သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနှင့် လက်ရှိအစိုးရတို့အကြား နိုင်ငံရေးသဘောတူညီချက် ရရှိရေးဟာ အလှမ်းဝေးနေသေးတယ်လို့ အစိုးရကိုယ်စားလှယ်တွေနှင့် ဆွေးနွေးခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်သေးဘူးဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ SNLD ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ် နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အခုတလော ပြည်ထောင်စုအရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ ပြည်ထောင်စု အာဏာပိုင်တွေပါ ပါဝင်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်လာတယ်။ အဲဒီ ဆွေးနွေးပွဲတွေလုပ်တာ အခု အခြေအနေကော ဘယ်လောက်ကောင်းပါလဲ ခင်ဗျာ။ အလားအလာ ဘယ်လောက်ကောင်းသလဲ။ ဘယ်လောက်ထိ တိုးတက်အောင်မြင်မှုရလာတယ်လို့ ထင်ပါသလဲ။

ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။ ကျနော်တို့ လုပ်နိုင်သလောက် လုပ်ခဲ့ပြီပေါ့။ ဒါပေမယ့် ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ အနေရဲ့ အနေအထားကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ကျေနပ်အားရလောက်စရာ မရှိဘူး။ ကျနော်တို့ သွားချင်တဲ့ FEDERAL ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဒီပုဂ္ဂိုလ်တွေက အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကလည်းဘဲ FEDERAL လမ်းကြောင်းပေါ်ကို သွားနေပြီလို့ ပြောနေတယ်။ ဒါပေမယ့် အားလုံးရဲ့…… သိနေတဲ့ကိစ္စကတော့ ဒါ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ FEDERAL လမ်းကြောင်းပေါ်ကို လုံးဝမရောက်သေးဘူးလို့ ကျနော်တို့ ဒီအတိုင်းဘဲ သုံးသပ်တယ်။ ဒါကြောင့်မို့လို့ အကယ်၍ သူတို့ကများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း FEDERAL ဖြစ်နေတယ် ပြောနေတယ်ဆိုလို့ရှိရင်လည်းဘဲ ဒါဟာ အမှန်တကယ် မဟုတ်ဘူးဆိုတာကိုပဲ ပြောလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ FEDERAL မဟုတ်ကြောင်း ထောက်ထားတဲ့ ဥပဒေအချက်အလက်နှင့် နည်းနည်းလေး ပြောပါလား။ ပရိသတ် သိရအောင်။

ဦးစိုင်းလိတ် ။ ။ အနည်းဆုံးအဆင့် ကျနော်ပြောမယ် ခင်ဗျာ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီတန်းတူညီခွင့်နှင့် ပက်သတ်ပြီးတော့မှ တစုံတရာ ဒီထဲမှာ ပြဌာန်းထားခြင်းမရှိဘူး။ လက်တွေ့အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ပြည်နယ်တွေမှာ ဒီ ပြည်နယ်အုပ်ချုပ်ရေးမှုးလို့ ပြောရမလား ဒီ ပြည်နယ်ဝန်ကြီးချုပ်ပေါ့။ သူ့ရဲ့ အဆင့်အတန်းကို ကြည့်မယ်ဆိုလို့ရှိရင် သမ္မတကိုယ်တိုင်က ခန့်ထားတယ်။ သမ္မတရဲ့ ဩဇာအောက်မှာပဲ တည်နေတယ်။ ပြည်သူလူထုရဲ့ လိုလားချက်ကို တစုံတရာ သူ့မှာ ဖော်ပြနိုင်ခွင့် ဖော်ထုတ်နိုင်ခွင့် ဘာမှမရှိဘူး။ ဒါဟာ အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရအပိုင်းက ပုဂ္ဂိုလ်တွေပေါ့ တချို့ ဝန်ကြီးတွေပါတယ် ထင်တယ်။ ဦးစိုးသိန်း တို့ဘာတို့လား။ ဟုတ်ပါတယ်နော်။

ဦးစိုင်းလိတ် ။ ။ ဟုတ်ပါတယ်။ ဦးစိုးသိန်း ပါတယ်။ ဦးအောင်မင်း ပါတယ်။ ဦးခင်မောင်ထွေး ပါပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ သူတို့ကို အဲအထောက်အထား ပြောတော့၊ ဥပမာအားဖြင့် ဒါတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ရေးပိုင်းနှင့် ပက်သတ်ပြီးတော့ အုပ်ချုပ်ရေး အာဏာပိုင် ပုဂ္ဂိုလ်ဟာ တိုင်းရင်းသားပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အမိန့်အတိုင်း လုပ်ရတာထက် ပြည်သူကို နားထောင်တာထက်၊ အထက် ဗဟိုအစိုးရကိုသာပိုပြီး နားထောင်နေတယ်ဆိုတဲ့ အချက်ကို ထောက်ပြလား။

