သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘလ်ငြိမ်းချမ်းရေးဆု အငြင်းပွားမှု


နိုဘလ်ငြိမ်းချမ်းရေးဆု အငြင်းပွားမှု

တရုတ်ပြည် စီးပွားရေးတိုးတက်နေပုံကို အိုလံပစ်ပွဲတော် ပြသခဲ့သလို လူ့အခွင့်အရေး ဆိတ်သုဉ်းနေပုံကို လူရှောင်ဘို () ရဲ့  နိုဘလ်ငြိမ်းချမ်းရေးဆုက မီးမောင်းထိုးပြနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် အနုနည်းနဲ့ တိုက်ပွဲဝင်ရာမှာ ပြည်သူ့မျှော်မှန်းချက်ကို ကိုယ်စားပြုနိုင်တဲ့ သင်္ကေတရှိဖို့ လိုပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ မရှိသေးတဲ့ သင်္ကေတကို နိုဘယ်ဆုက ဖန်တီးပေး လိုက်တာပါပဲ။ လူရှောင်ဘို ဟာ နိုင်ငံခြားမှာ နာမည်ကြီးသလောက် သတင်းလွတ်လပ်မှုမရှိတဲ့ တရုတ်ပြည်မှာ လူသိမများပါဘူး။ အခုမှ နိုဘလ်ငြိမ်းချမ်းရေးဆုကြောင့် လူသိများလာတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆုတွေ ရရှိပြီး နိုဘလ်ငြိမ်းချမ်းရေးဆုအတွက် ပဏာမအရွေးခံရသူတဦးဖြစ်တဲ့ ဝေဂျင်ရှန် (Liu Xiaobo) ဟာ လူအသိအများဆုံး ပုဂ္ဂိုလ်ဖြစ်ပေမယ့် အမေရိကနန်မှာ နေထိုင်တဲ့အတွက် တရုတ်ပြည်ရဲ့  လူ့အခွင့်အရေး သင်္ကေတ မဖြစ်နိုင်ပါဘူးလို့ ယူဆပုံရပါတယ်။ တီနမန် (Tiananmen Square) အရေးတော်ပုံမှာ ထင်ရှားတဲ့ ဝီဂါတိုင်းရင်းသား ဝူးကိုင်ရှီ (Wuer Kaixi)၊ ဝမ်ဒန် (Wang Dan) စတဲ့ လူငယ်တွေဟာ လူရှောင်ဘိုရဲ့  လုပ်ဖော်ကိုင်ဖက်ဖြစ်ပေမယ့် နိုင်ငံခြားမှာ အခြေချသူတွေဖြစ်လို့ တရုတ်ပြည်ရဲ့  သင်္ကေတ မဖြစ်နိုင်ဘူးလို့ နိုဘလ်ကော်မတီက ယူဆပုံရပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ သင်္ကေတအဖြစ် သတ်မှတ်ခံရသူဟာ ပြည်တွင်းမှာရှိနေဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ပြီး ပဋိပက္ခဖြေရှင်းရာမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကို နိုဘလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်တဲ့အခါမှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဗိယက်နမ်စစ် နိဂုံးချုပ်အောင် ကြိုးစားနေသူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Kissinger နဲ့ ဗိယက်နမ်ခေါင်းဆောင် Le Duc Tho တို့ကို ၁၉၇၃ မှာ နိုဘလ်ငြိမ်းချမ်းရေးဆုပေးစဉ်က စစ်ဖြစ်နေဆဲမို့ နိုဘလ်ဆုပေးတဲ့ ကော်မတီကို အကြီးအကျယ် ဝေဖန်ရှုတ်ချကြပါတယ်။ နိုဘလ်ဆုကို Kissinger တဦးတည်း လက်ခံရယူခဲ့ပြီး ဗိယက်နမ်ခေါင်းဆောင်က အခမ်းအနားကို သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၇၈ က အစ္စရေးဝန်ကြီးချုပ်နဲပ အီဂျစ်သမ္မတ တို့ကို နိုဘလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပါတယ်။ ၁၉၉၄ မှာတခါ အစ္စရေးဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး နဲ့ ပါလစ္စတိုင်း လွတ်မြောက်ရေးခေါင်းဆောင် Yasser Arafat တို့ကို ငြိမ်းချမ်းရေးဆု ပေးပါတယ်။ ၁၉၉၃ မှာ တောင်အာဖရိက သမ္မတ F. W. de Klerk နဲ့ အတိုက်အခံခေါင်းဆောင် Nelson Mandela တို့ကို နိုဘလ်ဆု ချီးမြှင့်ခဲ့ပါတယ်။

