ဒီတပတ် မျက်မှောက်ရေးရာကဏ္ဍမှာ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားတွေဘက်က ထားရှိသင့်တဲ့ သဘောထားတွေ၊ ဆောင်ရွက်သင့်တဲ့ လုပ်ရပ်တွေကို မြန်မာ့ရေးရာ ဥရောပရုံး တာဝန်ခံ ဦးဟန်ယောင်ဝေ၊ အင်ဒီးယားနားတက္ကသိုလ် (Indiana University School of Law) မှ နိုင်ငံတကာ ဥပဒေပညာရပ်ဘွဲ့ရ ချင်းအမျိုးသား အင်ဒရူး ငွေကျုံလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ အပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကျနော်အနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု - ဖဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို ဆွေးနွေးတဲ့အခါမှာ မြန်မာ့အရေး ကျွမ်းကျင်တဲ့ အမေရိကန်ပညာရှင်ကြီး Dr. Josef Silverstein က ဗမာစစ်တပ်ရဲ့ အခန်းကဏ္ဍကို ပြောပါတယ်။ ဒါအပြင် စစ်တပ်ရဲ့ မှိုင်းတိုက်ထားမှုကြောင့် ဗမာလူမျိုးအများစုဟာ တိုင်းရင်းသားတွေကို တန်တူ အခွင့်အရေး မပေးချင်တဲ့ အမြင် ရှိကြတာကို တွေ့ရတယ်ဆိုတာတွေ ပါခဲ့ပါတယ်။ ဒီတော့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့အတွက် ဗမာတွေဘက်ကပဲ လိုက်လျောစရာ ဖြစ်နေမလား။ တိုင်းရင်းသားတွေဘက်က ဘာများ ဆောင်ရွက်စရာ၊ ဘာတွေများ ညှိနှိုင်းလိုက်လျောစရာ လိုသလဲဆိုတာကို ဒီကနေ့ ဆွေးနွေးလိုချင် ဖြစ်ပါတယ်။
ပထမဦးဆုံး ဦးဟန်ယောင်ဝေ ကို မေးပါရစေ။ ဘယ်လို သဘောရပါသလဲ။ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စု ဖြစ်ဖို့ ဗမာတွေအပြင် တိုင်းရင်းသားတွေဘက်က သဘောထားတွေ ဘယ်လိုရှိသင့်ပါသလဲ။
ဦးဟန်ယောင်ဝေ ။ ။ ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ ဖဒရယ် လိုလားတယ်ဆိုရင် တောင်းနေလို့ မရဘူး။ ပြောချင်တာက အခွင့်အရေး လိုချင်လို့ရှိရင် သူများဆီက တောင်းလို့မရဘူး။ ကိုယ့်ဘာသာ ထွင်ယူရမယ်။ ဖဒရယ် ပြည်ထောင်စု လိုချင်ရင် တိုင်းရင်းသားများအနေနဲ့က ကိုယ့်ကိုကိုယ် ကြိုးစားပြီးတော့ ပြည်ထောင်စုကြီးကို တည်ဆောက်ရမယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုယ့်ကိုကိုယ် ကြိုးစားတယ်ဆိုတာ ဘယ်လိုလဲ။ တချို့က လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြတယ်။ တိုက်နေကြတယ်။ အဲဒီလို ပုံစံမျိုး လုပ်ယူရမယ်ဆိုတဲ့ သဘောမျိုးလား။
ဦးဟန်ယောင်ဝေ ။ ။ မဟုတ်ပါဘူး။ ကျနော် ပြောချင်တာကတော့ ဖဒရယ်ဆိုရင် ဘယ်လိုပုံစံမျိုး လိုသလဲ။ ဥပမာ ဖဒရယ် လိုချင်တယ် ပြောပြီးမှ ကျနော်က ရှမ်းဖြစ်လို့ ရှမ်းလူမျိုးအတွက်ကိုပဲ စဉ်းစားမယ်။ ပြည်ထောင်စုကြီး ဘယ်လိုဖြစ်သင့်သလဲဆိုတာကို မစဉ်းစားဘူးဆိုရင် ဒါ ဖဒရယ် ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသားများအနေနဲ့က အမြင်ကျယ်ကျယ် ရှိပြီးမှ ဒီပြည်ထောင်စုကြီး ဘယ်လိုဖြစ်သင့်တယ်။ ဖြစ်သင့်တဲ့ ပုံစံကို ကျနော်တို့က ဘယ်လိုလုပ် ကြိုးစားပြီး လုပ်ရင် ရနိုင်မယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုယ့်တိုင်းရင်းသား တမျိုးတည်းလောက် အရေးကို ကွက်ပြီး စဉ်းစားလို့ မရဘူး။ တနိုင်ငံလုံး အတိုင်းအတာ၊ ပြည်ထောင်စုတခုလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတက်ရမယ်ဆိုတဲ့ သဘောပေါ့။
ဦးဟန်ယောင်ဝေ ။ ။ ဟုတ်ကဲ့။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာ အင်ဒရုး ငွေကျုံလျန် ရဲ့ သဘောထားလည်း သိချင်ပါတယ်။
ဒေါက်တာ ငွေကျုံလျန် ။ ။ ဖဒရယ် လှုပ်ရှားမှုဆိုတာ ၁၉၆၀ ရှမ်းနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုက စလာတယ်လို့ ပြောရင် မှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အဲဒီ နောက်ပိုင်းမှာ တော်လှန်ရေးကောင်စီ က အစ နောက်တက်လာတဲ့ လူတွေက ဖဒရယ် လှုပ်ရှားမှုကို ဘယ်လို ပြောသလဲဆိုရင် ပြည်ထောင်စု ပြိုကွဲရေးလမ်းစဉ် လို့ ဆိုပြီးတော့ လူအများကလည်း အဲဒီ ဝါဒမှိုင်း တိုက်တဲ့ဟာကို လက်ခံနေကြတယ်။ ဆိုဗီယက် ပြည်ထောင်စုကြီး ဖဒရယ်မူကြောင့် ပြိုကွဲခဲ့ကြတယ်လို့ ပြောကြတယ်။ ယူဂိုးစလားဗီးယားတို့ ပြိုကွဲခဲ့ရတာလည်း ဖဒရယ်ကြောင့်လို့ ပြောနေကြတယ်။ အမှန်ဆိုလို့ရှိရင် ဖဒရယ်စံနစ်ကျင့်သုံးနေကြတဲ့ တိုင်းပြည်တရာကျော် ကမ္ဘာမှာရှိတယ်။ လေ့လာတွေ့ရှိချက်တွေအရ တိုင်းပြည်တရာကျော်ဟာ မပြိုကွဲဘဲနဲ့ တည်ရှိနေတာ သူတို့တွေဟာ ဗမာပြည်လို တိုင်းရင်းသားပေါင်းစုံရှိတဲ့ တိုင်းပြည်ဖြစ်ပါရဲ့နဲ့ ဖဒရယ်စံနစ်ကို ကျင့်သုံးလို့ ဖြစ်ပါတယ်ဆိုတာကို ဒီနေ့ ဗမာ နဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေက လက်ခံဖို့ အရေးကြီးပါတယ်။ နားလည်းဖို့ အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် အင်ဒရူး ကို အဓိက ပြောစေချင်တာက တိုင်းရင်းသားတွေဘက်က (စောစောက ပထမ အစီအစဉ်မှာ ဗမာတွေဘက်က ပိုပြီးတော့ လိုအပ်နေတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဖဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မြန်မာပြည်မှာ လက်ရှိ တိုင်းရင်းသားတွေ ထားရှိတဲ့ သဘောထားတွေက မှန်ကန်ပါရဲ့ လား။ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အထောက်အကူ ဖြစ်ပါရဲ့ လား။ တိုင်းရင်းသားတွေရဲ့ အခုလက်ရှိ ထားရှိနေတဲ့ အမြင်။