ဦးစိုင်းလိတ် ။ ။ ထောက်ပါတယ်။ ကျနော်တို့ ထောက်ပြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့ ဆန္ဒကို အလေးတယူ ဂရုပြုပြီး ဘာမှ လုပ်ဆောင်နိုင်ခြင်း မရှိဘူး။ အထက်က အမိန့်ကိုဘဲ စောင့်စားနေရတယ်။ နောက်ဆုံးအဆင့်ပေါ့ ဒီ ပညာရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်ကို ခန့်မယ်ဆိုရင်တောင်မှ ဒီပြည်နယ်ဝန်ကြီးချုပ်မှာ ဘာမှ လုပ်နိုင်တဲ့ အနေအထားမျိုး လုံးဝမရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာဟာ လုံးဝမလိုလားတဲ့ ပြဿနာမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒါကို ထောက်ပြတော့ သူတို့က ဘာဟာကို ကိုးကားပြီးတော့ သူတို့က FEDERAL ဖြစ်နေပါပြီလို့ ပြောတာလဲ။

ဦးစိုင်းလိတ် ။ ။ သူတို့ပြောနေတဲ့ FEDERAL ဆိုတဲ့ ကိစ္စကတော့ အခု အရင်တုန်းက မရှိခဲ့ဘူးတဲ့ ပြည်နယ်အစိုးရဆိုတာ ရှိလာတယ်။ နောက်တခါ ပြည်နယ်မှာလည်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ တိုင်းတွေ၊ ပြည်နယ်အုပ်ချုပ်ခွင့်ရဲ့ ဒေသတွေ ရှိလာတယ်ပေါ့။ ဒါတွေကို ထောက်ပြပြီး သူတို့က ဒါကို FEDERAL လို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဝန်ကြီးတို့ လာပြီးတက်ပြီး ဆွေးနွေးတယ်ဆိုတဲ့ဟာ သူတို့က အစိုးရအဖွဲ့ရဲ့ သဘောထားပေါ့။

ဦးစိုင်းလိတ် ။ ။ အဲလိုလည်း သူတို့ ယူဆလို့ မရဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒီတက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သူတို့ ကိုယ်ရေးကိုယ်တာအနေနှင့် တက်တာလား။ အစိုးရကိုယ်စားပြု တက်တာလားဆိုတာ။ သူတို့ကိုယ်တိုင် မသိဘူး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ FEDERAL ပေါ့လေ။ တိုင်းရင်းသားတွေ ပြောပြောနေတာ။ အဲဒီဟာ ဖြစ်ဖို့ကတော့ ဒီအစိုးရသက်တမ်းမှာ အလားအလာ ရှိပါသေးလား။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့က ယုံကြည်ချက်ကတော့ မှုန်ဝါးဝါးဘဲ။ သိပ်တော့လည်း မမျှော်လင့်ရဲဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲ လုပ်လာမယ်။ အဲဒီမှာ အစိုးရအပိုင်းမှာ အပြောင်းအလဲတွေ ဘာတွေများ ဖြစ်လာမယ်ဆိုရင်ကော ဘယ်လောက်အလားအလာ ရှိပါသလဲ။

ဦးစိုင်းလိတ် ။ ။ ဒါကလည်း အခုလက်ရှိ အစိုးရအပေါ်မှာ မူတည်တယ်။ အမှန်တကယ်ကို FEDERAL ပြည်ထောင်စု ဖြစ်စေချင်တယ် ဆိုလို့ရှိရင် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့က တည်ထောင်ပါ။ ပြီးတော့ ရွေးကောက်ပွဲ ဝင်ပါ၊ လက်နက်ချပါ။ ဒါတွေက ဖြစ်လာနိုင်မယ့် အနေအထားမျိုး မရှိဘူးလေ။ ဆိုတော့ လက်ရှိ အစိုးရအနေနှင့် ဒီကိစ္စကို ဆက်လက် ဆွေးနွေးပါမယ်ဆိုတဲ့ မူလေးတစ်ခု သူတို့ သတ်သတ်မတ်မတ် ထားမယ်ဆိုလို့ရှိရင်တော့ နောက်လာမယ့် အစိုးရမှာလည်း ဒါဆက်လက်ပြီးတော့မှ ဆက်လက်ဆွေးနွေးလို့ရမှာပေါ့။ ဒါဆို မျှော်လင့်ချက် ရှိကောင်းရှိသွားပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများကလည်းပဲ အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး ကမ်းလမ်းချက်ကိုတော့ သဘောတူထားပြီပေါ့။

ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီဖွဲ့စည်းပုံနှင့် ပက်သတ်ပြီးတော့ ဘယ်လိုပြင်မယ်။ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးကို အမှန်တကယ် ဖြစ်အောင်လုပ်မယ် ဘာညာဆိုတာ တကယ်တော့ ဒီဟာက ဥပဒေပြု အပိုင်းနှင့်ဆိုင်တဲ့ ကိစ္စပါ။ ဦးစိုင်းလိတ်လည်း သိတဲ့အတိုင်းပဲ။ အခု မြန်မာနိုင်ငံမှာ ဥပဒေပြုရေး အာဏာပိုင် အဖွဲ့အစည်း၊ ပြည်သူ့လွှတ်တော်တို့ ဘာတို့ဆိုတာ ရှိနေပြီ။ ပြည်ထောင်စုလွှတ်တော်တို့။ အဲဒီ လွှတ်တော်ရဲ့ သဘောထားအများစုကော ဘယ်လို တီးခေါက်မိပါသလဲ။ လွှတ်တော်အမတ်တွေ သဘောထားကို။

ဦးစိုင်းလိတ် ။ ။ လွှတ်တော်အမတ်တွေ ကိုယ်တိုင်က သူတို့မှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောပိုင်ခွင့် မရှိဘူး။ တင်ပြခွင့် မရှိဘူး ဆိုတာတော့ ကျနော်တို့ ကြားသိနေရတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ အမှန်တကယ် လိုအပ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်တိုင်းက ဘယ်လိုမှကို လွတ်လွတ်လပ်လပ် တင်ပြခွင့် မရှိတဲ့ အချိန်မှာ ဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆန္ဒကိုလည်းဘဲ သူတို့က လွှတ်တော်မှာ ဘယ်လိုမှ အားလုံး ပွင့်လင်းမြင်သာအောင် တင်ပြနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်တစ်ခုတည်းကသာလျှင် နိုင်ငံရေးပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးလို့ ကျနော် ဒီအတိုင်းဘဲ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် တချို့ လွှတ်တော်အမတ်တွေကတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရှိတယ်လို့ ပြောကြတယ်။ လယ်ယာမြေ ကိစ္စ၊ အလုပ်သမား ကိစ္စ၊ ဘာညာ သူတို့ ပြောနေကြတာပဲ။ အလွဲသုံးစားမှု ကိစ္စ။

ဦးစိုင်းလိတ် ။ ။ ဟုတ်ပါတယ်။ တကယ်တမ်းကြတော့ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်း အင်မတန်ကို များပါတယ်။ မြန်မာပြည်မှာ။ အဲဒီ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုပြီး ပြောမယ့် ပုဂ္ဂိုလ် မရှိသေးသရွေ့၊ သူတို့ ကိုယ်စားပြုပြီး လွတ်လပ်စွာ ပွင့်လင်းစွာ တင်ပြနိုင်ခွင့် မရှိသရွေ့ကတော့ နိုင်ငံရေးပြဿနာ ဘယ်လိုမှ ပြီးပြေအောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါဆိုလို့ရှိရင် ကျနော်တို့ ၂၀၁၅ တိုင်တဲ့အထိကို ဒီပြဿဟာ ဘယ်လိုမှ ငြိမ်းအေးသွားစရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပါတီထောင်ခွင့် ပေးထားတယ်လို့ သူတို့ ပြောတယ်။ အဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော် တက်လာနိုင်စရာ အကြောင်းကော မရှိဘူးလား။

ဦးစိုင်းလိတ် ။ ။ ဒီဥစ္စာက တစ်ဆင့်ကျော်နေပါတယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့်မရှိဘဲနှင့် ချက်ချင်းလက်ငင်းကြီး ပါတီတည်ထောင်ပါဆိုတာ ဒါ တဘက်သက် အမိန့်ပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တခြားတဘက်ကလည်း လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေး လုပ်မယ်။ အရင် တဘက်ကတော့ တတိယ ပင်လုံလို့ ပြောတယ်ဆိုတော့ အစိုးရဘက်ကလည်းဘဲ ဒီဆွေးနွေးပွဲ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသားတွေနှင့် သဘောတူညီရပြီးရင် အားလုံး မျက်နှာစုံညီဆွေးနွေးပွဲ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း ကြားရပါတယ်။ အဲဒါကော ဖြစ်မလာနိုင်ဘူးလား။

