သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ ရေကာတာ စီမံကိန်း


အိန္ဒိယ-မြန်မာ ရေကာတာ စီမံကိန်း
အိန္ဒိယ-မြန်မာ ရေကာတာ စီမံကိန်း

အောက်တိုဘာလ (၁၄) ရက်နေ့က နယူးဒေလီမြို့တော်မှာ ထုတ်ပြန်တဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကြေညာချက်မှာ ချင်းတွင်းမြစ် ရေကာတာ စီမံကိန်း အကောင်အထည်ဖော်မယ့် အသေးစိတ်အစီအစဉ်ကို (၆) လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။ အိန္ဒိယအစိုးရပိုင်း NHPC အမျိုးသားရေအားလျှပ်စစ်ကုမ္မဏီရဲ့ ထမံသီ ရေအားလျှပ်စစ်စီမံကိန်း အသေးစိတ်အစီရင်ခံစာ ပြီးစီးကြောင်းဖော်ပြပြီး ရွှေစာရေး ရေအားလျှပ်စစ်အသေးစိတ် အစီရင်ခံစာကို ၂၀၁၂ မတ်လမှာ ပြီးစီးမယ်လို့ ဖော်ပြပါတယ်။

ထမံသီ စီမံကိန်း လေ့လာချက် ပဏာမအစီရင်ခံစာကို ဆွစ်ဇလန်နိုင်ငံ ကိုလန်ကို လျှပ်စစ်ကုမ္မဏီက ၂၀၀၅ ဧပြီလမှာ ဗမာအစိုးရကို တင်ပြခဲ့ပြီး ရွှေစာရေး ရေကာတာလေ့လာချက် အစီရင်ခံစာကို ဂျပန် ကန်ဆိုင် လျှပ်စစ်ကုမ္မဏီက ၂၀၀၈ ဒီဇင်ဘာမှာ တင်ပြခဲ့ပါတယ်။ ထမံသီ (၁၂၀၀) မဲဂါဝပ်နဲ့ ရွှေစာရေး (၆၄၀) မဲဂါဝပ် ရေအားလျှပ်စစ်တည်ဆောက်ဖို့ နားလည်မှုယူကြပါတယ်။ ဒီ စီမံကိန်းကို ထပ်မံလေ့လာသုံးသပ်ဖို့ ပဏာမ အစီရင်ခံစာရေးတဲ့ ကုမ္မဏီတွေကပဲ အကြံပေးတာမို့ အသေးစိတ် အစီရင်ခံစာရေးဖို့အတွက် အိန္ဒိယအမျိုးသား ရေအားလျှပ်စစ်နဲ့ ဗမာအစိုးရတို့ ၂၀၁၀ ဇန်နဝါရီလမှာ သဘောတူခဲ့ပါတယ်။ ထမံသီ စီမံကိန်းလေ့လာချက် အသေးစိတ် အစီရင်ခံစာကို လွန်ခဲ့တဲ့ အောက်တိုဘာလကမှ ပြီးစီးသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၀၄ မှာ အိန္ဒိယကို ပထမအကြိမ်သွားစဉ်က သဘောတူခဲ့တဲ့ကိစ္စကို (၇) နှစ်ကြာမှ အသေးစိတ်လေ့လာချက် အစီရင်ခံစာ ရေးသားပြီးဆုံးပါတယ်။ ဟုံးမလင်း နဲ့ မော်လိုက် မှာလည်း ရေအားလျှပ်စစ်တည်ဆောက်ဖို့ စီမံကိန်းရှိကြောင်း သိရပါတယ်။ ဒီကြားထဲ ၂၀၀၈ စက်တင်ဘာလမှာ အိန္ဒိယအမျိုးသားရေအား လျှပ်စစ်ကုမ္မဏီနဲ့ မြန်မာ့ရေအားလျှပ်စစ်ဌာန သဘောတူညီချက်အသစ်တခုကို လက်မှတ်ထိုးကြပြီး ထမံသီနဲ့ ရွှေစာရေး ရေအားလျှပ်စစ်ကို ပူးတွဲအကောင်အထည်ဖော်ဖို့ စီစဉ်ကြပါတယ်။ ဒေါ်လာသန်း (၃၀၀၀) အကုန်အကျခံပြီး ထုတ်လုပ်မယ့် လျှပ်စစ်ဓါတ်အား (၈၀) ရာခိုင်နှုန်း အိန္ဒိယကိုပေးပို့ပြီး ကျန် (၂၀) ရာခိုင်နှုန်းကို ပြည်တွင်းမှာသုံးဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ထုံး ကြန့်ကြာခက်ခဲမှုကြောင့် အဆင်မပြေဖြစ်ရတာတွေရှိကြောင်း သိရပါတယ်။

