ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းထားတဲ့ ဆွေးနွေးခန်း ဒုတိယပိုင်းကို ဆက်လက်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား မြန်မာနိုင်ငံမှာ ဒီတာဝန်ကို စတင် ထမ်းဆောင်ရတာ ၂၀၀၈ က,ဆိုတော့ အဲဒီထဲကစပြီးတော့ အခုနောက်ဆုံးရောက်ခဲ့တဲ့အချိန်အထိ ဒီကြားမှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေ ယေဘုယျအားဖြင့် ဘယ်လောက် တိုးတက်ပြောင်းလဲလာပြီလဲဆိုတာ နည်းနည်းအကျဉ်းရုံးလေး ရှင်းပြပေးပါ။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား မြန်မာနိုင်ငံမှာ ဒီတာဝန်ကို စတင် ထမ်းဆောင်ရတာ ၂၀၀၈ က,ဆိုတော့ အဲဒီထဲကစပြီးတော့ အခုနောက်ဆုံးရောက်ခဲ့တဲ့အချိန်အထိ ဒီကြားမှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေ ယေဘုယျအားဖြင့် ဘယ်လောက် တိုးတက်ပြောင်းလဲလာပြီလဲဆိုတာ နည်းနည်းအကျဉ်းရုံးလေး ရှင်းပြပေးပါ။
ကင်တားနား ။ ။ အခုအခါမှာ အရပ်သားအစိုးရ ရှိနေပါပြီ။ ဒီ အရပ်သားအစိုးရဟာ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ တက်လာတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတို့၊ ဆန္ဒပြစုဝေးခွင့်အတွက် အလားအလာရှိလာဖို့ စတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ ရှေ့ တိုးပြီးတော့ ဆောင်ရွက်နေပါတယ်။ တကယ့် ဒီမိုကရေစီ ပြည့်ဝတဲ့အဆင့် ရောက်ဖို့တော့ အချိန်ယူရအုံးမှာပါ။ တခြားတဖတ်မှာလည်း ဆန္ဒပြလို့ အဖမ်းခံရတာတွေ၊ နောက် မီဒီယာလွတ်လပ်ခွင့်ကို ထိပါးစေမယ့် ဥပဒေကြမ်းတခု ရှိနေတာ။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်လိုတဲ့ ဥပဒေကြမ်းတခု ရှိနေတာကိုလည်း ကျနော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။ ကျနော့်တာဝန်ကတော့ မြန်မာနိုင်ငံအနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင်လို့ လိုအပ်တာတွေကို အလေးထားထောက်ပြဖို့ ဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တရားဝင်သဘောတူညီမှုတွေ ရရှိဖို့လည်း ပါဝင်ပါတယ်။ ပြည်တွင်းပဋိပက္ခဒဏ်ကို ခံစားလာရတဲ့ တိုင်းရင်းသားအောက်ခြေလူတန်းစားတွေအားလုံး လူမှု့အသိုင်းအဝိုင်း တိုးတက်မှုဖြစ်စဉ်မှာ ပါဝင်လာမှလည်း အခြေခံခိုင်မာပြီးတော့ လမ်းကြောင်းမှန်ကို ချီတက်နိုင်မှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခကင်တားနားတို့ရဲ့  အာဂျင်းတီးနားနိုင်ငံမှာလည်း တချိန်တုန်းက စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်လာခဲ့ရတာပဲ ဖြစ်ပါတယ်ဆိုတော့။ အဲဒီ အတိတ်ကာလက ခါးသီးတဲ့ဖြစ်ရပ်တွေကို ဘယ်လို ချုပ်ငြိမ်စေခဲ့သလဲဆိုတာကို နည်းနည်းရှင်းပြပါလား။
