သုံးရလွယ်ကူစေသည့် Link များ

အသွင်ကူးပြောင်းရေး ပြဿနာ


အသွင်ကူးပြောင်းရေး ပြဿနာ
အသွင်ကူးပြောင်းရေး ပြဿနာ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရဘက်ကရော အတိုက်အခံဘက်ကပါ ပါဝင်ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသွင်ကူးပြောင်းရာမှာ ဦးဆောင်ပါဝင်တဲ့အခန်းကဏ္ဍကိုလိုက်ပြီး အစိုးရက ဦးဆောင်တဲ့နည်း၊ အတိုက်အခံ ဦးဆောင်တဲ့နည်း၊ အစိုးရနဲ့ အတိုက်အခံလက်တွဲတဲ့နည်း စသဖြင့် ပညာရှင်တွေက နည်း (၃) မျိုး ခွဲထားပါတယ်။ အခြေအနေကိုလိုက်ပြီး ဒီနည်းလမ်းတွေ ရောစပ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းတာကို အယုံအကြည် မရှိတာများပေမယ့် အာဏာရအစိုးရထဲမှာ အမြော်အမြင် ရှိတဲ့ ပြုပြင်ရေးသမားတွေ အားကောင်းလာတဲ့အခါ အစိုးရဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်သွားနိုင်တာမျိုး ရှိပါတယ်။

ဥပမာ ဘရာဇီးနိုင်ငံမှာ အာဏာရှင်အစိုးရကို အမြော်အမြင်ရှိသူတွေက ဦးဆောင်လာတဲ့အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်တာ တွေ့ရပါတယ်။ အစိုးရဦးဆောင်တဲ့နည်းဟာ အာဏာရှင်ဟောင်းတွေအတွက် အန္တရာယ် အကင်းဆုံးဖြစ်တယ်လို့လည်း ယူဆကြပါတယ်။ ဒါပေမဲ့ ဒီနည်းကို အများက လက်ခံနိုင်ဖို့ အတွက် တဖက်သတ် ဆုံးဖြတ်ပြီး အမိန့်ပေးတဲ့စနစ်ကို ပထမဦးဆုံး ရပ်ဆိုင်းဖို့ လိုပါတယ်။ မြန်မာအစိုးရသစ်ဟာ ဒီနည်းလမ်းဟောင်းကို ရပ်ဆိုင်းမယ့် အရိပ်အရောင် ပြနေပုံ ရပါတယ်။

နယ်စပ်ဒေသမှာ တဖက်သတ်အမိန့်ပေးပြီး အတင်းအကြပ် နယ်ခြားစောင့်တပ် ဖွဲ့စည်းတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေက လက်မခံကြပါဘူး။ ရှမ်းနဲ့ကချင် လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်နေတုန်း ဖြစ်ပေမယ့် ဝ နဲ့ မိုင်းလားအဖွဲ့တွေကိုတော့ စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဖို့ ပဏာမသဘောတူညီချက် ရယူနိုင်တာ တွေ့ရပါတယ်။ ဗကပ တဖြစ်လည်း ဝ နဲ့ မိုင်းလားတပ်ဖွဲ့မှာ တရုတ်ပြည်ဖွား ဒေသခံတွေ အများအပြားပါဝင်ပြီး တရုတ် အထောက်အပံ့ အများဆုံး ရတဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖြစ်ပါတယ်။ နယ်မြေဖွံ့ဖြိုးရေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်တာလို့ သိရပါတယ်။ တဦးနယ်မြေတဦး ဝင်တဲ့အခါမှာ ကြိုတင်အကြောင်းကြားဖို့ သဘောတူကြပါတယ်။ ရှမ်း၊ ကချင်၊ ကရင် နဲ့ တိုက်ပွဲဖြစ်နေတုန်း ရန်သူထပ်မတိုးအောင် အခုလို စီစဉ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အရင်လို တဖက်သတ် စီစဉ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ မကြိုးပမ်းတော့တာ တွေ့ရပါတယ်။