မြန်မာ့ရေအားလျှပ်စစ်ဌာနမှာ ဗျူရိုကရေစီ လုပ်နည်းလုပ်ထုံး ကြန့်ကြာတဲ့အတွက် အိန္ဒိယ အမျိုးသားရေအားလျှပ်စစ်ကုမ္မဏီနဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာတယ်လို့ မြန်မာပြည်ဆိုင်ရာ အိန္ဒိယ သံအမတ်ကပြောကြောင်း လွန်ခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ထုတ် အိန္ဒိယ ကာကွယ်ရေးသုတေသနစာစောင်မှာ ဖော်ပြထားပါတယ်။ ဒီလို အခက်အခဲကြောင့် အိန္ဒိယကုမ္မဏီ နာမည်ပျက်နိုင်တဲ့အတွက် ထမံသီ စီမံကိန်းကို စွန့်လွှတ်ဖို့ အိန္ဒိယ သံအမတ်က အကြံပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထမံသီ စီမံကိန်းဟာ မြန်မာ-အိန္ဒိယ ဆက်ဆံရေးအတွက် အရေးကြီးတယ်လို့ ယူဆရင်တော့ အခြေအနေမကောင်းပေမယ့် ပြီးမြောက်အောင် လုပ်ဆောင်ရလိမ့်မယ်လို့ အိန္ဒိယ သံအမတ်က ဆိုပါတယ်။ စီမံကိန်း အကောင်အထည်ဖော်ရေးမှာ မထိမရောက် ဖြစ်နေလို့ ထင်ပါရဲ့ ၂၀၁၀ ဇူလိုင်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယကိုသွားတဲ့အခါ ထမံသီနဲ့ ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်းကို ပူးတွဲအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ကြပြန်ပါတယ်။

အိန္ဒိယ-မြန်မာ ရေအားလျှပ်စစ်စီမံကိန်းမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်တာရှိပေမယ့် ထမံသီ ဆည်တည်ဆောက်ဖို့ ၂၀၀၇ မှာ စတင်ပြင်ဆင်လုပ်ကိုင်တဲ့အတွက် အိမ်ခြေလေးရာလောက်ရှိတဲ့ လိုင်ဗုံဂျမ်း နဲ့ တာဇောင်း ကျေးရွာတွေ ရွှေ့ပြောင်းပေးလိုက်ရပါတယ်။ ထမံသီဆည်ကြောင့် ကျေးရွာ (၃၅) ရွာက ကူကီးတိုင်းရင်းသား သုံးသောင်းကျော် ရွှေ့ပြောင်းရမလို ဖြစ်နေတဲ့အတွက် ထမံသီဆည် ဆန့်ကျင်ရေး လှုပ်ရှားမှုပေါ်ပေါက်လာရပါတယ်။ ကူကီးဒေသ အလယ်ဗဟိုဖြစ်တဲ့ ထမံသီ နဲ့ ဟုမ္မလင်းအကြား လိုင်ဗုံဂျမ်းကျေးရွာမှာ ထမံသီရေကာတာ တည်ဆောက်မှာဖြစ်နေပါတယ်။ ကူကီး လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာဖြစ်ပေမယ့် စီမံကိန်းရပ်ဆိုင်းဖို့ အလားအလာမရှိကြောင်း သိရပါတယ်။ ရေကာတာ တည်ဆောက်တဲ့နေရာတိုင်းမှာ ဒေသခံတွေဟာ အရင်ဆုံး ဒုက္ခရောက်ကြရပါတယ်။

သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်ကို ရပ်ဆိုင်းပြီး မကြာမီမှာ အိန္ဒိယကို ခရီးထွက်ပြီး ထမံသီနဲ့ ရွှေစာရေး စီမံကိန်း အသေးစိတ် အစီအစဉ်ကို (၆) လအတွင်း ပြီးစီးဖို့ ဆော်သြတာဟာ အိန္ဒိယအတွက် အခွင့်အလမ်းဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္မဏီတွေ လုပ်တာကိုင်တာ မြန်ဆန်သလောက် အိန္ဒိယကုမ္မဏီနဲ့ အစိုးရလုပ်ငန်းဟာ နှောင့်နှေးကြန့်ကြာတတ်ပါတယ်။ ဥပမာ အိန္ဒိယ အက်စာကုမ္မဏီဟာ စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းစနေတာ တနှစ်ရှိပြီဖြစ်ပေမယ့် ခရီးမရောက်လို့ ဟိန္ဒူနတ်ပူဇော်ပွဲ ကျင်းပရကြောင်း နိရဉ္ဇရာ ရခိုင်သတင်းစာစောင်မှာ ဖော်ပြပါတယ်။

အိန္ဒိယနဲ့ တရုတ် မြန်မာပြည်မှာ စီးပွားရေးပြိုင်သလို ဖြစ်နေတာကို ဗမာအစိုးရက အခွင့်ကောင်းယူပြီး တရုတ်ကိုချည်း အားကိုးနေရတဲ့ဘဝက လွတ်မြောက်အောင် လုပ်နိုင်ပါတယ်။ မြန်မာပြည်က စီမံကိန်းကို အချိန်မီ အကောင်အထည်မဖော်နိုင်ဘဲ ကြန့်ကြာနေတာဟာ အိန္ဒိယအစိုးရရဲ့ အရှေ့ပိုင်းဆိုင်ရာ မဟာဗျူဟာကို ထိခိုက်စေတယ်လို့ အိန္ဒိယ ကာကွယ်ရေးသုတေသနဌာနက သုံးသပ်ပါတယ်။ ဒါကြောင့်မို့ အခက်အခဲတွေ ဘယ်လောက်ရှိရှိ အိန္ဒိယအစိုးရဟာ ထမံသီနဲ့ ရွှေစာရေး ရေအားလျှပ်စစ်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ဖို့ သန္ဓိဌာန်ချထားပုံ ရပါတယ်။

XS
SM
MD
LG