ဦးစိုင်းလိတ် ။ ။ ဒါလည်းဘဲ ဖြစ်လာဖို့ အင်မတန်ကို ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အစိုးရမှာ မှန်ကန်တဲ့ စေတနာနှင့် အားလုံးအပေါ်မှာ ယထာဘူတကျကျပေါ့ တပြေတည်းထားတဲ့ စိတ်စေတနာလေးတစ်ခု ထားဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးကာလကို တချိန်တည်းမှာ သတ်မှတ်ပြီးတော့ အဖွဲ့စည်းပေါင်းစုံကို တချိန်တည်း၊ တပြိုင်တည်းမှာ ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးဖို့လိုအပ်ပါတယ်။ ပြီးတော့မှ တိုင်းရင်းသား အားလုံး ဘာတွေ လိုအပ်သလဲဆိုတာကို အချိန်တစ်ခုတည်းမှာ သတ်သတ်မှတ်မှတ် သူတို့မှာ ဆွေးနွေးဖို့ အချိန်ပေးရပါလိမ့်မယ်။ အဲလို မလုပ်ဘဲနှင့်၊ တစ်ဖွဲ့ကို တချိန်မှာတွေ့၊ တနေရာမှာတွေ့၊ တခြားတစ်ဖွဲ့ကို တခြားတချိန် တခြားနေရာမှာတေ့ွ၊ တခြားမူတစ်ခုနှင့် ဆက်ဆံမယ်ဆိုလိုရှိရင် ဒီကိစ္စဟာ ဘယ်တော့မှ ပြီးပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အားလုံးမျှော်လင့်နေတဲ့ တတိယတို့၊ ဒုတိယတို့ ပင်လုံညီလာခံတွေကလည်း လုပ်မယ်ဆိုရင်တောင်မှပဲ နိုင်ငံရေးအရ ပြေလည်စရာ အကြောင်းမရှိဘူးလို့ ကျနော် ဒီအတိုင်းဘဲ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် နောက်ဆုံးမေးချင်တာက။ အဲ အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် ဆိုတဲ့ ဝန်ကြီးတွေ။ ဒီဝန်ကြီးတွေဟာ ကချင်နှင့် ဆွေးနွေးတဲ့ နေရာမှာလည်း နိုင်ငံရေးစကားကို လုံးဝဟတောင် မပြောဘူးတဲ့။ သူတို့က။ ဆိုတော့ သူတို့မှာ အဲဒီဟာကို ဆွေးနွေး ပိုင်ခွင့်မှ ရှိရဲ့လား။ အစိုးရ ကိုယ်စားပြုပြီးတော့ ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒါကို သံသယ ဖြစ်ပါတယ်။ သူတို့မှာ AUTHORITY အပြည့်အဝနှင့် ဆွေးနွေးပိုင်ခွင့်ကော ရှိရဲ့လား။ ပြီးတော့ သူတို့မှာ ဆွေးနွေးလိုတဲ့ စေတနာဆန္ဒကော အမှန်တကယ် ရှိရဲ့လားဆိုတာ ကျနော်တို့ သံသယ ပွားမိတာပေါ့။ အမှန်တကယ်သာ ပြည်ထောင်စုကြီး ငြိမ်းချမ်းစေချင်တယ်၊ တိုးတက်စေချင်တယ် ဆိုလို့ရှိရင် ဒါဘယ်တိုင်းရင်းသားမှလည်း ခွဲထွက်ပိုင်ခွင့်တို့၊ ဖောက်ထွက်ဖို့ ကိစ္စတို့ ဘာမှစဉ်စားနေမှာမှ မဟုတ်ဘဲ။ အားလုံးက တန်းတူညီမျှခွင့် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်။ ဒီတစ်ခုလေးပဲ တောင်းတာ။ အဲနေရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာတောင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြောနေတာ မဟုတ်ဘူး။ ပြဌာန်းခွင့် သက်သက်ကို ပြောတာ။ ဒါကိုမှ လိုက်မလျောနိုင်ဘူး ဆိုလို့ရှိရင် ကျနော်တို့ ပြည်ထောင်စုကြီး တိုးတက်ဖို့ဆိုတာ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ လက်ရှိအစိုးရ အနေနှင့်က သဘောထားကြီးစွာနှင့် Mind Set လေးတွေ ပြင်ဖို့လိုအပ်ပြီလို့ ဒီအတိုင်းဘဲ ပြောကြားလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီတော့ တချို့ကပြောတယ်။ တချို့က အစိုးရနှင့် စစ်တပ်ကို ခွဲပြီးပြောတယ်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်နှင့်။ ဒီပုဂ္ဂိုလ်က လုပ်ချင်ပေမယ့်၊ ပြောင်းလဲချင်ပေမယ့်၊ပေးချင်ပေမယ့် ပြုပြင်ချင်ပေမယ့် စစ်တပ်ကို သူ စိုးရိမ်ရတယ်။ စစ်တပ်က နောက်က ကြိုးဆွဲနေတုန်း၊ အာဏာ ရှိနေတုန်းလို့ မြင်ကြတယ်။ အဲဒီတော့ ဦးစိုင်းလင်းတို့ကကော အဲလို အစိုးရ နှင့် စစ်တပ် ကို သီးခြားခွဲပြီးမြင်ပါသလား။ အစိုးရက ပြောင်းလဲချင်တယ်။ စစ်တပ်ကတော့။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့ကတော့ အဲလို မမြင်ပါဘူး ခင်ဗျာ။ တယိမ်းတည်းကနေတဲ့ အရပ်သားတွေပါ။ ဒီအတိုင်းဘဲ မြင်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ကျနော်တို့ ရှေ့ကိုအကောင်းမြင်တဲ့ရှုထောက်က တစ်ခုကြည့်ပေးပါ။ ဘယ်အချိန် ပြောင်းမလဲ။ ခေါင်းဆောင်မှုပြောင်းတဲ့ အခါမှာလား။ တကယ်လို့ များသောအားဖြင့် ပြောကြပါဆို့။ ၈၈ မျိုးဆက်တွေဆိုရင် သူတို့က ဒီကိစ္စတွေကို ပိုပြီးတော့ တိုင်းရင်းသားတွေကို နားလည်မှုရှိတယ်။ စသဖြင့် သုံးသပ်မှုတွေ ရှိကြပါတယ်။ ဘယ်အချိန်မှာ ပြောင်လားနိုင်မလဲ။ ဥပမာအားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဟိုဟာ ဖြစ်လာတဲ့အခါ ပြောင်းလာနိုင်သလား။ နည်းနည်း ခန့်မှန်းကြည့်ပါ။ နိုင်ငံရေး အပြောင်းအလဲ နှင့် တိုင်းရင်းသားအခွင့်အရေး။

