သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည် လွတ်လပ်ရေးရတာ (၆၆) နှစ်ရှိပြီ ဖြစ်ပေမယ့် ကိုလိုနီခေတ်ကို ပြန်ရောက်သလို ဖြစ်နေပါတယ်။ အကြောင်းကတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ပွဲမဝင်တဲ့ ဆွဲခန့်ကိုယ်စားလှယ်တွေ ပါဝင်နေလို့ ဖြစ်ပါတယ်။ ကိုလိုခေတ် (၁၉၃၅) အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပါလီမန်မှာ အထက်လွှတ်တော်မှာသာ အစိုးရခန့် ကိုယ်စားလှယ်တွေပါဝင်ပြီး အာဏာပိုရှိတဲ့ အောက်လွှတ်တော်မှာတော့ ကိုယ်စားလှယ်အားလုံးဟာ ရွေးကောက်ပွဲ တင်မြှောက်ခံရသူတွေ ဖြစ်ပါတယ်။ ဒီသဘောတရားနဲ့ကြည့်ရင် ကိုလိုနီခေတ်ပါလီမန်ဟာ လက်ရှိလွှတ်တော်ထက်ပိုပြီး ပြည်သူပြည်သားကို ကိုယ်စားပြုသလို ဖြစ်နေပါတယ်။

ကိုလိုနီအစိုးရရဲ့  ၁၉၃၅ အခြေခံဥပဒေနဲ့ စစ်အစိုးရပြဌာန်းတဲ့ ၂၀၀၈ အခြေခံဥပဒေကို တိုင်းသူပြည်သားတွေ လက်ခံကျင့်သုံးရပါတယ်။ ကွာခြားချက်ကတော့ အင်္ဂလိပ်နေရာမှာ စစ်ဗိုလ်တွေရောက်လာပြီး နိုင်ငံခြားထွက်ခွါတဲ့ မြန်မာပြည်သားတွေ များပြားလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွန်ခဲ့တဲ့ ဇူလိုင်က ဖွဲ့စည်းပါတယ်။ အကြံပြုလွှာတွေ လက်ခံပြီးဖြစ်လို့ ကော်မတီရဲ့  အစီရင်ခံစာကို မကြာမီကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြပါလိမ့်မယ်။

အခြေခံဥပဒေ လေ့လာရေး (၁၀၉) ဦး ကော်မတီကို ပေးပို့တဲ့ အကြံပြုချက်တွေထဲမှာ တိုင်းရင်းသားတန်းတူညီတူဖြစ်ရေးနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်လိုသူကများပြီး၊ သမ္မတအရည်အချင်းနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်ကိုတော့ ပြင်ဆင်လိုသူ နည်းပါးကြောင်း သိရပါတယ်။ မိမိရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်း၊ သားသမီး (သို့မဟုတ်) သားသမီးရဲ့  ဇနီး (သို့မဟုတ်) ခင်ပွန်းဟာ နိုင်ငံခြားသားဖြစ်နေရင် သမ္မတလုပ်ခွင့်မရှိလို့ (၂၀၀၈) အခြေခံဥပဒေက ပြဌာန်းပါတယ်။ ဒီပြဌာန်းချက်ဟာ ဗြိတိန်နိုင်ငံသား သားနှစ်ယောက်ရဲ့  မိခင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် ပိတ်ပင်ထားတာလို့ ယူဆကြပါတယ်။ သမ္မတအရည်အချင်း ပြင်ဆင်ရေးကို လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ထောက်ခံပေမယ့် ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်ထဲမှာ ကန့်ကွက်သူတွေ ရှိပါတယ်။

၁၉၄၇ အခြေခံဥပဒေကိုကြည့်ပြီး သမ္မတအရည်အချင်း ပြဌာန်းတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ၁၉၄၇ အခြေခံဥပဒေ အခန်း (၅) ပုဒ်မ (၄၉) မှာ သမ္မတဟာ မြန်မာပြည်မှာ မွေးဖွားသူဖြစ်ရမယ်၊ သမ္မတရဲ့  မိဘကလည်း မြန်မာပြည်မှာမွေးတဲ့ မြန်မာနိုင်ငံသား ဖြစ်ရမယ်၊ ပါလီမန်အမတ်ဖြစ်နိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်လို့သာ သတ်မှတ်ထားပါတယ်။ ဒီအတိုင်းဆိုရင် လွှတ်တော်အမတ်ဖြစ်တဲ့ ဒေါ်စုဟာ သမ္မတမဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ အခြေခံဥပဒေကန့်သတ်ချက်ကို အလွယ်တကူ ကျော်လွှားနိုင်အောင် ဗြိတိန်နိုင်ငံသား သားနှစ်ယောက်ကို သားအဖြစ်က တရားဝင်စွန့်လွှတ်ဖို့ ဗြိတိသျှသံတမန်ဟောင်း Derek Tonkin က အကြံပေးထားပါတယ်။ စင်္ကာပူသူနဲ့ လက်ထပ်တဲ့ သားဖြစ်သူကို ဗိုလ်ချုပ်ခင်ညွှန့်က ၁၉၉၈ မှာ သားအဖြစ်က တရားဝင်စွန့်လွှတ်တာကို ဥပမာ ပေးထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရာမှာ အစွန်းရောက်တာမျိုးနဲ့ ဆန္ဒစောတာမျိုးကို ရှောင်ရှားပြီး လက်ရှိနိုင်ငံရေးအခြေအနေက ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားတွက်ချက်ပြီးမှ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်သင့်ကြောင်း လစဉ်ထုတ်လွှင့်တဲ့ ရေဒီယိုမိန့်ခွန်းမှာ နိုဝင်ဘာလ (၁) ရက်နေ့က ဦးသိန်းစိန် ပြောသွားပါတယ်။ ဦးရွှေမန်းကတော့ အခြေခံဥပဒေပြင်ဆင်ရာမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး နဲ့ ဒီမိုကရေစီ ပြုပြင်ရေးကို မထိခိုက်ဖို့ အောက်တိုဘာ (၂၄) ရက်နေ့မှာ သတင်းမီဒီယာကို ရှင်းပြပါတယ်။ အခြေခံဥပဒေပြင်ဆင်တဲ့အခါမှာ အစိုးရ၊ ပြည်ခိုင်းဖြိုးပါတီနဲ့ လုပ်ဖော်ကိုင်ဖက် အခြားနိုင်ငံရေးပါတီတွေ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လွန်ခဲ့တဲ့အပတ်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ဦးရွှေမန်းက ပြောတယ်လို့ ကြားသိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ အများဆုံး စည်းရုံးလှုံဆော်တဲ့ပါတီဟာ NLD ဖြစ်ပါတယ်။ လူထုစည်းဝေးပွဲတွေ၊ ဟောပြောပွဲတွေလုပ်ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ တောင်းဆိုကြပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ NLD ပါတီရဲ့  ပထမဦးစားပေး လုပ်ငန်းဖြစ်နေပါတယ်။ ဒါပေမဲ့ ခေါင်းဆောင် (၄) ဦး တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာ (၃၅) ရက်နေ့မှာ NLD က တင်ပြတာကို အချိန်မကျသေးဘူးလို့ သမ္မတရုံး က ဆိုပါတယ်။ NLD ဟာ နိုင်ငံရေးပါတီတခုသာ ဖြစ်တဲ့အတွက် အခုလို တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အခြားနိုင်ငံရေးပါတီတွေက အထင်လွဲနိုင်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး က ဆိုပါတယ်။

အခုတလော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာပြောတဲ့ မိန့်ခွန်းတွေမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အမြဲတမ်းပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ရဲ့  ပြုပြင်ရေးကို နိုင်ငံခြားက ထောက်ခံနေတာရယ်၊ နိုင်ငံခြားမှာ ဒေါ်စုရဲ့  သြဇာအရှိန်အဝါ ကျဆင်းလာတာရယ်ကြောင့် အခြေခံဥပဒေပြင်ဆင်ဖို့ နိုင်ငံခြားထောက်ခံမှုကို ရယူနေတာဟာ အကျိုးမရှိဘူးလို့ ဗမာစစ်တပ်အကြောင်း စာအုပ်ရေးထားသူ Andrew Selth က ဆိုပါတယ်။ တဖက်က စစ်ဗိုလ်တွေကို စည်းရုံးသိမ်းသွင်းပြီး တဖက်က နိုင်ငံခြား ထောက်ခံမှုရယူနေတဲ့  ဒေါ်စုရဲ့  အပြုအမှုဟာ မိမိရည်ရွယ်ချက်ကို အချည်းအနှီးဖြစ်စေတယ်လို့ သုံးသပ်ထားပါတယ်ခင်ဗျာ။
XS
SM
MD
LG