သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် နဲ့ ပါတီနိုင်ငံရေး


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်

ဒီတပတ် မျက်မှောက်ရေးရာ အစီအစဉ်မှာ ရှစ်ဆယ့်ရှစ်တချို့ဟာ သီးခြားနိုင်ငံရေးပါတီ တည်ထောင်ဖို့ တွန့်ဆုတ်သလို ရှိနေချိန်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းပြင်နေပါပြီ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်မိုးဇော်တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပါတီအနေနဲ့ တရားဝင် မှတ်ပုံတင်ပြီးပြီလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ မှတ်ပုံတင်ဖို့ ပြင်တုန်းဆင်တုန်း၊ ကြိုးစားတုန်းလို့ ပြောရပါလိမ့်မယ်။ မကြာခင် တင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးပါတီတွေအပေါ်မှာထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လွတ်လပ်မှုအပြည့်အဝ ပေးထားတယ်လို့ ကိုအောင်မိုးဇော်တို့ ယူဆပါသလား။ စည်းရုံးခွင့်၊ ပါတီစာရွက်စာတမ်း ဖြန့်ဝေခွင့်၊ စုရုံးခွင့် စသဖြင့်။

ဦးအောင်မိုးဇော် ။ ။ အခြေခံအားဖြင့်တော့ ပြည့်စုံတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ စည်းရုံးရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကန့်သတ်ထားတာ မရှိဘူးလို့။ နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လေ့လာတဲ့အခါမှာ အဲဒီလို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးရတာက တခါတခါ ရွေးကောက်ပွဲကော်မရှင်က ခေါ်ပြီးတော့ နိုင်ငံရေးပါတီတွေကို ဘယ်လိုမလုပ်ရ၊ ဘာမလုပ်ရဆိုတာတွေ သတိပေးတာတွေ ကြားမိလို့ပါ။

ဦးအောင်မိုးဇော် ။ ။ အခုက ကျနော်တို့ကတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအဆင့် မရောက်သေးဘူး။ မရောက်သေးတဲ့အခါကြတော့ အခုနလို ကော်မရှင်က သတိပေးတာ၊ စာပို့တာတို့ စသဖြင့် အဲဒီလို အတွေ့အကြုံမျိုးတွေ ကျနော်တို့ဆီမှာ မရှိသေးပါဘူး။ ဒါပေမဲ့ လက်တွေ့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်သွားတဲ့နောက်ပိုင်းမှာတော့ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ကြုံရမလဲဆိုတာတော့ ကျနော့်အနေနဲ့ ခန့်မှန်းလို့ မရသေးဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မိုးဇော်တို့က အခုပြည်ပက ပြန်လာတဲ့ ၈၈ မှာ လှုပ်ရှားခဲ့တဲ့ ကျောင်းသားမျိုးဆက်ရဲ့ ပထမဦးဆုံး ပါတီလို့ ခေါ်လို့ရသလား။

ဦးအောင်မိုးဇော် ။ ။ အဲဒီလို ခေါ်မယ်ဆိုရင်လည်း ခေါ်လို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ဖြစ်တဲ့အတွက် အထူးကန့်သတ်ချက်တွေ၊ အထူးတလှယ် စောင့်ကြည့်တာတွေ စသဖြင့် အဲဒီလိုမျိုးတွေ တစုံတရာရှိလာမယ်လို့။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအဝင်၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ နှစ်ကြိမ်တိတိ တွေ့ဆုံပြီးပါပြီ။ တွေ့ဆုံတဲ့ အခြေအနေမှာတော့ ဘာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုတဲ့ ကန့်သတ်မှုတွေ ကျနော်တို့ကို ဘာမှမပြောပါဘူး။ ကျနော်တို့ အခုလို ပြန်လာပြီးတော့ မှတ်ပုံတင်တဲ့ကိစ္စကို သူတို့အနေနဲ့ ဝမ်းသာတယ်။ ကြိုဆိုတယ်ဆိုတဲ့ ကိစ္စတွေကိုပဲ ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ၈၈ မျိုးဆက်တွေ သီးခြားနိုင်ငံရေးပါတီ မထောင်ဘူးလား၊ ဘာညာလို့ မေးမြန်းကြည့်တဲ့အခါမှာ တချို့က ဘာကိုစိုးရိမ်ကြဟန်တူသလဲဆိုတော့ ဒီအချိန်မှာ အဓိက ပြိုင်ရမယ့် ဒီမိုကရေစီအင်အားစု နဲ့ စနစ်ဟောင်းနဲ့ သြဇာသံယောဇဉ် မကင်းတဲ့ အင်အားစုနဲ့ ပြိုင်ရမှာဖြစ်တယ်။ အဲဒါကြောင့် ဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ပံ့ပိုးသင့်တယ်။ ၈၈ မျိုးဆက်တွေက သီးခြားတခုခု လုပ်လိုက်ပြီဆိုရင် အဲဒီ ဒီမိုကရေစီအင်အားစု ရသင့်တဲ့ မဲတွေ ကွဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိကြပါတယ်။ ဦးအောင်မိုးဇော်တို့ ပါတီထူထောင်ဖို့ စဉ်းစားတဲ့အခါမှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ စဉ်းစားပါတယ်။ အခုပဲ ၂၀၁၃ ရှိနေပြီ။ ၂၀၁၅ ရွေးကောက်ပွဲကိစ္စကို စဉ်းစားမယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် အများကြီး နောက်ကျနေပါပြီ။ ဒါက တခု။ ကျနော်တို့ ဒီနေ စဉ်းစားတဲ့ကိစ္စက နိုင်ငံရေးပါတီတခုအနေနဲ့ လူထုလူတန်းစာ အလွှာအသီးသီးကြားမှာ ကျနော်တို့ ကျနောတို့ပါတီကို ထောက်ခံတဲ့လူတွေ၊ ကျနော်တို့ကို စာနာတဲ့လူတွေ၊ ကျနော်တို့ ပါတီဝင်တွေများလာအောင်လို့ ဆောင်ရွက်ချင်တယ်။ တကယ်ကို ဒီမိုကရေစီ နိုင်ငံရေးစနစ်အောက်မှာရှိတဲ့ တကယ့် professional ဖြစ်တဲ့ နိုင်ငံရေးပါတီတခုအဖြစ် တည်ဆောက်ဖို့ ကြိုးစားတာက ကျနော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခု ဖြစ်တဲ့အခါကြတော့ ရွေးကောက်ပွဲဆိုတာကိုလည်း မဖြစ်မနေ၊ ဖြတ်သန်းရမှာပါ။ ငြင်းလို့မရဘူး။ အဲဒီလို အနေအထားမျိုးမှာတော့ ကျနော်တို့ရဲ့ အသံ၊ ကျနော်တို့ ပြောချင်ဆိုချင်တာတွေ လွှတ်တော်ထဲမှာ ပါနိုင်တဲ့အဆင့်အထိရောက်အောင် ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်။ သို့သော်လဲပဲ အခု အများက လက်ရှိနိုင်ငံရေးအခြေအနေအရ လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေက အပြတ်အသတ်အနိုင်ရဖို့ လိုချင်တယ်။ Landslide victory ရဖို့ လိုတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မပစ်ပယ်ပါဘူး။ လက်တွေ့မှာလဲ ကျနော်တို့ပါတီအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာရှိတဲ့ နိုင်ငံရေးပါတီကြီးတွေကို ယှဉ်နိုင်တဲ့၊ ပြိုင်နိုင်တဲ့ အနေအထား မရှိပါဘူး။ ကျနော်တို့ အဓိက လုပ်နိုင်တာက လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လို့ ထည့်ထည့်ဝင်ဝင် လုပ်နိုင်အောင်။ အဲဒီလို လုပ်ရင်နဲ့ တပြိုင်နက်ထဲမှာ ကိုယ့်ပါတီကို ကိုယ်တည်ဆောက်နိုင်အောင် ကြိုးစားချင်တဲ့ကိစ္စက ကျနော်တို့ ဦးစားပေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကိုအောင်မိုးဇော်တို့ရဲ့ ပါတီ။ အထူးသဖြင့် ကိုအောင်မိုးဇော်တို့က ပြည်ပအတွေ့အကြုံတွေရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ပြည်တွင်းကို ပြန်ရောက်သွားတဲ့အခါမှာ နိုင်ငံရေးရှုထောင့်က မြင်ကြတဲ့အမြင်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်နေတာကို ရှုမြင်သုံးသပ်တဲ့အခါမှာ ဘယ်လောက်နီးစပ်မှု ရှိသလဲ။ ကွာဟမှုများ သိပ်ပြီးအလှမ်းဝေးနေသလား။ ဥပမာအားဖြင့် ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်တဲ့ကိစ္စမှာ တချို့က မြန်မာအမျိုးသားရေးဝါဒ အစဉ်အလာအတိုင်း ဗုဒ္ဓဘာသာကို အခြေခံတဲ့ အမျိုးဘာသာ၊ သာသနာ အလံကို လွှင့်ချင်တယ်။ အဲဒီ ကြွေးကြော်သံနဲ့ သွားချင်တဲ့ အမျိုးသားရေဝါဒီတွေ တော်တော်များများ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့ကလည်း ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို ခွဲခြားမနေဘဲနဲ့ နိုင်ငံသားဆိုတာကို အခြေခံပြီးတော့ တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ အမြင်မျိုးတွေ အဲဒီလို ရှိကြပါတယ်။ ဆိုတော့ ကိုအောင်မိုးဇော်တို့က အဲဒီကိစ္စတွေကို ဘယ်လိုရင်ဆိုင်ရပါသလဲ။ ဘယ်လောက်ကွာဟမှု ရှိပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ယနေ့အချိန်အထိတော့ ကြီးကြီးမားမား စိန်ခေါ်မှုတွေနဲ့ ထိပ်တိုက်တွေ့နေရတဲ့ အနေအထား မရှိသေးပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ နိုင်ငံဟာ လူမျိုးစုံနိုင်ငံဖြစ်တယ်။ ဘာသာပေါင်းစုံရှိတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့နိုင်ငံကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှင်သန်ပြီးတော့ အတူတကွ အေးအေးချမ်းချမ်း လက်တွဲနေထိုင်ပြီးတော့ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်မယ့် ပြည်ထောင်စုစစ်စစ် နိုင်ငံတော်တခုအဖြစ် ကျနော်တို့ ဖြစ်ချင်တယ်။ မြင်ချင်တယ်။

ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံရေးသမားတွေဟာ လူထုနောက်ကိုလိုက်တယ်။ လူထုရဲ့ ထောက်ခံမှု ကျဆင်းသွားမှာ စိုးရိမ်လို့ ပြောသင့်တာ မပြောဘူးလို့ ဝေဖန်ခံရတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ နိုင်ငံရေးသမားဆိုတာ လူထုဆန္ဒအတိုင်း နောက်က မှေးလိုက်နေသင့်သလား။ သို့တည်းမဟုတ် လူထုမှားတာကို ထောက်ပြပြီးတော့ မှန်တဲ့လမ်းဟာ ဒီလမ်းဆိုပြီးတော့ ထောက်ခံမှု ကျဆုံးမှာကို ဂရုမစိုက်ဘဲနဲ့ အမှန်ကို ဦးဆောင်ခေါ်ယူဖို့ဆိုတာကို အဲဒီနှစ်လမ်း ရွေးရမယ်ဆိုရင် လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်တွေအနေနဲ့ ဘယ်လမ်းကို ရွေးမလဲ။

ဦးအောင်မိုးဇော် ။ ။ အခြေအနေကို ချိန်းဆရမယ်လို့ ထင်ပါတယ်။ Timing ကို ချိန်းဆရလိမ့်မယ်။ ကိုယ်ပြောတာ၊ ဆိုတာ စည်းရုံးတာတွေကို ကျနော်တို့ ချိန်းဆရလိမ့်မယ်။ အခြေခံအားဖြင့်တော့ principle မလွတ်ဖို့လိုတယ်။ သို့သော်လဲ ကိစ္စတိုင်းမှာ အမှန်အတိုင်းလည်း ပြောလို့မရတာတွေရှိတယ်။ ဒါပေမဲ့ အမှားကိုပြောဖို့ တိုက်တွန်းတာမဟုတ်ဘူး။ အမှန်အတိုင်းလည်း ပြောလို့မရတဲ့ အနေအထားတွေ ရှိပါတယ်။ အခြေအနေတွေကို ကျနော်တို့ ချိန်းဆဖို့လိုမယ်။ နောက်တခုက ကိုယ်ပြောမယ့်ဆိုမယ့် ကိုယ့်သဘောထားကို ထုတ်ပြန်တဲ့နေရာမှာလည်း ကိုယ့်ကိုထောက်ခံတဲ့လူကော၊ ကိုယ့်ကိုမထောက်ခံတဲ့လူကော စည်းရုံးတဲ့ ပြောတဲ့ဆိုတဲ့ စည်းရုံးတဲ့ လုပ်ဟန်နည်းနာတွေကို တတ်နိုင်သမျှ ကျင့်သုံးနိုင်အောင် ကြိုးစားမယ်။ ဒါဆိုလို့ရှိရင် တချို့ ပဋိပက္ခတွေကို ကျနော်ထင်တယ် ကျော်လွှာနိုင်လိမ့်မယ်။ အဲဒီလို ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် မြန်မာနိုင်ငံမှာ အခု အကျယ်လောင်ဆုံးပြောနေတဲ့ ကိစ္စတခုကတော့ ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံကို မပြင်ဘဲ ဒီအတိုင်းထားချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေရှိတယ်။ တချို့က ပြင်ချင်တယ်။ တချို့က လုံးဝဖျက်သိမ်းပြီးတော့ အသစ်ပြန်ရေးသင့်တယ်လို့ ပြောနေပါတယ်။ လူ့ဘောင်သစ်ပါတီ ပေါ်ပေါက်လာရင် ဘယ်လိုမူနဲ့ ဘယ်လိုဆောင်ရွက်မလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ လွန်ခဲ့တဲ့ အပတ်တွေထဲကပဲ ရှမ်း၊ ကယား၊ မွန် ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သက်ဆိုင်ရာ ဆွေးနွေးပွဲကို ကျနော်တို့ တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အခြေခံအမြင်ကတော့ နဂိုကတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတဲ့ အယူအဆ ရှိပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ မပြင်ဆင်နိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယူဆပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဖွဲ့စည်းပုံ ပြင်တဲ့အထဲမှာ အဓိက ပြောနေကြတာက စစ်တပ်ရဲ့ အခန်းကဏ္ဍ။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ လူတိုင်းတော်တော်များများ အမြင်ချင်တူကြပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍ မပါဝင်သင့်ဘူး။ လောလောဆယ် မဟုတ်တောင် ဖြည်းဖြည်း မှေးမှိန်သွားအောင် fade out လုပ်သွားရမယ်ဆိုပြီး ယူဆကြပါတယ်။ တိုင်းရင်းသားအခန်းကဏ္ဍကြတော့ တိုင်းရင်းသားတွေဟာ များသောအားဖြင့် ဖယ်ဒရယ် လိုချင်ကြတယ်။ ဖယ်ဒရယ်မှာမှ ဟိုတုန်းကရှိခဲ့တဲ့ ပုံစံအတိုင်း ပြည်နယ်။ ဗမာပြည်မဆိုတာ ပြည်မပြည်နယ်မခွဲဘဲနဲ့ ပြည်နယ်ပဲလုပ်စေချင်ကြတယ်။ အဲဒါမျိုးတွေ သတ်မှတ်ထားတာ ရှိပါတယ်။ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ ပတ်သက်ပြီးတော့ လူဘောင်သစ်ပါတီရဲ့ အခြေခံသဘောထားကို အကြမ်းမျဉ်းလောက် ရှင်းပြပါလား။ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ယူဆထားပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ပါတီရဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်တဲ့ အခြေခံသဘောထားကတော့ ကနေ့ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်ပဲပြောပြော၊ စီးပွားရေးအရ၎င်း၊ နိုင်ငံရေးအရ၎င်း၊ လူမှုရေးအရ၎င်း။ ဘက်ပေါင်းစုံက ခြွတ်ခြုံကျနေတာ အားလုံးအသိပဲ။ အဲဒီ ပြဿနာတွေရဲ့ အခြေခံအကြောင်းရင်းက ကျနော်တို့ ယူဆတာ၊ ယုံကြည်တာက ဒီမိုကရေစီအရေး ပြဿနာဖြစ်တယ်။ တဖတ်ကလည်း တိုင်းရင်းသားလူမျိုးစုတွေ အရေးကိစ္စကို မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်တယ်။ ဒီနှစ်ခုကလည်း တကွဲတပြားစီ တည်ရှိနေတာ မဟုတ်ဘူး။ ခေါင်းနဲ့ပန်းလို့ပဲ တည်ရှိနေတယ်။ ဒီမိုကရေစီကဲ့သို့ပဲ တိုင်းရင်းသားလူမျိုးတွေရဲ့ အရေးကလည်း တိုင်းပြည်မှာ ထပ်တူထပ်မျှ အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့ ဆိုလို့ရှိရင် အခြေခံအားဖြင့်၊ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုစနစ် မတည်ဆောက်နိုင်ဘူးဆိုရင် ဒီပြဿနာတွေကို ပြေလည်အောင် ကျော်လွှာနိုင်လိမ့်မယ်လို့ မယူဆပါဘူး။ သို့သော်လဲ ဒီကိစ္စတွေလုပ်ဖို့ဆိုရင် ခက်ခဲမယ်။ တခါတလေ ကြမ်းတမ်းမယ်။ ခရီးလည်း ရှည်ကောင်းရှည်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ကျနော်တို့ တိုင်းပြည်ကို တကယ့် စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် တည်ဆောက်နိုင်တဲ့အထိ ကျနော်တို့တတွေ ဆက်လက်ရုန်းကန် လှုပ်ရှားသွားကြရလိမ့်မယ်လို့ အဲဒီလို ခံယူပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ အခု လူဘောင်သစ်ပါတီ ပြန်လည်ဖော်ဆောင်မယ်၊ မှတ်ပုံတင်မယ် လုပ်မယ်ဆိုတော့ အဲဒီလို ပါတီဖြစ်အောင် စုစည်းမယ့်အထဲမှာ ခေါင်းဆောင်မှုပြဿနာတွေ၊ ပြိုင်ဘက်အင်အားစုတွေ အချင်းချင်း ရှိပါသလား။ အချင်းချင်းညှိရတာ ဘယ်လောက်လွယ်ကူပါသလဲ။ အခက်အခဲတွေ ရှိနိုင်ပါသေးလား။

