သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာဖြစ်လို့ ရွေးကောက်ပွဲလုပ်တာလဲ?


ဘာဖြစ်လို့ ရွေးကောက်ပွဲလုပ်တာလဲ?
ဘာဖြစ်လို့ ရွေးကောက်ပွဲလုပ်တာလဲ?

လောလောဆယ် အာဏာလက်လွတ်ဖို့ အလားအလာမရှိဘဲ ဘာဖြစ်လို့ စစ်အာဏာရှင်တွေ ရွေးကောက်ပွဲ ကျင်းပရတယ်ဆိုတာကို နိုင်ငံရေးသိပ္ပံမှာ လေ့လာသုံးသပ်လာတာ အတော်လေးကြာနေပါပြီ။ California (Los Angles) တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ Barbara Geddes ဟာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထူထောင်ပုံကို နှစ်အတော်ကြာ သုတေသနလုပ်နေသူ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၁၇၀) ကျော်ကို လေ့လာပြီး အာဏာလက်လွှတ်ဖို့ စိတ်မကူးဘဲ ရွေးကောက်ပွဲ ကျင်းပကြတဲ့ အာဏာရှင်တွေအကြောင်း စာတမ်းတွေ ရေးပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၈) ရက်နေ့ကပဲ ယေးလ် (Yale) တက္ကသိုလ်မှာ ပါမောက္ခ Geddes က စာတမ်းဖတ်သွားပါတယ်။

စစ်တပ်က အာဏာသိမ်းမယ့် အန္တရာယ်ကို အစိုးရတွေ ရင်ဆိုင်ကြရပေမယ့် စစ်အာဏာသိမ်းပြီး ဖွဲ့စည်းထားတဲ့ စစ်အစိုးရဟာ စစ်တပ်က အာဏာသိမ်းမှာကို အကြောက်ရဆုံး ဖြစ်တယ်လို့ ဒေါက်တာ Geddes က ဆိုပါတယ်။ ဒါကြောင့်မို့ စစ်တပ်ရဲ့ ထောက်ခံမှု အဆက်မပြတ်ရရှိပြီး စစ်အာဏာသိမ်းမှုကို ဟန့်တားနိုင်အောင် အာဏာခွဲဝေရေး အစီအစဉ်တွေလုပ်တာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အာဏာရှင်တွေထဲမှာ ပုံမှန်ရွေးကောက်ပွဲ ကျင်းပသူတွေဟာ မကျင်းပသူတွေထက် ရေရှည်ခံတယ်လို့ဆိုပါတယ်။ ပုံမှန် ရွေးကောက်ပွဲ ကျင်းပတဲ့ တပါတီစနစ်နဲ့ တပါတီ လက်ဝါးကြီးအုပ်စနစ်တွေဟာ စစ်အာဏာရှင်စနစ်ထက် ရေရှည်ခံတာ တွေ့ရပါတယ်။ ဒါကြောင့် ရေရှည်အုပ်စိုးနိုင်ဖို့ ရည်ရွယ်ပြီး အာဏာရှင်တွေဟာ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ကျင်းပကြပါတယ်။ အာဏာရှင်စနစ်ကို ဥပဒေအရ တည်ဆောက်လိုက်သလို ဖြစ်သွားတာကြောင့် စစ်အာဏာသိမ်းမယ့် အန္တရာယ်ကို ရင်မဆိုင်ရတော့ဘူးလို့ ဆိုပါတယ်။ စစ်အာဏာရှင်တွေ အကြောက်ဆုံးဟာ အရပ်သား အတိုက်အခံမဟုတ်ဘဲ စစ်အာဏာသိမ်းမှု ဖြစ်တာကြောင့် စစ်အာဏာမသိမ်းနိုင်အောင် ရွေးကောက်ပွဲ ကျင်းပတာလို့ ပါမောက္ခ Geddes က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဟာ စစ်တပ်နဲ့ရော ပါတီနဲ့ပါ ကင်းကွာသွားတဲ့အတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လုပ်သမျှခံရပုံမျိုး ဝဋ်လည်လာမှာကို စိုးရိမ်ပုံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ သားသမီးမြေးမြစ်တွေ ဒုက္ခရောက်တဲ့ အဖြစ်မျိုးကို ရှောင်နိုင်ဖို့ ကြိုတင်စီစဉ်ထားတာ ဖြစ်ပုံရပါတယ်။ သစ္စာခံပါတီ တည်ဆောက်ပြီး စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဝေစားမျှစား လုပ်နိုင်မယ်ဆိုရင် မိမိအာဏာတည်မြဲရေးနဲ့ မိမိတို့ မိသားစုရှေ့ရေးအတွက် စိတ်ချရပြီလို့လည်း တွက်ထားဟန်တူပါတယ်။ ဒါပေမဲ့ ဗမာစစ်တပ်ဟာ ကိုယ်ကျိုးစီးပွား အဓိကထားတဲ့ အလွန်ကျဉ်းမြောင်းတဲ့အမြင်နဲ့ မဆလပါတီကို တည်ထောင်သောကြောင့် တပြည်လုံးကို ကိုယ်စားပြုသောပါတီ ဖြစ်မလာခဲ့ပါဘူး။ လက်ရှိကြံ့ဖွံ့ပါတီဟာလည်း မဆလပါတီသွားတဲ့ လမ်းအတိုင်း လျှောက်နေတာတွေ့ရပါတယ်။ လက်ရှိ ကြံ့ဖွံ့ပါတီဟာလည်း မဆလပါတီသွားတဲ့ လမ်းအတိုင်း လျှောက်နေတာတွေ့ရပါတယ်။ စစ်မှုထမ်းလောကရဲ့ ကျဉ်းမြောင်းလှတဲ့ ဇာတ်အမြင်ကြောင့် အမျိုးသားနိုင်ငံရေးပါတီ တည်ထောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ကြံ့ဖွံ့ပါတီဟာ အာဏာရှင်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့လို ဖြစ်နေပါတယ်။

