သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာစစ်အစိုးရ၊ ကချင် နဲ့ တရုတ်


ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၊ ဗမာအစိုးရနဲ့ တရုတ်ကုမ္မဏီတွေ အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်လာတဲ့အတွက် စစ်ပြန်ပြီး ဖြစ်ရပုံကို ဦးအောင်ခင်နဲ့ ဒေါ်ခင်စိုးဝင်းတို့က သုံးသပ်တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ ဗမာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီလထဲမှာ ကျင်းပဖို့ အစိုးရဖက်က ကမ်းလှမ်းထားတာကို ကေအိုင်အို က အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ ၂၀၁၁ ဇွန်လမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးကတည်းက ၂၀၁၁ နိုဝင်ဘာလမှာတကြိမ်၊ ၂၀၁၂ မှာ သုံးကြိမ် ရွှေလီမှာ ဆွေးနွေးခဲ့ကြပေမယ့် အချည်းအနှီးဖြစ်ပြီး တိုက်ပွဲတွေသာ ပိုမိုပြင်းထန်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတွေ အရှိန်လျှော့သွားမှသာ ပြန်လည်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

နှစ်ဆန်း (၁) ရက်နေ့ကတော့ ကချင်ငြိမ်းချမ်းရေး ဆုတောင်ပွဲ ရန်ကုန်မှာ ကျင်းပပါတယ်။ ဗမာစစ်အစိုးရတပ်၊ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့၊ မြန်မာ နဲ့ တရုတ် လုပ်ငန်းရှင်တွေ ၁၇ နှစ်လောက် စီးပွားရှာလာတဲ့ ကချင်ပြည်နယ်မှာ စစ်ပြန်ဖြစ်နေတာ တစ်နှစ်ခွဲ ရှိပါပြီ။ အရပ်သားတပိုင်း အစိုးရဖွဲ့ပြီး သုံးလအကြာမှာ တိုက်ခိုက်ကြတဲ့အတွက် ဦးသိန်းစိန်အစိုးရဟာ စစ်တပ်ကို မထိန်းချုပ်နိုင်ကြဘူးလို့ ဝေဖန်ကြသလို၊ တရုတ်မှာလည်း တာဝန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဗမာစစ်အစိုးရနဲ့ ကေအိုင်အို အပစ်အခတ် ရပ်စဲနိုင်တာဟာ တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်တယ်လို့လည်း မြင်ကြပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်အရေးဟာ မြန်မာ့ပြည်တွင်းရေးဖြစ်လို့ တရုတ်နဲ့ မဆိုင်ဘူးလို့ မပြောနိုင်ပါဘူး။ တရုတ်နဲ့အတူ စီးပွားရှာတဲ့နေရာမှာ ဗမာစစ်အုပ်စုနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြိုင်ဘက်လို့ ဖြစ်လာတာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲကတည်းက ဖြစ်ပါတယ်။ ဖားကန့်ကျောက်စိမ်းမြေကို အစိုးရတပ် ချုပ်ကိုင်လာတဲ့အတွက် ကေအိုင်အိုဟာ ရန်ပုံငွေ ရဖို့ တရုတ်ကုမ္မဏီတွေကို သစ်ထုတ်ယူခွင့်၊ မိုင်းတူးယူခွင့် နဲ့ ရေအားလျှပ်စစ်တည်ဆောက်ခွင့် ပေးနေရပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်ဆီးတဲ့အခါ ပြည်သူလူထု ငြိုငြင်တာကို ခံရပါတယ်။ တရုတ်နဲ့ စစ်အစိုးရ ပူးပေါင်းဆောင်ရွက်တာတွေ များလာလာလေ မိမိထိန်းချုပ်ရာဒေသမှာ အစိုးရတပ်ဖွဲ့ အုပ်ချုပ်ခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးလာလေလေ ဖြစ်လာပါတယ်။ ကချင်အကျိုးစီးပွားကို လစ်လှူရှုလာတဲ့အတွက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပုံ ရပါတယ်။

ကချင်တိုင်းရင်းသားအားလုံး ဆန့်ကျင်တဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဗမာစစ်အစိုးရနဲ့ တရုတ်က အတင်းအကျပ် အကောင်အထည်ဖော်တာဟာ မဟာအမှားကြီးဖြစ်တယ်လို့ ချင်ဟွာတက္ကသိုလ်က သမိုင်းပါမောက္ခ ကျင်ဟွီ က မြင်ပါတယ်။ ကေအိုင်အို ကချင်အဖွဲ့ဟာ ရေအားလျှပ်စစ်လုပ်ငန်းကို ဆန့်ကျင်တာ မဟုတ်ဘဲ၊ မြစ်ဆုံဆည်ကိုသာ ဆန့်ကျင်တာလို့ ဆိုပါတယ်။ ဥပမာ တာဘိန်ရေအားလျှပ်စစ်ကို ကေအိုင်အို သဘောတူချက်နဲ့ တရုတ်ကုမ္မဏီက တည်ဆောက်ပါတယ်။ ဒီလုပ်ငန်းကို ဗမာစစ်တပ်က ဝင်ရောက်ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ စစ်ဖြစ်ရပါတယ်။ စစ်အစိုးရခေတ်မှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍများပြားလာတာမို့ မြန်မာ့ပြည်တွင်းရေးဟာ တရုတ်စီးပွားရေးနဲ့ ဆက်စပ်နေပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဟာ ကေအိုင်အိုအဖွဲ့ ဗမာစစ်တပ်နဲ့ တရုတ်အစိုးရတို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးပေါ်မှာ မူတည်နေပါတယ်။

ကချင်လူမျိုးတွေ အထွန့်အမြတ်ထားတဲ့ မြစ်ဆုံဒေသမှာ ရေကာတာ တည်ဆောက်တာဟာ အသိဉာဏ် မရှိတဲ့ အကြံအစည်းဖြစ်တယ်လို့ Mandalay Confucius Institute ခေါ် တရုတ်ယဉ်ကျေးမှု့ဌာနက လီကျူကျင်က ဆိုပါတယ်။ မြစ်ဆုံဟာ ကချင်အမျိုးသားလက္ခဏာအသွင် ဆောင်နေတာကြောင့် တရုတ်နဲ့ စစ်အစိုးရ အပြုအမှုကို ကချင်အားလုံး ဆန့်ကျင်ကြတာဖြစ်တယ်လို့ ပါမောက္ခ ကျင်ဟွိ က သုံးသပ်ပါတယ်။ တရုတ်နဲ့ စစ်အုပ်စု ကြိတ်ဝိုင်းလုပ်၊ အမြတ်ထုတ်တာဟာ ကေအိုင်အိုအတွက် လက်မခံနိုင်စရာ ဖြစ်လာပါတယ်။

လောဘကြီးလွန်းတဲ့အတွက် ကချင်အရေးကို အလေးမထားသလို ဖြစ်သွားပါတယ်။ သံယဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကို ထိုက်ထိုက်တန်တန် နေရာမပေးခဲ့ရင် ငြိမ်းချမ်းရေးရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကချင်အရေးကို နိုင်ငံရေးအရ အလေးအနက် ဆွေးနွေးဖို့ လိုပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်အစိုးရက မှတ်ပုံတင်ခွင့် မပေးဘဲ ကေအန်အေကို နယ်ခြားစောင့်တပ် လုပ်ခိုင်းဖို့သာ အာရုံစိုက်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် မလုပ်နိုင်တဲ့ ကေအိုင်အိုကို ရွေးကောက်ပွဲပြီးရင် အပြုတ်တိုက်မယ့်အကြောင်း အဲဒီတုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန် က ၂၀၁၀ စက်တင်ဘာလဆန်းမှာ မြစ်ကြီးနားမှာ ပြောကြောင်း ကေအန်ဂျီ ကချင်သတင်းဌာနက မှတ်တမ်းတင်ထားပါတယ်။

၂၀၁၁ မှာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ ဇွန်လ (၉) ရက်နေ့မှာ စစ်ပြန်ဖြစ်ပါတယ်။ အစိုးရသစ် သက်တမ်း (၁) နှစ်ပြည့်တော့ တဖက်နဲ့တဖက် အမြင်မှား၊ အထင်မှား လွှဲမှားခဲ့တာတွေကို သူ့လက်ထက်မှာ အဆုံးသတ်ဖို့ လိုကြောင်း ဗမာဟာ တိုင်းရင်းသားလူမျိုးတစ်ခုသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ နိဂုံးချုပ်ရေးဟာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြောပြန်ပါတယ်။

ပြည်နယ်ပြည်ထောင်စု လွှတ်တော်အဆင့် (၃) ဆင့်မှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပထမဆုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကေအိုင်အိုဟာ (၁၇) နှစ် နေခဲ့ပြီ ဖြစ်ပါတယ်။
XS
SM
MD
LG