တဦးနဲ့တဦး အပြစ်ရှာရမယ့် အချိန်မဟုတ်လို့ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အမြင်မတူတဲ့ ပြည်တွင်းက အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေကို ဖိတ်ခေါ် လိုက်ပြီး နိုင်ငံခြားရောက် မြန်မာတွေ ပြန်လာနိုင်အောင် စဉ်းစားပေးမယ်လို့ သမ္မတက ကြေညာလိုက်ပါတယ်။ စစ်အာဏာရှင် အစိုးရ အုပ်ချုပ်ခဲ့တဲ့ အနှစ် (၅၀) နီးပါး ကာလမှာ မြန်မာပြည်ခေတ်နောက်ကျပြီး ဆင်းရဲနွမ်းပါးသွားရပုံကို အတိအလင်း ထုတ်ဖော်ပြောဆိုပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲ ကျင်းပပေးတာဟာ စစ်အစိုးရအဆက်ဆက်ရဲ့ စီးပွားရေးလမ်းစဉ် မှားယွင်းကြောင်း ဝန်ခံရာ ရောက်တယ်လို့ သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်ကို မကြုံဘူးတဲ့ အထူးအဆန်းသဖွယ် ပြည်တွင်း သတင်း မီဒီယာမှာ ဖော်ပြကြတာ တွေ့ရပါတယ်။ ဒေါ်စုရဲ့ ဆောင်းပါးပုံနှိပ်ခွင့်ရတာ စိတ် ကြည်နူးစရာ ဖြစ်နေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဆွေးနွေးပွဲ တက်ရောက်ပြီး သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာကြောင့် အစိုးရသစ်ကို ပြည်တွင်းပြည်ပမှာ အမြင်ကောင်းစေပါတယ်။ ဒေါ်စု နဲ့ ဆက်ဆံပုံကိုကြည့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်တဲ့ အစဉ်အလာရှိပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဒေါ်စုကို ပထမအကြိမ် လွှတ်ပေးလိုက်လို့ ၁၉၉၇ ခုနှစ်မှာ အာဆီယံအသင်းထဲ ဗမာအစိုးရ ဝင်ခွင့်ရသွားတာဟာ ထင်ရှားတဲ့ ဥပမာတခု ဖြစ်ပါတယ်။ အခုလည်း ၂၀၀၄ ခုနှစ်မှာ အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌလုပ်နိုင်ရေးနဲ့ ဒဏ်ခတ်မှု ရုတ်သိမ်းရေးအတွက် ဒေါ်စုနဲ့ ဆက်ဆံရေးကောင်အောင် အစိုးရသစ်က လုပ်နေတယ်လို့ ယူဆကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောသွားတာဟာလည်း စိတ်ဝင်စားစရာ အချက်တချက် ဖြစ်နေပါတယ်။

တိုင်းပြည်ရဲ့ လုပ်ငန်းကဏ္ဍတိုင်းကို စစ်တပ်က ချုပ်ကိုင်ပြီး စစ်တပ် တည်ထောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အနိုင်ရအောင် စီစဉ်ခဲ့ပါတယ်။ မြို့တော်သစ်မှာ ပြည်သူ့လွှတ်တော်သစ်နဲ့ အစိုးရသစ်ကို စိတ်ကြိုက်ဖွဲ့စည်းပါတယ်။ အနှစ် (၂၀) ကျော် တဖက်သတ်လုပ်လာပြီးမှ ပြုပြင်ရေးစကား ပြောလာတာကို ချက်ချင်းယုံကြည်ဖို့ ခက်ခဲနေကြပါတယ်။ ဒီမိုကရေစီအရေးဆိုသူတွေကို ဆက်လက်ထိန်းသိမ်းထားမှု၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေမှု၊ သတင်းမီဒီယာ လွတ်လပ်မှုကို ဆက်လက် ပိတ်ပင်ထားမှု စတာတွေဟာ အစိုးရသစ်ကို အယုံအကြည် ကင်းမဲ့စေပါတယ်။ လွတ်လပ်မှုပေးလိုက်ရင် မတရားလုပ်ထားမှုတွေ ဖော်ထု်မှာကို အာဏာပိုင်တွေက စိုးရိမ်ကြောက်လန့်နေဆဲ ဖြစ်ပုံရပါတယ်။

ဝန်ကြီး၊ အရာထမ်း၊ ပညာရှင် နဲ့ ပါတီဝင်တွေ မတူကွဲလွဲတာတွေ ဘေးဖယ်ပြီး တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ တိုင်းပြည်ပြုပြင် ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သမ္မတ အကြံပေး ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို နှစ်လလောက်ကြိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြရကြောင်း သိရပါတယ်။ တိုင်းပြည်ပြုပြင်ရေး လုပ်ငန်းမှာ လွတ်လပ်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့ သဘောထားကို ဘယ်အတိုင်းအတာအထိ နေပြည်တော်အာဏာပိုင်တွေက လက်ခံနိုင်မယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG