သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အပြောင်းအလဲ နဲ့ ဗွီအိုအေသတင်းထောက်များ အမြင်


မြန်မာပြည် အပြောင်းအလဲ နဲ့ ဗွီအိုအေသတင်းထောက်များ အမြင်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာပြည်သွားရောက်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက်များဖြစ်တဲ့ ဒေါ်ခင်စိုးဝင်း၊ ဦးတင်မောင်သန်း တို့နဲ့ သူတို့ ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ မြန်မာပြည်အခြေအနေများကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခုတိုးတက်ပြောင်းလဲမှုတွေ ရှိနေတယ်။ အဲဒါကြောင့် အဓိက အတိုက်အခံပါတီလို့ ခေါ်ရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မှတ်ပုံတင်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့ နိုင်ငံရေးအားဖြင့်တော့ အရှေ့ ကို တိုးတက်ပြောင်းလဲနေတယ်လို့ ယူဆရပါတယ်။ ဒါ နိုင်ငံရေးသမားတွေရဲ့  အမြင်၊ နိုင်ငံရေးသမားတွေရဲ့  လှုပ်ရှားမှုပေါ့။ နိုင်ငံတကာကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် မြန်မာပြည်သွားပြီး လေ့လာမယ်။ နောက် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒါလည်းပဲ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်က သတင်းသမားတွေရဲ့  အမြင်။ သတင်းသမားဆိုတဲ့နေရာမှာလည်း ကျနော်တို့ ဗွီအိုအေဝိုင်းတော်သားတွေကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကို ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ ဆရာဦးတင်မောင်သန်း ကို မေးချင်ပါတယ်။ ဆရာက မကြာသေးခင်ကမှ မြန်မာနိုင်ငံမှ ပြန်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဆရာတို့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့အစည်းနဲ့ လှုပ်ရှားနေတယ့် ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့  အပြောင်းအလဲဆိုတာ တကယ့် စစ်မှန်တဲ့ အပြောင်းအလဲကို ဦးတည်နေပြီလို့ မြင်ခဲ့ပါသလား။

ဦးတင်မောင်သန်း ။ ။ ပထမဦးဆုံးကတော့ စစ်မှန်တယ်ဆိုတာကို ဆရာ ဘယ်လိုတိုင်းတာသလဲ ကျနော် မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရပိုင်းတွင်မှာတော့ ပြုပြင်ပြောင်းလဲချင်ကြတဲ့ လူတွေရှိတယ်။ မြန်မာနိုင်ငံ ဒီလို ဆက်ပြီးသွားလို့ မရတော့ဘူး။ အာဆီယံကလည်း ၂၀၁၅ ခုနှစ်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုပြီး ဖြစ်လာမယ်။ နောက်ပြီး ၂၀၁၄ မှာလည်း အာဆီယံ ဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက ယူမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေအမျိုးမျိုး အကြောင်းအချက်တွေကမှ ပြုပြင်ပြောင်းလဲရမယ်လို့ သိမြင်လာကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတာကိုတော့ ကျနော်တွေ့ခဲ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တိုင်းတာတာက အပေါ်ယံပဲလား။ ဒီစကားတွေဟာ စကားအဖြစ်နဲ့ ပြောနေကြတဲ့ အပေါ်ယံလား။ တကယ်ပဲ အရှေ့ ကို ရွေ့ နေပြီးလား။ တကယ်ပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ တကယ် ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်သလားဆိုတာကို ပြောတာပါ။

ဦးတင်မောင်သန်း ။ ။ ပထမဦးဆုံးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောရရင် စစ်မှန်လား၊ မစစ်မှန်လားဆိုတဲ့ ချဉ်းကပ်မှုမျိုးကို ကျနော်က မချဉ်းကပ်ချင်ဘူး။ ဘာကြောင့်လည်းဆိုလို့ရှိရင် ပြောင်းလဲချင်ပေမယ်လို့ ပြောင်းတာဆိုတဲ့ကိစ္စမှာကြတော့ ကျွမ်းကျင်မှုအပိုင်းတွေက ရှိလာတယ်။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်တဲ့ကိစ္စတွေမှာ။ ဥပမာ စီးပွားရေးကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အခါမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး နည်းပညာဆိုင်ရာ ကိစ္စတွေအများကြီး ပါလာတယ်။ အဲဒီအခါမျိုးမှာ ပြုပြင်ပြောင်းလဲချင်ပေမယ့် နည်းပညာပိုင်းအရ သဘောပေါက်နေတယ်။ အတွေ့အကြုံတွေ ရှိနေပြီဆိုလို့ရှိရင်တော့ ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာ ချက်ချင်းဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနေတယ်။ ဒါပေမဲ့ နည်းပညာပိုင်းအရ အသိပညာအရလည်း နံပတ်တစ် အားနည်းမယ်။ နံပတ်နှစ် အတွေ့အကြုံအရလည်း ကျနော်တို့မှာ မရှိဘူးဆိုလို့ရှိရင် ဒါက ပြုပြင်ပြောင်းလဲတဲ့နေရာတွေမှာ တုံ့ဆိုင်းတုံ့ဆိုင်း၊ အလုပ်လုပ်တဲ့နေရာမှာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ အဲဒါနဲ့ မစစ်မှန်ဘူးလို့ ကျနော်ထင်တယ် ကောက်ချက်ချလို့ မရဘူး။ အဲဒီတော့ စစ်မှန်တယ်၊ မစစ်မှန်ဘူးဆိုတာကို ကျနော်က မသွားချင်ဘူး။ သို့သော် လုပ်ကြည့်တယ်။ နားထောင်တယ်။ လုပ်ကြည့်ဖို့ ကြိုးစားနေတယ်ဆိုတာတော့ တချို့ ဝန်ကြီးဌာနတွေမှာ တွေ့ခဲ့ရတယ်။ တချို့ ဝန်ကြီးဌာနတွေမှာတော့ ရှိခြင်းမှရှိအုံးမယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြောင်းလဲလိုတဲ့စိတ်ကတော့ တချို့  ဝန်ကြီးဌာနတွေမှာ အမှန်တကယ် ရှိနေပြီပေါ့။

ဦးတင်မောင်သန်း ။ ။ အဲဒီလိုပဲ ကျနော်ကတော့ နားလည်းတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း က ဘယ်လို သဘောရပါသလဲ။ မြန်မာနိုင်ငံမှာ ဒေါ်ခင်စိုးဝင်း သွားရောက်လေ့လာခဲ့ရတယ်။ အနီးကပ်လည်း စောင့်ကြည့် သတင်းယူခဲ့တယ်။ အာဆီယံကိုလည်း တက်ခဲ့တယ်။ မြန်မာသမ္မတနဲ့လည်း ကိုယ်တိုင်တွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲလိုသော စိတ်ဓါတ်။ မြန်မာ့ခေါင်းဆောင်ပိုင်းတွေထဲမှာ တကယ် ရှိနေတယ်။ အနည်းဆုံး တချို့ တဝက်ဆီမှာ ဒီ စိတ်ဓါတ်တွေ ရှိနေတယ်လို့ ထင်ပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ ကိုယ်တွေ့ ပြောပြရမယ်ဆိုရင်တော့ ကျမတို့ သတင်းသမားတွေနဲ့ ပတ်သက်လို့ပေါ့။ အဲဒီတော့ ကျမ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုလည်း ကိုယ်တိုင်တွေ့ဆုံပြီးတော့ သီးသန့်မေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘာထူးခြားချက်လေးတခု ဖြစ်သလဲဆိုတော့ ကျမက ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို သံအမတ်ကြီးက ဝန်ကြီးတွေနဲ့ တွေ့ဖို့ စီစဉ်ပေးလို့ ကျေးဇူးတင်ကြောင်း ကျမကိုယ်တိုင် သွားခဲ့ပါတယ်။ သွားတဲ့အခါမှာ သံရုံးက လူတွေအားလုံးက အရာရှိတွေအားလုံးက အစည်းအဝေးသဘောခေါ်ပြီးတော့ ‘ဒေါ်ခင်စိုးဝင်း ရောက်လာတာနဲ့ အတော်ပဲဗျာ။ ကျနော်တို့တတွေ စာတမ်းပြုစုနေကြတယ်။’ ဘာစာတမ်းများလဲလို့ မေးတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အကြံဥာဏ်တွေပေးဖို့ အိမ်နီးချင်းနိုင်ငံတွေက ဘယ်လို ဆောင်ရွက်သလဲဆိုတာကို သူတို့က စာတမ်းပြုစုရတော့ သူတို့က ထိုင်းနိုင်ငံရဲ့  သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေ စုဆောင်းနေတာကို တွေ့ရပါတယ်။ ကျမကလည်း တတ်နိုင်တဲ့ဘက်ကနေ ဘယ် website တွေကို ဘယ်လို လေ့လာလို့ရတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူကို ဆက်သွယ်ရင်တော့ ရတယ်။ ကျမလည်း သိသလောက် သူတို့ကို နည်းနည်းပါးပါး ရှင်းပြပေးနိုင်ခဲ့ပါတယ်။ အဲဒီတော့ ဒါက မြန်မာနိုင်ငံရဲ့  လက်ရှိအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲကတခု အဖြစ်နဲ့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ ဒါက အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှုတခုပေါ့။ ဒီထက်မက တွန်းအားပေးမှုတွေ အများကြီး လိုသေးတယ်လို့ သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ကျနော်နဲ့ ဆရာ ပြောနေတဲ့ကိစ္စကို ပြန်ကောက်ရရင် သူတို့ရဲ့  နည်းပညာဆိုင်ရာပိုင်း။ ပြုပြင်ပြောင်းလဲလို့တဲ့ အစိတ်အပိုင်းတွေ တချို့ တဒေသမှာ ရှိတယ်။ ဒါပေမဲ့လည်း ဒီမှာ နည်းပညာဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီဟာကို ဘယ်လိုဖြေရှင်းဖို့ သူတို့မှာ အစီအစဉ် ရှိပါသလဲ။

ဦးတင်မောင်သန်း ။ ။ ဥပမာဆိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ migrant workers လို့ ခေါ်တဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေ ကိစ္စဆိုလို့ရှိရင် အလုပ်သမားဝန်ကြီးဌာနက ဝန်ကြီးအဆင့်တွေတောင် ထိုင်းနိုင်ငံကိုသွားတယ်။ ဟိုမှာလုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ပြီးရင် နေပြည်တော်မှာလည်း နားလည်းတဲ့လူတွေကို ဖိတ်ကြားပြီးတော့ ပြောဆိုဆွေးနွေးတာတွေရှိလာတယ်။ ဆိုတော့ ဒါပေမဲ့လို့ ဗဟုသုတနဲ့ ဘယ်လိုပြောင်းနေကြသလဲ ဆိုတာက တော်တော်ကြီး ကျနော်တို့ဆီမှာ အဆက်ပြတ်သွားပြီးလေ။ ဗဟုသုတရှိသူကလည်း အတွေ့အကြုံ မရှိဘူး။ ဒီပြဿနာနဲ့ ကျနော်တို့ ရင်ဆိုင်နေကြတဲ့အခါကြတော့ ဘာတွေလုပ်မလဲဆိုတာကိုက အသိပညာနဲ့ ဆက်စပ်နေသလို အတွေ့အကြုံနဲ့လည်း ဆက်စပ်နေတယ်။ အဲဒီတော့ အခုဖြစ်နေတဲ့ အနေအထားသည် အပြင်က မြင်ကြားရတဲ့ တချို့ လူတွေ မြင်ကြသလို လွယ်လွယ်လေးနဲ့ ပြောင်းချင်ရင် ပြောင်းမှာပဲလို့တော့ လုပ်လို့မရတဲ့၊ လုပ်လို့ရတဲ့အချိန် မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီတော့ လုပ်တော့လုပ်နေတယ်။ လုပ်နေတာတွေကိုလည်း တွေ့ခဲ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ပြောင်းမယ် မပြောင်းဘူးဆိုတာ ဘယ်လိုမှ အာမခံချက်မရှိနိုင်တဲ့ အခြေအနေ။ သူတို့မှာ ဒေါ်ခင်စိုးဝင်းလည်း စောစောကပြောတယ်။ သတင်းနည်းပညာနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်း နိုင်ငံတွေမှာ လုပ်နေတာကို သူတို့လေ့လာနေတယ်။ ဘာညာဆိုတော့ သူတို့ကတော့ လေ့လာနေတယ်။ မြန်မာနိုင်ငံမှာရော ဘယ်လိုလိုက်ပြီး သူတို့ လေ့လာတွေ့ရှိချက်တွေကို ဘယ်လိုလုပ်ပြီး အသုံးချနေတယ်လို့ ပြောနိုင်သလဲ။ အသုံးချဖို့ အစီအစဉ် ရှိကောင်းရှိမှာပေါ့။ အသုံးချထားတဲ့ အထောက်အထားတွေ တွေ့ရပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ်မှာတော့ အဲဒါကို အသုံးချတယ်လို့တော့ မကြားမိသေးဘူး။ ဒါပေမဲ့ သူတို့ ကြိုးစားနေကြတယ်။ အောက်ခြေအဆင့်ကအစ ဘယ်လို စပြီးကိုင်ရမလဲ။ ဘယ်လို စပြီးပြောင်းရမလဲဆိုတဲ့ လူတွေရဲ့  စိတ်ဓါတ်ကအစ။ အဲဒါကို တော်တော်လေးကို ကျင့်သားရအောင် လုပ်ယူရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ပေါင်းလေးဆယ်လောက် လူတွေက ခေါက်ရိုးကျိုး နေတဲ့အခါကြတော့ အရင်တုန်းက စနစ်ကိုပဲ အရိုးစွဲနေတယ်။ အဲဒါကြောင့်မို့ အထက်ပိုင်းက လူကြီးတွေကတော့ လုပ်မယ်ဆိုပြီး မူဝါဒအပိုင်းအရ ကြိုးစားပြီး ပြောင်းလဲနေသလို။ အောက်ခြေပိုင်းမှာလည်း လိုက်ပြီးပြောင်းလဲအောင်ဆိုပြီး အများကြီး ကျွမ်းကျင်မှုသင်တန်း။ ဒါမှမဟုတ် capacity building ခေါ်တာပေါ့ သူတို့ရဲ့  လုပ်နိုင်စွမ်းရည်ကို မြှင့်ပေးဖို့ အများကြီးလိုသေးတယ်။ သူတို့ရဲ့  စိတ်ဓါတ်တွေအစ အကုန်လုံး အများကြီး လိုအပ်သေးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်ပက capacity building ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ရော အလားအလာ ရှိပါသလား။

ဦးတင်မောင်သန်း ။ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ADB တို့ IMF တို့က ပုဂ္ဂိုလ်တချို့ နဲ့ တွေ့ကြည့်တဲ့အခါမှာ သူတို့ကိုယ်တိုင်ကိုက နည်းပညာပိုင်းဆိုင်ရာ ပေးချင်ပေမယ့် ပိတ်စို့အရေးယူထားတာတွေ ရှိနေတယ်အတွက်ကြောင့်မို့ အကန့်အသတ်တွေ ရှိနေတာကို တွေ့ရတယ်။ ဒါကတော့ အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီတော့။ နောက်တခုက တခါ အခုန နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးပြီဆိုတဲ့အခါမျိုးမှာ နားလည်းတာနဲ့ လုပ်တဲ့အဆင့် ကြားထဲမှာ အကွာအဟတခုရှိတယ်။ ပညာရပ်သဘောမှာက ကိုယ်ကိုတိုင်လေ့လာတယ်၊ သိတယ်။ အဲဒီလို ဖြစ်သွားတဲ့လူက အတွေ့အကြုံ ဖြတ်သန်းမှုတခုကလည်း လိုသေးတယ်။ အဲဒီကြမှ လုပ်နိုင်တယ်။ အဲဒီတော့ ကြားထဲမှာကတော့ အခက်အခဲတွေရှိတယ်။ အဲဒီ အခက်အခဲတွေထဲကပဲ နားထောင်နေတယ်။ လုပ်နေတယ် ဆိုလို့ရှိရင် ဒါကတော့ ပြုပြင်ပြောင်းလဲချင်ကြတဲ့လူတွေကို ဝန်းရံရမယ့်သဘော ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ဆောင်ရွက်ရင်လည်း အခုနပြောတဲ့ အခက်အခဲ။ သူတို့ အတွေ့အကြုံ မရှိသေးတာနဲ့ ကြုံရအုန်းမှာပေါ့။

ဦးတင်မောင်သန်း ။ ။ လုပ်ကိုင်နေကြတဲ့ လူတွေမှာ အတွေ့အကြုံ မရှိတာတော့ ကြုံရမယ်။ ဒါပေမဲ့ သင်ရင်လုပ်ရင်။ သင်ရင်လုပ်ရင်နဲ့ပဲ ကျနော်တို့ သွားရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီလို သင်ရင်လုပ်ရင် သွားမယ့်လမ်းကြောင်းကို ဟန့်တားချင်တဲ့ အင်အားစုရော ဆရာမြင်သေးလား။