ကင်တားနား ။ ။ သိပ်မမကြာခင်ကပဲ မြန်မာနိုင်ငံမှာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်တွေလုပ်တာ တွေ့ရပြီးတော့ ကျနော်ဟာ အကောင်းမြင်ပြီးတော့ တကယ့်အောင်မြင်မှု ရလာလိမ့်မယ်လို့ ယုံကြည်ခဲ့ရပါတယ်။ ဒီမိုကရေစီအတွက် နှစ်ရှည်လများ ရုန်းကန်လှုပ်ရှားလာခဲ့ရသူတွေဟာ အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြောင်းကြည့်ရမှာပါ။ မြန်မာနိုင်ငံရဲ့  အတိတ်ဖြစ်ရပ်တွေဟာ အမြဲတမ်း ပြန်ပြန်ပေါ်လာမှာပါ။ မေ့ဖျောက်လို့ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ခွင့်လွှတ်ခြင်းက သိပ်အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာ အလိုအရလည်း သိပ်အရေးကြီးတယ်ဆိုတာ ကျနော် နားလည်းပါတယ်။ ဒီနေရာမှာ လူထုအနေနဲ့လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ အနာကျပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ၈၈ အထိမ်းအမှတ်လုပ်ရပ်မျိုး ဆက်လုပ်သွားဖို့ ကျနော် အားပေးတိုက်တွန်းလိုပါတယ်။ ကျနော်တို့ အာဂျင်းတီးနား အတွေ့အကြုံအရလည်း အတိတ်ကိုပြည်ကြည့်ပြီး သင်ယူရပါတယ်။ ရှေ့ တိုးမယ့်လမ်းအတွက် ခိုင်မာအောင်၊ ပြတ်သားအောင် လုပ်ရပြီးမှ နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့ကြတာပါ။ ဒါဟာ အာဂျင်းတီးနားက ရယူနိုင်တဲ့ သင်ခန်းစာပါ။ ကျနော်ဟာ ရှစ်လေးလုံးကာလအတွင်းက သေဆုံးခဲ့တဲ့ ကျောင်းသူလေး ဝင်းမော်ဦးရဲ့  မိဘတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့ဟာ သာမန်လူတွေပါ။ ဒါပေမဲ့ သူတို့သမီးလေးဟာ ဒီမိုကရေစီအတွက် ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ရပ်တည်သွားတဲဆိုတာ ပြောတဲ့နေရာမှာတော့ အာမာန်အပြည့်နဲ့ တက်တက်ကြွကြွ ရှိကြပါတယ်။ ဒီလိုပဲ အတိတ်ဖြစ်ရပ်ကို ပြန်ပြောရ၊ သုံးသပ်ကြရပါလိမ့်မယ်။ ကြောက်နေစရာ၊ ရှက်နေစရာ မလိုပါဘူး။ ဒါတွေဟာ ပြည်သူတွေရဲ့  ဘဝအစိတ်အပိုင်းတခု ဖြစ်သလိုပဲ၊ နိုင်ငံရဲ့  သမိုင်းလည်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မစ္စတာကင်တားနား ခင်မျာ … အဲဒီလို ရက်စက်မှုကို ကျူးလွန်ခဲ့ကြတဲ့ သူတွေက သူတို့ နှောင်တရကြလို့လား။ ဒီကိစ္စမှာ။
ကင်တားနား ။ ။ ပြစ်မှုကျူးလွန်သူတွေကို တချိန်ချိန်မှာ ဖော်ထုတ်ရမှာပါ။ ဒါဟာ ဒီဖြစ်စဉ် ဘယ်အထိ ရောက်နေပြီလဲဆိုတာ နိုင်ငံရေးအင်အားစုတွေရဲ့  အခြေအနေပေါ် မူတည်ပြီးတော့ တချိန်ချိန်မှာတော့ ဖြစ်ပေါ်လာမှာပါ။ ဒါပေမဲ့ အရေးကြီးတာက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အရင်ပြောကြရမှာပါ။ ထိမ်ချန်ထားလို့ မရပါဘူး။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ ကို တိုးဖို့အတွက် အဓိက စိန်ခေါ်နေတဲ့ အဟန့်အတားက ဘာလို့ ထင်ပါသလဲ။