ဦးစိုင်းလိတ် ။ ။ ဒီ ဥစ္စာ အင်မတန် ခန့်မှန်းရ ခက်ပါတယ်။ ကျနော်တို့ ဗမာပြည်၊ ဗမာလူမျိုးဆိုတဲ့ ဥစ္စာနှင့် တိုင်းရင်းသားဆိုတဲ့ ဥစ္စာကို ခွဲခြားပြီး မြင်နေသရွေ့ကတော့ ဘယ်တော့မှ ဒီဥစ္စာဟာ အဆင်ပြေသွားမယ့် ကိစ္စမဟုတ်ဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ နေတဲ့လူတွေအားလုံးက လူသားတစ်ခုတည်းပါလားဆိုတဲ့ အမြင်မျိုး ရှိလာတဲ့နေ့ကြရင် ဒီဥစ္စာဟာ ပြီးပြေလည်သွားနိုင်မှာပါ။ ကျနော်တော့ ဒီအတိုင်းဘဲ မြင်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးစိုင်းလိတ်။ တိုင်းရင်းသားတွေဘက်ကလည်း အဲလိုမျိုး မြင်ဖို့လိုတာပေါ့။ နှစ်ဘက်လုံးပေါ့။

ဦးစိုင်းလိတ် ။ ။ ဒါပေါ့။ ကျနော်တို့ဘက်ကလည်း ဗမာလူမျိုးမို့လို့ လူအင်အား အင်မတန်ကြီးတဲ့လူမို့လို့ အသာစီးရနေတဲ့ လူမို့လို့ အဲဒီလို မမြင်ဘဲနှင့် သူတို့လည်းလူသားတွေဘဲ အဲဒီမှာ အာဏာရနေတဲ့ လူတစ်စုကသာလျှင် ချယ်လှယ်မင်းမှုနေတယ်ဆိုတာကို ကျနော်တို့ အားလုံးမြင်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဘက် မျှမျှတတ မြင်ဖို့လိုတယ်ဆိုတာလည်း ကျနော် လက်ခံထားပါတယ်။

XS
SM
MD
LG