Texas တက္ကသိုလ်ပါမောက္ခ Jason Bronlee က နိုင်ငံပေါင်း (၁၅၀) ကျော်ကို လေ့လာတဲ့အခါမှာ နိုင်ငံ (၆၀) မှာ ရွေးကောက်ပွဲ အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်းမှာ ရွေးကောက်ပွဲ အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံက အများဆုံး ဖြစ်နေပါတယ်။ မဲလိမ်မှု အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုတွေကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ အမြဲတမ်း အနိုင်ရနေအောင် လု်ပတဲ့နည်းပါ။ ရှုံးရင်လည်း နိုင်ရမယ်ဆိုတဲ့ နည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေမယ့် ဒီမိုကရေဏီ အသွင်ကူးပြောင်းတဲ့ လမ်းကြောင်းကို ရောက်မသွားဘဲ ရွေးကောက်ပွဲ အာဏာရှင် စနစ်ဆိုတဲ့ ကြားကာလမှာ ရာသက်ပန် သောင်တင်နေပုံကို ဆန်းစစ်ထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်ဟာ အာဏာလွှဲပြောင်းပေးဖို့ မဟုတ်ဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်တာသာ ဖြစ်တဲ့အတွက် သတင်းမီဒီယာ ချယ်လှယ်မှု၊ မဲလိမ်မှု၊ မဲဝယ်မှု နဲ့ ခြိမ်းခြောက်မှုတွေ အမြဲတမ်းရှိနေတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နေပါတယ်။

အာဏာရှင် ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ တရားမျှတမှုနဲ့ လွတ်လပ်မှု မရှိသလောက် ဖြစ်ပေမယ့် ပြိုင်ဆိုင်မှု အနည်းနဲ့အများ ရှိတက်ကြပါတယ်။ အာဏာရပါတီ နဲ့ အတိုက်အခံပါတီတွေ ပြိုင်ဆိုင်ကြသလို၊ အာဏာရပါတီထဲမှာလည်း ပြိုင်ဆိုင်ခွက်စောင်းခုတ် ကြပါတယ်။ ပြိုင်ဆိုင်ခွင့် ပေးလိုက်တဲ့အတွက် လက်အောက်ခံ အရာထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ခေါင်းဆောင်ပိုင်းက အကဲခတ်ခွင့် ရသွားပါတယ်။ ဒါကြောင့်မို့ လက်အောက်ခံအရာထမ်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်တယ်လို့ ဆိုပါတယ်။ ခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိသူကို ရွေးကောက်ပွဲက မွေးထုတ်နိုင်သလို အာဏာရှင်ကို အန္တရာယ်ပေးနိုင်မယ့် ပုဂ္ဂိုလ် အကျပ်အတည်းကို ဖြေရှင်းပေးရာ ရောက်သွားပါတယ်။ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးစီးပွားကို မြှင့်တင်ပေးမယ့် ခေါင်းဆောင်ကိုသာ လိုလားကြတဲ့ နိုင်ငံရေးပါတီတွေမှာ ပြိုင်ဆိုင်မှုမရှိတဲ့အတွက် အဂတိလိုက်စားမှုများပြားပြီး ပြည်သူလူထုနဲ့ ကင်းကွာသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပါတီဝင်တွေ အမြဲတမ်း တက်ကြွနေအောင်လည်း ရွေးကောက်ပွဲက ဖန်တီးနိုင်တဲ့အတွက် ပြိုင်ဆိုင်မှု အနည်းအကျဉ်း ခွင့်ပြုတာ ဖြစ်တယ်လို့ ပါမောက္ခ Dr. Barbara Geddes က သုံးသပ်ထားပါတယ်။

XS
SM
MD
LG