ကင်တားနား ။ ။ အခု အရပ်သားအစိုးရလက်ထက်မှာ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေကို နေရာတကာ ပါဝင်ခွင့်ပြုလာတာ အပါအဝင် ပွင့်လင်းမှုတွေ အများကြီးတွေ့လာရပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့ အလားအလာပါ။ ဒါကို ဆက်လုပ်သွားရမှာပါ။ ဒီနေရာမှာ ကျနော့်ရဲ့  စိုးရိမ်မှုကတော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့  လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းမှာ လွှတ်တော် အခုရောက်နေပါတယ်။ ဒီ ဥပဒေကြမ်းဟာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားမှု၊ ဖွဲ့စည်းမှုတွေကို ကန့်သတ်မယ့်သဘော တွေ့နေရပါတယ်။ အစိုးရအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့  သဘောထားကို နားထောင်သင့်ပါတယ်။ သူတို့ကို အလေးထားပြီးတော့ အားပေးဖို့ လိုပါတယ်။ ဒီ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့အရေးကို မှတ်ပုံတင်ရမယ်ဆိုပြီးတော့ မကန့်သတ်သင့်ဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေး အခြေခံတဲ့ လူမှုရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ မစ္စတာကင်တားနား ဘယ်လိုသဘောရပါသလဲ။ တချို့ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့  ဟောပြောနေတဲ့ တရားတွေဟာ အမုန်းတရားတွေ ဖြစ်တယ်လို့လည်း ဆိုနေကြပါတယ်။ မစ္စတာကင်တားနားရဲ့  သဘောထားကိုလည်း သိပါရစေ။ ဒီကိစ္စမှာ မစ္စတာကင်တားနား က ဒီဟောပြောနေတဲ့ တရားတွေဟာ အမုန်းတရားတွေဖြစ်တယ်ဆိုတာကို သဘောတူပါသလား။
ကင်တားနား ။ ။ ပထမဦးဆုံးက ဘာသာရေးအသိုင်းအဝိုင်း၊ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတချို့ ရဲ့  အမြင်တွေ၊ ခံစားချက်တွေကို ကျနော်တို့ နားလည်းသဘောပေါက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတချို့ ဟာ ကျန်ဘာသာရေး အသိုင်းအဝိုင်းတွေ ကြီးထွားလာတာကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ဒါကို ထည့်သွင်းစဉ်းစားကြရမှာပါ။ ကျနော်တို့ နားထောင်ဖို့ လိုအပ်ပါတယ်။ ပြဿနာက ဒီသဘောထား ခံစားချက်တွေဟာ ကျန်ဘာသာဝင်တွေကို ဆန့်ကျင်မုန်းတီးအောင် လှုံဆော်မှုတွေ ဖြစ်လာတဲ့အခါမှာ အကြမ်းဖက်မှုတွေအထိ ဖြစ်ပွါးလာခြင်းပါ။ အဲဒီအခါမှာ သာမန်ပြည်သူတွေဟာ အကြမ်းဖက်မှုဒဏ်ကို ခံကြရပါတယ်။ ဗုဒ္ဓဘာသာဝင် သာမန်ပြည်သူတွေ၊ မူစလင်သာမန်ပြည်သူတွေပါ ခံစားကြရတာပါ။ ဒီအချက်ဟာ သိပ်အရေးကြီးတဲ့ အချက်ပါ။ အလားအလာကောင်းမွန် တိုးတက်မှုရှိတဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတချို့ ကို ကျနော် မြန်မာနိုင်ငံမှာ တွေ့ခဲ့ရပါတယ်။ စိုးရိမ်ဖွယ် ရှိသေးတယ်လို့ ဆိုရမယ့် အသိုင်းအဝိုင်းတချို့ လည်း တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီကြားကာလကို ဘယ်လိုဖြတ်ကျော်နိုင်မလဲဆိုတာဟာ စိမ်ခေါ်မှုတရပ်ပါ။ တဖက်နဲ့တဖက် ပဋိပက္ခကို ရှောင်လွှဲပြီး ဘယ်လိုပြေလည်အောင် ဆောင်ရွက်မလဲဆိုတာ စိမ်ခေါ်မှုပါ။
