ကတော့ အန်တီတို့ မိသားစုခရီးစဉ်လေး သွားကြတယ်ပေါ့။ သို့သော်လည်း လူထုကိုလည်း ဒေသဆိုင်ရာတွေက တားမြစ်တာတွေ ရှိတဲ့ကြားထဲက လူထုထောက်ခံမှုက တော်တော်လေး မြှင့်မားပါတယ်။ ဒီအတွက်ကြောင့်လည်း အစိုးရက ဒီအချက်အလက်တွေကို ထည့်ပြီးတော့ စဉ်းစားတယ်လို့လည်း ကျနော်ယူဆပါတယ်။ နောက်တချက်က တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ သို့သော်လည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရေးမှာ ရှေ့ဆက်ညှိနှိုင်းရမယ့် အသေးစိတ်ကိစ္စတွေလည်း အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လို့ တောက်လျှောက်မှာတော့ နိုင်ငံရေးအရ အမြဲ အသုံးချခဲ့တာ ဖြစ်နေတဲ့အခါကြတော့ အာဆီယံဥက္ကဋ္ဌရာထူးကိစ္စ၊ ဘာညာကတော့ သိပ်ပြီးတော့ မလိုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံက ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်ကို နိုင်ငံရေးအရ အာဆီယံက သိပ်ပြီးတော့ လေးလေးနက်နက် မရှိဘူးဆိုတော့ အာဆီယံဥက္ကဋ္ဌရာထူးက သူဘာသာ အချိန်တန်ရင် ဖြစ်သွားမှာ။ အဲဒီဟာတွေကြောင့်တော့ မဟုတ်ပါဘူး။ သို့သော် တခြား ဂငယ်ကွေ့လိုမျိုး ရုတ်တရက်ကြီး ချိုးကွေ့လိုက်တဲ့ အနေအထားပေါ်မှာတော့ ကျနော်တို့က အဲဒီအပေါ်မှာ စဉ်းစားစရာတွေ ပေါ်လာတာပေါ့။ ဒီအပိုင်းအတွင်းမှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ ကြေညာချက်ထုတ်ဖို့ ဘာညာရှိတယ်ဆိုတော့ ဒီဟာက လောလောဆယ် အနေအထားမှာတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်လို့ ယူဆရတဲ့ လမ်းကြောင်းတခုပေါ်မှာ လက်ရှိ အစိုးရအဖွဲ့နဲ့ အတိုက်အခံခေါင်းဆောင် လူထုခေါင်းဆောင်တို့ တွေ့ဆုံဖြစ်တယ်ဆိုတာ ကောင်းတဲ့အနေအထားပါ။ အန်တီရဲ့ လူထုထောက်ခံမှုဆိုတာကိုလည်း အစိုးရအဖွဲ့သစ်က သူတို့ နှုတ်ကတော့ ထုတ်ပြောချင်မှာတော့ ပြောမယ်။ သို့သော်လည်း တစုံတရာအားဖြင့် အသိအမှတ်ပြုတဲ့သဘောလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက အရှေ့ကို အကောင်းမြင်ကြည့်ပေါ့။ အကောင်းမမြင်ရတာလည်း ကြာပြီဆိုတော့။ ဒီဖြစ်ရပ်ကနေ ကျနော်တို့ ဘယ်အထိ ရှေ့ကို တိုးသွားနိုင်မယ်လို့ ထင်ပါသလဲ။

ဦးဌေးအောင် ။ ။ ကျနော်တို့လည်း အကောင်းမြင်ချင်ပါတယ်။ စစ်အစိုးရက စိတ်ကောင်းစေတနာမှန်တဲ့ တွေ့ဆုံတာမျိုး ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အချက်အလက်တွေအရ အခုလို ရုတ်တရက်ကြီး ပြောင်းလဲတယ်ဆိုတဲ့အပေါ်မှာ သံသယ ဖြစ်စရာတွေက အများကြီး ထပ်ဝင်လာတာကို တွေ့ရတယ်။ အဲဒီတော့ သူ့အနေနဲ့ ရှေ့မှာဖြစ်လာမယ့် ပြဿနာတွေကို သူက ကြိုပြီးတော့ တွေးပြီးတော့ ပြင်ဆင်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူလူထုက ထောက်ခံတဲ့ဟာကလည်း လျော့ကျမသွားတဲ့အပြင် ပိုတိုးလာတဲ့ အချက်အလက်တွေကလည်း အများကြီး ရှိပါတယ်။ ပုဂံခရီးစဉ်သာ မကဘူး။ သူ့အိမ်ရှေ့မှာ သူစလွတ်လာတဲ့နေ့မှာ စုဝေးခဲ့တဲ့ လူထုတို့။ နောက် သူ့မိန့်ခွန်းပြောတဲ့အခါမှာ အဖွဲ့ချုပ်ရုံးရှေ့မှာ စုရုံးခဲ့တဲ့ လူထုတွေကို ကြည့်ရင် သိပ်သိသာပါတယ်။ အဲဒီတော့ အခုအချိန်မှာပေါ့ လက်ရှိ အရပ်ဝတ် အစိုးရအနေနဲ့ စိတ်ပူနေတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်တွင်းက လူထုတိုက်ပွဲနဲ့ နယ်စပ်တွေမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်သွားမယ့်အရေးကို သူတို့အနေနဲ့ စိုးရိမ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ သူက တဖက်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ၊ ဖိနှိပ်ချေမှုန်းနေရတဲ့အချိန်မှာ တဖက်ကို အချိန်ဆွဲနေတာမျိုး၊ ချော့ပေါင်းတာမျိုး ဖြစ်မှာကို ကျနော်တို့က စိုးရိမ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို နောက်ဆုံးမေးချင်တာက ဦးသိန်းစိန် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ အခက်အခဲကြောင့်ဖြစ်စေ၊ ဘာကြောင့်ဖြစ်စေ တိုင်းပြည်အတွက် ဒါသာလျင် ထွက်ပေါက်ဖြစ်တယ်လို့မြင်ပြီး လုပ်တယ်ထားအုံးတော့ သူတို့ရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ လုပ်ရပ်ကို ခွင့်မပြုနိုင်တဲ့ အာဏာပိုင်တယောက်ယောက်၊ အာဏာရှင်တယောက်ယောက် မရှိနေနိုင်ဘူးလား။ အဲဒီ လွှမ်းမိုးမှု၊ လောင်ရိပ်အောက်က လွတ်ပြီလို့ ထင်ပါသလား။

ကိုတိုးကျော်လှိုင် ။ ။ အဲဒါတော့ ပြောရခက်တယ့် အဖြေတခုပါပဲ။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြည့်တဲ့အခါမှာ အဖြေအမျိုးမျိုး တွေ့ရပါတယ်။ အခု ခေတ္တသဘော အန်တီနဲ့ ပြေလည်မှု ယူပြီးတဲ့အခါကြတော့ ကချင်ကိစ္စ၊ ရှမ်းလက်နက်ကိုင်ကိစ္စ၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စတွေကို သူတို့ အပြီးအပြတ်ရှင်းလင်းဖို့ ရှိတယ်ဆိုတဲ့ သဘောထားမျိုးတွေလည်း ထွက်နေတာ ရှိပါတယ်။ သို့သော်လည်း အစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုမှာ ဘယ်လိုပဲ ညှိနှိုင်းထားသည်ဖြစ်စေ အစိုးရဘက်ကနေ တချို့ မတော်မတရား လုပ်လာတဲ့ကိစ္စတွေ ရှိလာတယ်ဆိုရင်တော့ အန်တီက ပွင့်ပွင့်လင်းလင်းပဲ အစိုးရကို ရင်ဆိုင်သွားမှာပါ။ ဒါကိုတော့ ယုံကြည်ပါတယ်။

XS
SM
MD
LG