ဒေါက်တာ ငွေကျုံလျန် ။ ။ အခုအထိ ကျနော် တွေ့သမျှ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင် … နာဂ စတဲ့ တိုင်းရင်းသားတွေ အားလုံးမှာ ခွဲထွက်ချင်တဲ့ စိတ်ဓါတ်နဲ့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ဖြစ် ကျနော် မတွေ့ပါဘူး။ အားလုံးက ဗမာတွေနဲ့ တန်တူရည်တူ အခွင့်အရေး ရပြီးတော့ ဖဒရယ်စံနစ်အောက်မှာ သူ့အကျိုး ကိုယ့်အကျိုး နှစ်ဘက်အကျိုးဖြစ်မယ့် လုပ်ငန်း လုပ်နိုင်မယ်ဆိုပြီး နေချင်တယ်ဆိုပြီး နှစ်ပေါင်း (၄၀) (၅၀) (၆၀) တော်လှန်ရေး လုပ်ကြတဲ့ အဖွဲ့အစည်းတွေကိုပဲ ကျနော်မြင်ပါတယ်။ လုံးဝ ဗမာတွေနဲ့ မပေါင်းချင်ဘူးဆိုတဲ့၊ မနေချင်ဘူးဆိုတဲ့ အဖွဲ့အစည်းကို အခုထိ ကျနော် မတွေ့သေးပါဘူး။ အဲဒီတော့ တိုင်းရင်းသားတွေဘက်က ကျနော်ပြောမယ်ဆိုရင် ဗမာတွေနဲ့ လုံးဝ မပေါင်းချင်ဘူးဆိုတဲ့ အဖွဲ့အစည်းကို ဘယ်မှာမှ မတွေ့ခဲ့ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဗမာလူမျိုးတွေတချို့ရဲ့ အမြင်မှာ တိုင်းရင်းသားတွေဟာ ဗမာမုန်းတီးရေးသဘောထား ရှိနေကြတယ်လို့ သူတို့ထင်နေကြတယ်။ ဒီသဘောထားကို ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။ ဦးဟန်ယောင်ဝေ အနေနဲ့လည်း ကျနော်ပြောတာကို လက်ခံနိုင်သလား။ ဗမာတချို့က တိုင်းရင်းသားတွေဟာ ဗမာမုန်းတီးရေး သဘောထားရှိနေကြတယ်လို့ သူတို့ ထင်နေကြတယ်။ ဒီ အစွဲကို ပြောင်းအောင် တိုင်းရင်းသားတွေ ဘာလုပ်သင့်သလဲ။
ဦးဟန်ယောင်ဝေ ။ ။ ပြဿနာက ဒီလို - နယ်တွေ၊ ရွာတွေမှာဆိုရင် တိုင်းရင်းသားဘက်က စစ်တပ်ရဲ့ နှိပ်စက်မှုကို ခံခဲ့ကြရတယ်။ ဒါက တကယ်ဖြစ်နေတဲ့ လက်တွေ့ဖြစ်နေတဲ့အရာ။ သူတို့အနေနဲ့က မခွဲတတ်ဘူး။ စစ်တပ်က လာနှိပ်စက်သလား။ သူတို့အနေနဲ့ ထင်တာက ဗမာက လာနှိပ်စက်တယ်လို့ မြင်ပါတယ်။ အဲဒီလို ခံစားချက်တွေရှိတော့ ဒီဟာတွေလည်း နားလည်းအောင် ကျနော်တို့က ပြောရမယ်။ မဟုတ်ရင် သူတို့ထင်နေတာက သူတို့ကို လာဖိနှိပ်နေတာ ဗမာလူမျိုးက လုပ်နေတယ်လို့ အဲဒီလိုမျိုး ထင်ကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒီ မေးခွန်းကိုပဲ ဒေါက်တာအင်ဒရူး ကို မေးချင်ပါတယ်။ ဒေါက်တာအင်ဒရူး တွေ့ဘူးမှာပေါ့။ ဒီလူက ဗမာမုန်းတီးရေးကို ပြောနေတာလို့ ဗမာတွေရဲ့အထင် ကျနော်က သတင်းသမားဆိုတော့ နှစ်ဘက်စလုံးကို နားထောင်ရင် တွေ့ရပါတယ်။ အဲဒီလို အမြင်မျိုးရှိခဲ့ရင် ဒေါက်တာအင်ဒရူး အနေနဲ့ အဲဒီ တိုင်းရင်းသားတွေကို ဘာပြောချင်ပါသလဲ။
ဒေါက်တာ ငွေကျုံလျန် ။ ။ နှစ်ခု ရှိပါတယ်။ အန်ကယ်ဟန်ပြောတဲ့ ဗမာစစ်တပ်က တိုင်းရင်းသား ပြည်သူတွေကို ညှင်းဆဲဖို့ လွှတ်လိုက်တဲ့ စစ်သားတွေ လုပ်ရပ်ကို ဒီစစ်သားတွေလုပ်ရပ်၊ ခိုင်းလို့ လုပ်တယ်ဆိုတဲ့ လုပ်ရပ်နဲ့ ဗမာလူမျိုးတွေက ခိုင်းလို့လုပ်တာ မဟုတ်ဘူးဆိုတာကို နားလည်းဖို့ ကျနော်တို့က လုပ်ဖို့ အရေးကြီးတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား မဟုတ်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ခံယူချက်တွေကိုလည်း ဗမာဆိုတဲ့ တိုင်းရင်းသားတွေကလည်း လက်ခံဖို့လိုတယ်။ အဓိက အရေးကြီးတာက ဒီနေရာမှာ အလယ်မှာ လိုင်းရှိတာက ကျနော်တို့က ဖဒရယ်စံနစ် လိုချင်တယ်။ ဖဒရယ်စံနစ်ဟာ ဗမာအတွက်လည်း ကောင်းတယ်။ တိုင်းရင်းသားအတွက်လည်း ကောင်းတယ်။ စစ်သားအတွက်လည်း ကောင်းတယ်၊ တိုင်းရင်းသားအတွက်လည်းကောင်းတယ်။ စစ်သားအတွက်လည်း ကောင်းတယ်၊ တော်လှန်ရေးသမားအတွက်လည်း ကောင်းတယ်။ Activists အတွက်လည်းကောင်းတယ် ဟိုမှာ ပေါ်တာထမ်းနေတဲ့လူအတွက်လည်း ကောင်းတယ်ဆိုတာကို ကျနော်တို့က အားလုံးနားလည်းအောင် ရှင်းပြနိုင်ဖို့လိုတယ်။ အဲဒီအဆင့်ကို မရောက်နိုင်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်။ ဒါပေမဲ့ ဖဒရယ်စံနစ်ဟာ ပြည်ထောင်စု ပြိုကွဲရေးစံနစ်ဆိုပြီး တနေ့မှာ ၂၄ နာရီ အော်နိုင်ဖို့ အခွင့်အရေးရထားတဲ့လူက ကျနော်တို့ကို နိုင်နေတာ အဲဒါ ကျနော်တို့ရဲ့ အားနည်းချက်လို့ ကျနော်ကတော့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗမာပြည် လွတ်လပ်ရေးယူမယ်ဆိုတဲ့အခါ၊ ယူပြီးတဲ့အခါမှာ အဲဒီ ပြည်ထောင်စုကြီးထဲမှာ မနေချင်ဘူး၊ သီးခြားနိုင်ငံ ထူးထောင်မယ်ဆိုပြီး တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တချို့ဟာ အဲဒီလို စတင်ခဲ့တယ်ဆိုတာ သမိုင်းထဲမှာ အထောက်အထား ရှိပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စုကို သဘောပေါက်လာကြတယ်လို့ အခုအခါမှာ ပြောလာကြပါပြီ။ ဒီအစွဲကို ဗမာတွေ၊ အထူးသဖြင့် ဗမာအုပ်ချုပ်သူအပိုင်းကို ဒါကို စွဲကိုင်ပြီး ပြောနေကြတုန်းပဲ။ သက်ဆိုင်တဲ့ နိုင်ငံခြားရေး (ထားပါတော့ နံမည်တော့ မပြောတော့ဘူး) စစ်အစိုးရဝန်ကြီးတချို့တောင် ပြည်ပရောက်တုန်းရောက်ခိုက်မှာ မြန်မာတိုင်းရင်းသားတွေဟာ ဒီလို ခွဲထွက်ဖို့ လုပ်ကြခဲ့တာရှိတယ်။ ဒါကြောင့် ငါတို့က ဆက်လက်ယူထားဖို့လိုတယ်ဆိုပြီး ဒါကို အကြောင်းပြနေကြတယ်။ သူတို့ အာဏာတည်မြဲရေးအတွက် pretext စစ်မှန်တဲ့ အကြောင်းပြချက် ဟုတ်သောရှိ မဟုတ်သောရှိ။ အဲဒီတော့ သူတို့ ပြောနေတာ တစိတ်တဒေသအားဖြင့် မှန်ကန်နေသေးသလဲ။ လုံးဝ မမှန်တော့ဘူးဆိုတာကို ဦးဟန်ယောင်ဝေ စပြောပါ။
ဦးဟန်ယောင်ဝေ ။ ။ ပထမတုန်းကတော့ ကျနော်တို့ လွတ်လပ်ရေးမရခင်တုန်းကဆိုရင် ဗမာပြည်၊ ကချင်ပြည်နဲ့ ရှမ်းပြည်တို့က သီးသန့်။ တနိုင်ငံ ဖြစ်နေတာ မဟုတ်ဘူး။ အဲဒါကိုလက်ခံရမယ်။ ပင်လုံစာချုပ် နောက်ပိုင်းမှာမှ လာပေါင်းကြတယ်။ လာပေါင်းတဲ့အချိန်မှာ တန်တူမယ် ထင်ကြတယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်း ဖြစ်မလားဘူး။ ဗြိတိသျှ က လာအုပ်ချုပ်တာ မဟုတ်ဘဲနဲ့ အခုဟာက လွတ်လပ်ရေး ရလာတဲ့နောက်ပိုင်းမှာ ဗမာက လာအုပ်ချုပ်တော့ အဲဒါကို မခံနိုင်ကြဘူး။ အဲဒီဟာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းတော့ ဒီ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့က လမ်းမရှိတော့ဘူး။ အဲဒါကြောင့်မို့ လူတိုင်းက လက်နက်ကိုင်ဖို့ ဖြစ်လာကြပါတယ်။ ဆိုတော့ နိုင်ငံရေးလမ်းဘက် ပြန်သွားရင်တော့ ဘယ်သူမှ ခွဲမထွက်ချင်ကြပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အဖြေမရှာဘဲနဲ့ ဆက်ပြီးတော့ လူထုကို ဖိနှိပ်မယ်ဆိုရင်တော့ ဒါကို ဘယ်သူမှ ခံလို့မရပါဘူး။ တိုက်ရင်းတိုက်ရင်းနဲ့ တိုင်းပြည်ကွဲသွားနိုင်ပါတယ်။ ဒါပေမဲ့ မကွဲချင်ရင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ကျနော်ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာ အင်ဒရူး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပါ။ တိုင်းရင်းသားတွေတချို့က တော်လှန်ရေးစကတည်းက ခွဲထွက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဖဒရယ်ပြည်ထောင်စု ဘာညာ ပြောင်းလဲကြွေးကြော်လာကြတယ်။ သူတို့ရဲ့ စိတ်ရင်းမှန်ဟာ အမှန်တကယ်ပဲ ဖဒရယ်ပြည်ထောင်စုကို ကြိုက်ကြသလားဆိုတာကို ကျနော်တို့ ဘယ်လို သက်သေပြနိုင်မလဲ။
ဒေါက်တာ ငွေကျုံလျန် ။ ။ အဲဒီမှာ ဥပဒေအကြောင်းနဲ့ ပတ်သက်လာလို့ နှစ်မျိုး ခွဲရအောင်ပါ။ ပထမအချက်က ပင်လုံစာချုပ်အရ ကျနော်တို့က ပြည်ထောင်စုကို ထူးထောင်ခဲ့တာဖြစ်တယ်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြတဲ့ ကချင်၊ ရှမ်း၊ ချင်း နဲ့ ဗမာကို ကိုယ်စားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကိုယ်စားပြုတဲ့တိုင်းပြည်တွေ (၄) တိုင်းပြည်က လူတွေ ကိုယ်စားပြုတဲ့လူတွေ ဒါမှမဟုတ် အဖွဲ့အစည်းတခုက အဲဒီ ပင်လုံစာချုပ်ကို ချိုးဖောက်လို့ရှိရင် contract ဥပဒေ ဒါမှမဟုတ် ပဋိညာဉ် ဥပဒေအရ လက်ရှိ မြန်မာပြည်မှာ တည်ရှိနေတဲ့ ဥပဒေအရ ဒီဥပဒေက no invoice လုံးဝ အကျုံးမဝင်တော့ဘူး။ ဆိုလိုတာက ကျနော်တို့ဟာ pre ပင်လုံစာချုပ် ကို ရောက်သွားတယ်။ လွတ်လပ်ရေး ရသွားတယ်။ ရလိုက်တယ် ချင်း၊ ကချင်၊ ရှမ်း၊ Ministerial Burma territory တွေ လွတ်လပ်ရေး ရသွားခဲ့တယ်။ အဲဒီတော့ ကျနော်ဆိုလိုတာက Kachin Independence Organization လို့ပြောတယ်။ သူတို့က ကချင်လွတ်လပ်ရေးအဖွဲ့အစည်းလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ကချင်ပြည် လွတ်လပ်ရေးတောင်းသလား။ သူတို့ စထောင်ကတည်းက လွတ်လပ်ရေး မပြောပါဘူး။ သူတို့ ပြောလိုချင်တဲ့ အချက် က ပင်လုံစာချုပ်ကို ချိုးဖောက်တဲ့ လူရှိတဲ့အတွက်ကြောင့် ကျနော်တို့ဟာ လွတ်လပ်သွားတဲ့ အဖွဲ့ဖြစ်လာတဲ့အတွက် KIO ကို ဖွဲ့တယ်လို့ပဲ မြင်ပါတယ်။ အဲဒီတော့ ကျနော်ပြောချင်တာက ဘယ်သူကမှ ပြည်ထောင်စု ပြိုကွဲရေးကို ထောက်ခံပြီးတော့ လိုချင်ပြီးတော့ လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်း မရှိပါဘူး။