ဦးအောင်မိုးဇော် ။ ။ ခက်တော့ခက်တယ်။ ခက်တာကတော့ နှစ်ခု။ ကျနော်တို့ တိုင်းပြည်ထဲမှာရှိတဲ့ လူ့ဘောင်သစ်အစုအဖွဲ့တွေရှိတယ်။ နောက်ပြီးတော့ တသီးပုဂ္ဂလအနေနဲ့ ရပ်တည်နေတဲ့ နဂိုလူ့ဘောင်သစ်တွေ ရှိတယ်။ အနှစ် (၂၀) လောက်ကွဲကွာနေတဲ့ လူ့ဘောင်သစ်အစုအဖွဲ့တွေ၊ လူ့ဘောင်သစ်ပါတီဝင်တွေ ဒီရဲဘော်တွေအားလုံး ပါဝင်ပြီးတော့ ဒီပါတီကို ပြန်လည်မှတ်ပုံတင်မယ်ဆိုတဲ့ အနေအထားရအောင် ကျနော်တို့ ညှိနှိုင်းရတာတွေ၊ စုစည်းရတာတွေ၊ ဆွေးနွေးရတာတွေ တောက်လျှောက်လုပ်နေရပါတယ်။ ဆိုတဲ့အခါကြတော့ သိပ်ပြီးတော့ ချောမွေ့လှတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ရဲဘော်အားလုံးကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တစုတစည်းတည်းနဲ့ သိက္ခာရှိရှိ ပြန်လည်ပြီးတော့ တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်ပြီးတော့ ယနေ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်စေချင်တဲ့ ဆန္ဒကတော့ အကုန်လုံးရှိကြတယ်။ အဲဒီအတွက်လဲ ထင်သလောက် မခက်ခဲခဲ့ဘူး။ သို့သော်လဲ အလွယ်ကြီးလားလို့မေးရင် မလွယ်ဘူး။ ကနေ့အခြေအနေအထိတော့ ဆွေးနွေးနေရတယ်။ စည်းရုံးနေရတယ်လို့ ပြောချင်ပါတယ်။

XS
SM
MD
LG