ဦးကျော်ဇံသာ ။ ။ ဒါ့အပြင် အဲဒီလို ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတချို့ က ဦးဆောင်ပြီးတော့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ မူစလင်ဘာသာဝင်တွေနဲ့ လက်ထပ်ထိမ်းမြားရေးကိစ္စကို ကန့်သတ်တဲ့ ဥပဒေကြမ်းတခု လွှတ်တော်မှာ တင်သွင်းဖို့ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။ ဒီဟာကို ထောက်ခံမယ့်လူတွေရဲ့  လက်မှတ်ကို စုဆောင်နေတာလည်း လက်မှတ်ပေါင်း နှစ်သန်းကျော် ရပြီလို့ ဆိုကြပါတယ်။ တချို့ ကလည်း ဒီ ဥပဒေမျိုးကို ကန့်ကွက်သင့်တယ်လို့ ပြောနေကြပါတယ်။ မစ္စတာကင်တားနားက ဒီကိစ္စကို ကန့်ကွက်လိုပါသလား။
ကင်တားနား ။ ။ ဘာသာတရားတိုင်းဟာ သူတို့ရဲ့  မူဝါဒကို သူတို့ဘာသာ ချမှတ်ပိုင်ခွင့်ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက သူတို့အမျိုးသမီးတွေ ဘာသာခြားကို လက်မထပ် စေချင်ဘူးဆိုရင်လည်း ဒါ သူတို့ရဲ့  ဆန္ဒပါ။ သူတို့သဘောနဲ့ သူတို့ပါ။ ကျနော်တို့က လေးစားရမှာပါ။ ဒီနေရာမှာ လူ့အခွင့်အရေး သံတမန်တယောက်အနေနဲ့ ကျနော် စိုးရိမ်တာကတော့ ဒီလိုမျိုး မူဝါဒမျိုးကို အစိုးရက လိုက်နာကျင့်သုံးနေသလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ရှုထောင့်က မေးရမယ့် မေးခွန်းကတော့ ဖွဲ့စည်းပုံဥပဒေနဲ့လည်း ပတ်သက်နေပါတယ်။ ဒီကိစ္စမျိုး ပါလီမန်မှာ ဆွေးနွေးကြတဲ့အခါ အစိုးရက ဘယ်လောက် ပါဝင်ချယ်လှယ်သလဲဆိုတာပါ။ ဘာသာခြားကို လက်မထပ်ရဘူးဆိုတာ ဘာသာရေးအုပ်စုတခုစီနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတရပ်လုံးနဲ့ ပတ်သက်လာတဲ့အခါမှာတော့ အခြေအနေက နောက်တမျိုးပါ။ အစိုးရရဲ့  ပယောဂ မပါစေသင့်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူအများစုရဲ့ ဆန္ဒနဲ့အညီ ပါလီမန်က ဆုံးဖြတ်တယ်ဆိုရင်တော့ ဘာမှ ပြောစရာမရှိဘူးဆိုတဲ့ သဘောပေါ့။
ကင်တားနား ။ ။ မှန်ပါတယ်။ ပါလီမန်ဆိုတာ လူထုသဘောဆန္ဒကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ ဒီလူထုသဘောထားက ဖွဲ့စည်းပုံဥပဒေကိုတော့ မကျော်လွှာသင့်ပါဘူး။ ဖွဲ့စည်းပုံဆိုတာ မြန်မာပြည်ကို ဘယ်လို ဖွဲ့စည်းတည်ထောင်မယ်ဆိုတာ ဗဟိုပြုထားတဲ့ ပင်မ ဥပဒေပါ။ ဒါကြောင့် တဖတ်မှာတော့ ပါလီမန်က ခင်များ ပြောသလို လူထုဆန္ဒကို ကိုယ်စားပြုပါတယ်။ လူထုရဲ့ ဆန္ဒကို ဥပဒေဖြစ် ပေးဖေါ်ရပါတယ်။ ဒီနေရာမှာ ခင်များ ပြောတာမှန်ပါတယ်။ ဒါပေမဲ့ တခြားတဖက်မှာတော့ ပါလီမန်က ပြဌာန်းတဲ့ ဥပဒေတိုင်းဟာ အခြေခံဥပဒေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဖွဲ့စည်းပုံနဲ့ တလွှဲတခြားဆီ ဖြစ်သွားပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကိုယ်၌က အငြင်းပွားစရာ controversial ဖြစ်မနေဘူးလား။