Yasser Arafat နဲ့ အမေရိကန် ဒု-သမ္မတဟောင်း Al Gore ကို နိုဘလ်ငြိမ်းချမ်းဆု ချီးမြှင့်တုန်းကလည်း နိုဘလ်ကော်မတီကို အကြီးအကျယ် ဝေဖန်ကြပါတယ်။ လက်တွေ့မှာ ဘာမှ မလုပ်ရသေးတဲ့ သမ္မတသစ် အိုဘားမား ကို မိန့်ခွန်းပြောရုံနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်တာကိုလည်း ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ဒီလို နာမည်ကြီး ပုဂ္ဂိုလ်တွေ နိုဘလ်ငြိမ်းချမ်းရေးဆုရတာကို စိတ်ဝင်စားသူ နည်းပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် နှလုံးရည် တိုက်ပွဲဝင်ရင် အကျဉ်းခံရသူကို ချီးမြှင့်တဲ့အခါမှာသာ နိုဘလ်ငြိမ်းချမ်းရေးဆုကို ပိုပြီးတလေးတစား ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အထင်ရှားဆုံး သာဓက ဖြစ်ပါတယ်။

၁၉၈၉ တီနမန်ရင်ပြင် တရုတ်ဒီမိုကရေစီအရေး ဖိနှိပ်ချေမှုန်းခံရပြီးနောက် နိုင်ငံခြားထွက်ခွါသွားကြတဲ့ တရုတ်လူငယ်တွေကို ဒီမိုကရေစီနိုင်ငံတွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့ တရုတ် နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့က အဓိက ဖြစ်လာတဲ့အတွက် ၁၉၈၉ ဒီမိုကရေစီအရေးတော်ပုံကို သတိရသူတွေ နည်းပါးလာပါတယ်။ အင်အားကြီးမားတဲ့ တရုတ်ကွန်မြူနစ်အစိုးရ ငြိုငြင်မှာ စိုးရိမ်တဲ့အတွက် တရုတ်ပြည်မှာ လူ့အခွင့်အရေးမရှိတာကို ပြောဆိုတာမျိုးတွေ နည်းပါးလာပါတယ်။ တရုတ် ဒီမိုကရေစီအရေးမှာ ကိုယ်စားပြုတဲ့ သင်္ကေတမရှိ ဖြစ်နေတာဟာလည်း အာရုံစိုက်ရခက်ခဲ့သလို ဖြစ်နေတာကြောင့် လူရှောင်ဘို ကို တရုတ်ဒီမိုကရေစီအရေးရဲ့  သင်္ကေတအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ လူရှောင်ဘို ရဲ့  ဆောင်ရွက်ချက်ကို ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ သဘောပါ။

၁၉၈၉ တီနမန် ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက မေ့လုနီးပါး ဖြစ်နေချိန်မှာ အဆက်မပြတ် နှလုံးရည် တိုက်ပွဲဝင်နေသူ လူရှောင်ဘို ကို နိုဘလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တာဟာ ၁၉၈၉ အရေးတော်ပုံကို ကမ္ဘာက မမေ့သင့်ကြောင်း နိုးဆော်လိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်နဲ့ ဆက်ဆံရာမှာ စီးပွားရေး အကျိုးအမြတ်ကိုသာ အဓိကမထားဘဲ လူတိုင်းလိုက်နာရမယ့် လူ့အခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ အပြည်ပြည်ဆိုင်ရာကို သတိပေးလိုက်တာပါ။ ကမ္ဘာနဲ့ အဆက်အသွယ်များလာတဲ့ တရုတ်ပြည်ဟာ ကမ္ဘာက လက်ခံထားတဲ့ လူ့အခွင့်အရေးကို လက်ခံရမှာဖြစ်ကြောင်း တရုတ်ပြည်သူပြည်သားတွေ နားလည်အောင် နော်ဝေး နိုဘလ်ကော်မတီ က မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

တိဘက်ပြည်လွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲဝင်နေတဲ့ ဒလိုင်းလားမား (Dalai Lama) ဘုန်းတော်ကြီးကို ၁၉၈၉ မှာ နိုဘလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တာဟာလည်း ဒလိုင်းလားမားရဲ့  စွမ်းရည်သတ္တိတွေကို ဂုဏ်ပြုလိုက်တာပါ။ ဒါပေမဲ့ ဒလိုင်းလားမားရဲ့  ရည်မှန်းချက်ဟာ အောင်မြင်စရာ အလားအလာ မရှိတော့တဲ့အတွက် သိက္ခာသမာဓိရှိပြီး အပြည်ပြည်ဆိုင်ရာက ရိုသေလေစားတိုင်း နိုင်ငံရေးမှာ အောင်မြင်မှု မရှိနိုင်တာကိုလည်း မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

XS
SM
MD
LG