သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ပြဿနာ


မြန်မာ့လူ့အခွင့်အရေး ပြဿနာ
မြန်မာ့လူ့အခွင့်အရေး ပြဿနာ

လွန်ခဲ့တဲ့ စက်တင်ဘာလ (၅) ရက်နေ့က အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းကြောင်း နေပြည်တော်က ကြေညာတာကို အမျိုးမျိုးတုံ့ပြန်ပါတယ်။ ကုလသမဂ္ဂ မှတ်တမ်းတင်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကြည့်ပြီး သံသယဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်၊ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံတွေကို ဥပဒေပညာရှင်တစုက လေ့လာပြီး မြန်မာပြည်က ရာဇဝတ်မှုများ ဆိုတဲ့ အစီရင်ခံစာ ၂၀၀၉ မှာ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကတော့ ၁၉၉၄ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဖြစ်ကတည်းက မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဘူးလို့ ဗြောင်ငြင်းခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေကလည်း ၂၀၀၁ ခုနှစ် ကုလသမဂ္ဂမှာ မြန်မာသံအမတ် ဖြစ်ကတည်းက မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖျက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒီလို ငြင်းဆိုနေတုန်း ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီကို ၂၀၀၀ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။ နောက်တော့ Australia အစိုးရနဲ့ ပူးတွဲပြီး လူ့အခွင့်အရေး သင်တန်းတွေ ပေးပါတော့တယ်။ Australia နဲ့ ဗမာအစိုးရပူးတွဲပြီး ၂၀၀၀ ခုနှစ်က ၂၀၀၃ အထိ လူ့အခွင့်အရေးသင်တန်း (၁၂) ခု ပေးခဲ့ပါတယ်။ သင်တန်းတခုမှာ အစိုးရအမှုထမ်း (၂၅) ယောက်လောက်တက်တာမို့ စုစုပေါင်း အရပ်သားအမှုထမ်း (၃၀၀) လောက်ကို လူ့အခွင့်အရေးအကြောင်း ဟောပြောနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအထဲမှာ လူ့အခွင့်အရေး အချိုးဖျက်ဆုံးဖြစ်တဲ့ စစ်မှုထမ်းမပါပါဘူး။ သင်တန်းတခု (၄) ရက်ကြာပြီး ရန်ကုန်-မန္တလေး နဲ့ တောင်ကြီးမှာ ကျင်းပကြောင်း သိရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ပင်ညဲရိုး မြန်မာပြည်သွားတိုင်း အစိုးရလူ့အခွင့်အရေး ကော်မတီဝင်တွေနဲ့ တွေ့ရပါတယ်။ အစိုးရအမှုထမ်းအချို့ Australia မှာ လူ့အခွင့်အရေး သင်တန်းတက်ဖို့ Australia အစိုးရက စီစဉ်ပေးပါတယ်။ အာရှလူ့အခွင့်အရေး ဆွေးနွေးပွဲ ဗမာကိုယ်စားလှယ် တက်နိုင်ဖို့လည်း Australia က ကူညီခဲ့ပါတယ်။ လူ့အခွင့်အရေးသင်တန်း အရှိန်ရနေတုန်း ၂၀၀၃ မေလ (၃၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို စစ်အစိုးရ လက်အောက်ခံ အရပ်သားတွေက ဒီပဲယင်းမှာ ဝိုင်းရိုက်ကြတဲ့အတွက် Australia အစိုးရရဲ့ လူ့အခွင့်အရေး စီမံကိန်းလည်း ရပ်ဆိုင်းသွားပါတော့တယ်။ ဒါပေမဲ့ ကြည့်မြင်တိုင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးမြင့်အေး နဲ့ လူ့ငယ် (၃၅) ဦး ၂၀၀၂ မှာ တည်ထောင်တဲ့ လူ့အခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့ကတော့ အခုထက်ထိ ရှင်သန်လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ ဖမ်းဆီရိုက်နှက် ခံရတဲ့ကြားက လူ့အခွင့်အရေးအကြောင်း ဟောပြောသူတွေ ဖြစ်ပါတယ်။