ကင်တားနား ။ ။ ခင်များပြောတာ မှန်ပါတယ်။ ဒီ ဖွဲ့စည်းပုံကို လက်မခံတဲ့ လူတစ်စု ရှိပါတယ်။ ဒါဟာ ၂၀၀၈ မှာ ဆန္ဒခံယူပွဲနဲ့ အတည်ပြုပေးခဲ့ပါတယ်။ ကျနော် အဲဒီတုန်းက ဒီတာဝန်ယူထားပြီးပါပြီ။ ကျနော့်အမြင်အရ ဒီဆန္ဒ ခံယူပွဲက လွတ်လပ်မှု၊ တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ ပိုပြီးတော့ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အဲဒီ ခင်များပြောတဲ့ အငြင်းပွားမှု ဖြစ်နေတဲ့ အစိတ်အပိုင်းက ဒီဘာသာရေး ပြဿနာနဲ့ အဆက်အစပ်မရှိပါဘူး။ နိုင်ငံသား မည်သူမဆို သမ္မတ ဖြစ်နိုင်သလား။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ကန့်သတ်ထားသလား။ စစ်တပ်ရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ပြဌာန်းချက် စတဲ့ ပြဿနာတွေသာ ဖြစ်ပါတယ်။ ဘာသာရေးကိစ္စနဲ့တော့ ဘာမှမဆိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အခုတကြိမ် မစ္စတာကင်တားနား မြန်မာနိုင်ငံကိုရောက်တော့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ဆိုတာကိုရော သီးခြားလွတ်လပ်မှုရှိတဲ့ အဖွဲ့အစည်းတခုအဖြစ် ပီပီပြင်ပြင် ပေါ်နေပြီလား။ သို့တည်းမဟုတ် အစိုးရသြဇာလက်အောက်မှာပဲ ရှိနေသေးလား။
ကင်တားနား ။ ။ အစိုးရရဲ့  သြဇာလွှမ်းမိုးလက်အောက်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေကိုယ်၌က သူတို့ဟာ ဖွဲ့စည်းပုံအရ လွတ်လပ်တဲ့အဖွဲ့အစည်း မဟုတ်သေးဘူးဆိုတာကို အသိအမှတ်ပြုပြီ ဖြစ်ပါတယ်။ ပိုပြီးတော့ လွတ်လပ်တဲ့အဖွဲ့တခု ဖြစ်လာအောင် ဥပဒေတရပ် အဆိုပြုဖို့ ပြင်ဆင်ကြမယ်လို့လည်း ဆိုပါတယ်။ ဒီအဆင့်မှာပဲ သူတို့ ဆောင်ရွက်နေကြတာ အများကြီး ရှိနေပါတယ်။ ကျနော်တို့ အားပေးသင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ မစ္စတာကင်တားနား မြန်မာနိုင်ငံကို ဘယ်တော့ ပြန်သွားအုံးမလဲ။
ကင်တားနား ။ ။ ၂၀၁၄ ဖေဖေါ်ဝါရီလလောက်မှာ ပြန်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါဟာ ကျနော့်ရဲ့  နောက်ဆုံးခရီး ဖြစ်ပါလိမ့်မယ်။ မတ်လကျရင် ဂျီနီးဗားနဲ့ ကုလသမဂ္ဂတို့ကို သွားပြီးတော့ နောက်ဆုံး အစီရင်ခံစာ တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ခြောက်နှစ်ကြာ တာဝန်ယူပြီးတော့ တင်သွင်းရမယ့် နောက်ဆုံး အစီရင်ခံစာပါ။
ဦးကျော်ဇံသာ ။ ။ ဒီအပြင် ထပ်ပြီးတော့ နောက်ထပ်သက်တမ်း မတိုးတော့ဘူးလား။
ကင်တားနား ။ ။ မတိုးတော့ပါဘူး။ တနှစ်တကြိမ် သက်တမ်းတိုးလာတာ ခြောက်ကြိမ်ပဲ တိုးခွင့်ရှိပါတယ်။