ဦးတင်မောင်သန်း ။ ။ ဟန့်တားချင်တဲ့ အင်အားစုဆိုတာထက် အခုန ဒေါ်ခင်စိုးဝင်း ပြောသလို ကျနော်တို့ လူဆိုတာက များသောအားဖြင့် ရှိဆဲ့အခြေအနေမှာ နေရတာက ကိုယ့်အတွက် အလုံခြုံဆုံးပေါ့။ အဲဒီ အလုံခြုံနေတဲ့ အထဲကနေထွက်ဖို့ သက်တောင့်သက်သာဖြစ်တဲ့ အခြေအနေကနေ ထွက်ဖို့ အခက်အခဲဖြစ်နေကြတဲ့ လူတွေလည်းရှိတယ်။ ပြီးတော့ တင်းမာတဲ့သဘောထားရှိကြတဲ့ လူတွေလည်းရှိတယ်လို့ မြန်မာနိုင်ငံထဲမှာတော့ စာနယ်ဇင်းသမားတွေ၊ အစိုးရ ဝန်ထမ်းတွေရဲ့  အသိုင်းအဝိုင်းကရော အဲဒီလို သုံးသပ်ကြတယ်။ အဲဒီတော့ သဘောထား တင်းမာတဲ့လူတွေက ပြုပြင်ပြောင်းလဲရေးကို မလိုလားကြတာတွေကလည်း ရှိစဲဖြစ်တာကြောင့်မို့ ဒါကတော့ ဓမ္မတာပါ။ ဒီလို ပဋိပက္ခလေးတွေတော့ ကြုံရမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း အနေနဲ့ အဲဒီ တင်းမာတဲ့အင်အားစုရဲ့  တင်းမာနိုင်စွမ်းဟာ ဘယ်လောက်အထိ ပြင်းထန်နိုင်သေးတယ်လို့ ထင်ပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီး ဦးကျော်ဆန်းကတော့ ပြောတယ်။ သူတို့ထဲမှာ ဒီလိုမျိုး နှစ်ပိုင်းကွဲနေတာ မရှိပါဘူး။ အမာခံနဲ့ သဘောထား ပျော့ပျောင်းတဲ့လူတွေ မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျမ ခန့်မှန်းလို့ ရသလောက်ကတော့ အထိုက်အလျောက် သူတို့ထဲမှာလည်း သဘောထားကွဲလွဲမှုလေးတွေ ရှိနေတယ်လို့ ကျမ ခန့်မှန်းလို့ရပါတယ်။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ မြန်မြန်ပြောင်းချင်တဲ့ လူရှိတယ်။ သဘောထား တင်းမာတဲ့လူကလည်း ပြောင်းရမယ်ဆိုတာကိုတော့ သူတို့လည်း သဘောပေါက်လာတယ်။ ဒါပေမဲ့ သူက မြန်မြန်မသွားချင်ဘူး။ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ သွားချင်တယ်။ ရှိနေတဲ့ မိမိရဲ့  အခွင့်အရေးတွေ၊ မိမိရဲ့  ခံစားခွင့်တွေ၊ ချုပ်ထိန်းထားနိုင်တာတွေကိုလည်း မလွတ်ချင်ဘူးဆိုတဲ့ အနေအထားမှာပေါ့။ ဆိုတော့ အဲဒီအုပ်စု နှစ်စုကတော့ ဒါက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလို သဘောထားနဲ့ ဒီလို အုပ်စုတွေက အမြဲတမ်း လာပြီးတော့ ရင်ဆိုင်တွေ့ဆုံကြတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့အပိုင်းကတော့ အခုပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေ အောက်ခြေပြည်သူလူထုရဲ့  ဘဝကိုရော ဘယ်လောက်ရိုက်ခတ်မှု ရှိပါသလဲ။ ဆန်ဈေး၊ ဆီဈေး၊ လဘက်ရည်ဈေး၊ မုန့်ဟင်းခါးဈေး - ဒေါ်ခင်စိုးဝင်း ပိုကျွမ်းကျင်မယ်ထင်ပါတယ်။ ဘယ်လိုကြားသိ မြင်ပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ လောလောဆယ် လက်တွေ့မြင်နေရတာကတော့ အရင်တုန်းကတော့ ကားသွင်းတဲ့ပါမစ်တို့၊ ဘာတို့ဆိုရင် တဦးတယောက်တည်းက ချုပ်ကိုင်ထားတာ၊ လူတစုကပဲ ချုပ်ကိုင်ထားပြီးတော့ လက်ဝါးကြီးအုပ်ထားတာမျိုးပေါ့။ အခု အဲဒါကို အထိုက်အလျောက် ဖြေပြီးတော့ အားလုံး ကားပါမစ်တွေ ချပေးနိုင်တဲ့ စနစ်ကိုရောက်အောင်လို့ တဖြည်းဖြည်း ပြောင်းယူနေတာကို လက်တွေ့ တွေ့နေရပါပြီ။ နောက်တခုက နိုင်ငံတကာမှာ အိမ်နီးချင်းနိုင်ငံတွေမှာပဲကြည့်ပါ တယ်လီဖုန်း၊ လက်ကိုင်ဖုန်းရဲ့  sim card တွေဆိုရင် လမ်းဘေးကွမ်းယာဆိုင်မှာ ဒီအတိုင်းသွားဝယ်လို့ ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒါမျိုး အောက်ခြေလူတန်းစား ဆိုက်ကားနှင်းတဲ့ပုဂ္ဂိုလ်တွေကအစ လက်ကိုင်ဖုန်းလေးတွေ ကိုင်နိုင်တဲ့အဆင့်ရောက်အောင် လုပ်လာနိုင်ပြီဆိုရင်တော့ အောက်ခြေလူထုအထိ ပြောင်းလဲမှုက သက်ရောက်တယ်လို့ ပြောလို့ရမှာပေါ့။ ဒါပေမဲ့ အခုအချိန်အထိကတော့ အဲဒီလောက်အဆင့်ကိုတော့ မရောက်သေးဘူး။ ဒါပေမဲ့ sim card တွေကိုတော့ အရင်တုန်းထက် လွတ်လွတ်လပ်လပ် ဈေးတော့ကြီးသေးတယ် ဝယ်ယူလို့ရပြီဆိုတာကို ကျမကြားသိရပါတယ်။ ပြီးတော့ ငွေလွှဲတဲ့ foreign exchange, foreign currency နိုင်ငံခြားငွေလှဲလှယ်ရေးကောင်တာတွေလည်း အထိုက်အလျောက် ဖွင့်ထားပြီဆိုတော့ ဒါ အောက်ခြေအဆင့်မှာ သာမန်လူတန်းစား မဟုတ်ပေမယ့် လူလတ်တန်းစားအဆင့်မှာတော့ အထိုက်အလျောက် ပြေလာတာတွေ့ရတယ်။ ပြုပြင်ပြောင်းလဲတာ တွေ့ရတယ်ဆိုတာကိုတော့ ဒါ အသိအမှတ်ပြုရမှာပါ။