၂၀၀၆ အောက်တိုဘာလမှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် လို့ အမည်ပြောင်းပြီး လူ့အခွင့်အရေး ဟောပြောပွဲလုပ်ပြီးအပြန် ဦးမြင့်အေး နဲ့ ဦးမောင်မောင်လေး တို့ကို ကြံ့ဖွံ့အသင်းဝင်တွေ ဝိုင်းရိုက်တဲ့ဖြစ်ရပ်ဟာ ဟိုလေးတကျော် ဖြစ်ခဲ့ရပါတယ်။ လူ့အခွင့်အရေး ကွန်ယက်အဖွဲ့ဝင် (၄၀) လောက် မြန်မာပြည်နေရာ အနံှအပြားမှာ ထောင်ဒဏ်ကျခံနေရပါတယ်။ ကွန်ယက်ခေါင်းဆောင် ဦးမြင့်အေး ဟ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရပါတယ်။ လူ့အခွင့်အရေး စာရွက်စာတမ်း ထုတ်ဝေမှုနဲ့ ဟောပြောမှုကြောင့် ဦးမြင်အေး မကြာခဏ အဖမ်းခံရပါတယ်။

၂၀၀၅ ဖေဖေါ်ဝါရီလမှာ ပါတီလမ်းစဉ် သွေဖီမှုနဲ့ ဦးမြင့်အေးကို NLD က အဖွဲ့ဝင်အဖြစ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဦးမြင့်အေး ဟာ လူ့အခွင့်အရေးပညာပေး အလုပ်ကို ဆက်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၀၈ မတ်လမှာ ထောင်ကလွတ်လာပြီး မကြာမီ မြေနီကုန်း၊ စမ်းချောင်းမှာ ဦးမြင့်အေး အရိုက်ခံရပြန်ပါတယ်။ ဦးမြင့်အေး ဟာ လူ့အခွင့်အရေးအကြောင်း ပြည်သူလူထု သဘောပေါက်အောင် ဟောပြောတဲ့အတွက် အရိုက်အနှက်ခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ မြန်မာပြည်မှာသမိုင်း တခေတ်သစ်ပြီးဖြစ်ကြောင်း စက်တင်ဘာ (၁၃) ရက်နေ့ ဂျီနီဗာမှာ ကျင်းပတဲ့ (၁၈) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။ အတင်းအဓမ္မ ခိုင်းစေမှု ကွယ်ပျောက်စေဖို့အတွက် ကျေးရွာဥပဒေလွှတ်တော်မှာ ပြဋ္ဌာန်းမယ့်အကြောင်း ဦးဝဏ္ဏမောင်လွင် ပြောတာဟာ အဓမ္မခိုင်းစေမှု ရှိနေတာကို ဝန်ခံရာ ရောက်ပါတယ်။ ဒါပေမဲ့ ဦးဝင်းမြနဲ့ ဦးကျော်တင့်ဆွေ ကတော့ အဓမ္မခိုင်းစေမှု မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းရေးတွေ လုပ်မယ့်အကြောင်း ပြောဆိုပြီးတော့ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးကို ကုလသမဂ္ဂမှာ ဦးဝဏ္ဏမောင်လွင် တောင်းဆိုသွားတာဟာ အပေးအယူလုပ်တဲ့ သဘောဖြစ်နေပါတယ်။

လက်တွေ့ဘဝမှာ လူ့အခွင့်အရေးရရင် ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းကြမှာ သေချာပါတယ်။ တောင်းဆိုနေစရာ မလိုပါဘူး။ သမ္မတဦးသိန်းစိန် လက်ထက်ထူးခြားချက်ကတော့ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေး ကွန်ယက်ဟာ အရင်လို အရိုက်အနှက် မခံရတော့ဘဲ ပညာပေးဆွေးနွေးပွဲ ဆက်ပြီး ကျင်းပနိုင်တာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ မိတ္ထိလာမှာ (၃) ရက်၊ မန္တလေးမှာ (၃) ရက် လူ့အခွင့်အရေးကွန်ယက် က ပညာပေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့် တားဆီးနှောက်ယှက်တာမျိုး မရှိကြောင်း သိရပါတယ်။

XS
SM
MD
LG