ဦးကျော်ဇံသာ ။ ။ လူလတ်တန်းစား၊ အောက်ခြေလူတန်းစားအကြောင်း ဦးတင်မောင်သန်း ပြောပါ။

ဦးတင်မောင်သန်း ။ ။ ပြုပြင်ပြောင်းလဲရေးက သဘောကိုပဲ နားထောင်နေကြတုန်းပဲ ရှိသေးတယ်။ အကောင်အထည်ဖော်တဲ့အဆင့်ကို မရောက်သေးဘူး။ အဲဒီတော့ သက်ရောက်မှုဆိုတာကလည်း အောက်ခြေမှာတော့ ဘယ်ရှိအုံးမလဲ။ အခုနပြောသလို နည်းနည်းဖွင့်လိုက်တာရဲ့  အကျိုးဆက်တခုကတော့ လူတွေက နိုင်ငံရေးကိုလည်း လဘက်ရည်ဆိုင်တွေမှာ ဒီအတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောလာဆိုလာကြတဲ့ အသံတွေ ကြားရတယ်။ ဧရာဝတီကိစ္စဆိုရင် လဘက်ရည်ဆိုင်တွေမှာ အရင်လှုပ်ရှားမှုထဲက ကပ်ထားတဲ့ စာရွက်တွေက အခုထက်ထိ ကပ်ထားတာရှိနေတာကို တွေ့ရတယ်။ ဆိုတော့ နည်းနည်းတော့ ပိုပြီးလူတွေ ပြောရဲဆိုရဲ ဖြစ်လာတယ်။ ဒါကိုပဲ အောက်ခြေထိပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခုက သိပ်အရေးကြီးတယ်လို့ထင်တယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ ဒီမိုကရေစီ ထွန်းကားဖို့အတွက် ပညာရေး။ မြန်မာနိုင်ငံ ပညာရေးလည်း အဟောသိကံ ဖြစ်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ အဲဒီကိစ္စ ပြုပြင်ဖို့ ဘာများ ကြားခဲ့ပါသလဲ။ ပြုပြင်ဖို့ လမ်းစ။

ဒေါ်ခင်စိုးဝင်း ။ ။ ပုဂ္ဂလိကကျောင်းကလေးတွေ ဖွင့်ခွင့်ပြုမယ်ဆိုပြီး အဲဒါ သတင်းတခု ပေါ်လာပါတယ်။

ဦးတင်မောင်သန်း ။ ။ ဒါပေမဲ့ အံ့သြစရာကောင်းတာကတော့ အရပ်သား ပညာတတ် ဝန်ကြီးတွေလို့ပြောတဲ့ ပညာရေး၊ ကျန်းမာရေးဌာနက ပြုပြင်ပြောင်းလဲမှုဆိုတဲ့အသံကိုတော့ အပြင် ဌာနတွင်းမှာရှိနေရင်တော့ မပြောတတ်ဘူး။ အပြင်ကို ထွက်လာတာအသံမျိုးတော့ လုံးဝမကြားရသေးဘူး။ အဲဒီတော့ ဆက်လက်ပြီး အဟောသိကံ ဖြစ်နေသေးတယ်လို့ ပြောလို့ရပါတယ်။

XS
SM
MD
LG