သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးနေတဲ့ တောင် တက်သမားများ နောက်ဆုံး အခြေအနေ


ခါကာဘိုရာဇီတောင် (စက်တင်ဘာ ၁၃၊ ၂၀၁၄။ ဓါတ်ပုံ - ထူးဖောင်ဒေရှင်း FB)
ခါကာဘိုရာဇီတောင် (စက်တင်ဘာ ၁၃၊ ၂၀၁၄။ ဓါတ်ပုံ - ထူးဖောင်ဒေရှင်း FB)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံတကာ တောင်တက်သမားတချို့တောင် လက်မြှောက်ထားရတဲ့ ခါကာဘိုရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်သမား နှစ်ဦး ပျောက်ဆုံးနေတာ သတင်းနှစ်ပတ်ကျော် ကြာမြင့်ခဲ့ပါပြီ။ နိုင်ငံဂုဏ်ဆောင် တောင်တက်သမား နှစ်ဦး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဘယ်လောက်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြပါသလဲ။ အန္တရာယ်များပြားလှတဲ့ ဒီ အားကစားအတွက် လုံခြုံစိတ်ချရမှုအတွက် ဘယ်လောက် ကြိုတင်ပြင်ဆင်ခဲ့ကြသလဲဆိုတာကို ဦးကျော်ဇံသာ က ရန်ကုန်တက္ကသိုလ် ခြေလျှင်တောင်တက်အသင်း အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးထွန်းလှအောင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးထွန်းလှအောင် ။ ။ အစကတော့ နည်းနည်းမှန်းလို့ မရဘူးပေါ့။ နည်းနည်းတော့ စိုးရိမ်ရတယ်။ ရက်ကကြာလာတဲ့အတွက်။ သူတို့ တစုံတရာဖြစ်တဲ့အချိန်မှာ သူတို့ရဲ့ device တွေနဲ့ အတူတူရှိနေတယ်ဆိုရင်တော့ Survival လုပ်နိုင်ဖို့ လူရဲ့ ဇွဲလေးပေါ် မျှော်မှန်းပြီးတော့ လုပ်နိုင်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ device တွေနဲ့ တခြားဆီ တစုံတရာဖြစ်ခဲ့ရင်တော့ မလွယ်တော့ဘူးပေါ့။ ဒါကလဲ အကြမ်းမျဉ်းပြောရတာပါ။ ကျနော်တို့ကလည်း ကိုယ့်လူကိုယ်ဆိုတော့ မျှော်လင့်ချက်လေးတော့ ထားတော့ထားနေရသေးတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ ရိက္ခာကော…။

ဦးထွန်းလှအောင် ။ ။ ရိက္ခာက ဒီခရီးကို တက်ဖို့အတွက် အကြမ်းမျဉ်းတော့ နှစ်ပတ်စာတော့ ပြင်ဆင်ထားတာတော့ ရှိတယ်။ နှစ်ပတ်စာ သွားနိုင်တယ်။

ဦးကျော်ဇံသာ ။ ။ နှစ်ယောက်စလုံးက တောင်တက်သမားတွေလား။ အထမ်းသမား မပါဘူးလား။

ဦးထွန်းလှအောင် ။ ။ တောင်တက်သမားတွေပါ။

ဦးကျော်ဇံသာ ။ ။ အထမ်းသမားတွေက ဘယ် Camp အထိ လိုက်ခဲ့သလဲ။

ဦးထွန်းလှအောင် ။ ။ အထမ်းသမားတွေကတော့ Base camp ကနေ ပေ တစ်သောင်းသုံးထောင်ကျော် အမြင့်အထိတော့ အထမ်းအဖွဲ့ နဲ့ ကျန်တဲ့အဖွဲ့သားတွေ အကုန်လုံးလိုက်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ Base camp ကနေ Final assault အထိ camp ဘယ်နှစ်ခု ဆောက်သွားရပါသလဲ။

ဦးထွန်းလှအောင် ။ ။ Camp ဘယ်နှစ်ခု ဆောက်သွားရသလဲဆိုတော့ ကျနော်တို့ Base camp ကနေ (၂၂) ရက်နေ့မှာ စတက်ပါတယ်။ Base camp (1) ကနေ ပေ တစ်သောင်းငါးထောင်ခုနှစ်ဆိုတဲ့ ပေနှစ်ထောင်အမြင့်ကို တစ်ရက်တည်း တက်ပြီးတော့၊ Based two မှာ သူတို့ စခန်းချပါတယ်။ အဲဒီမှာ အကြမ်းမျဉ်း သိရသလောက်က သူတို့ဆီမှာ Message device တစ်ခု ပါသွားတယ်။ ဆက်သွယ်ရေး GPS Position ပို့ပေးနိုင်တဲ့ Device လေး တစ်ခုပါသွားတယ်။ သူတို့ရဲ့ Position ပို့တဲ့အခါမှာ သူတို့ရောက်ရှိနေတဲ့နေရာကို ခန့်မှန်းခြေနဲ့ သိရတာ။ အဲဒီ တစ်သောင်းငါးထောင်အမြင့်ကနေ နှစ်ရက် Message မပို့ဘူး။ နောက်တစ်ရက် ပို့တဲ့အချိန်မှာ တစ်သောင်ခြောက်ထောင်နဲ့ ခုနှစ်ရာ။ အကြမ်းမျဉ်း ပြောရရင်တော့ Base ကနေ အဲဒီအထိ (၁၀) ရက် ကြာပါတယ်။

ဦးကျော်ဇံသာ ။ ။ (၁၀) ရက်မှာ နေ့တိုင်းတော့ Message မပို့နိုင်ဘူးပေါ့။ အဲဒါ ဘတ္ထရီကြောင့်လား။

ဦးထွန်းလှအောင် ။ ။ မဟုတ်ဘူး။ တခါတလေကြတော့ တက်ရတဲ့ လမ်းကြောင်းအနေအထား အရမ်းခက်ခဲတဲ့အတွက် သူတို့အနေနဲ့ ဒီရက်လောက်မှာ လမ်းကြောင်းရှာတယ်။ သို့မဟုတ် တက်ဖို့နေရာတစ်ခု ကြိုးစားတယ်၊ ပြင်ဆင်တယ်ပေါ့။ အဲဒီမှာ စခန်းထောက်ပြီးတော့ တစ်ရက်တလေ နားတာဆိုတာက အနားယူတာတော့ မဟုတ်ဘူး။ သူတို့ ကြိုးစားပြီးတော့ ဆက်ပြီးတော့ အမြင့်ကို မရောက်နိုင်သေးတဲ့ အနေအထားမျိုးလေးတွေလည်း ရှိတတ်ပါတယ်။


ဦးကျော်ဇံသာ ။ ။ ဆိုတော့ နောက်ဆုံး အဆက်အသွယ်ရခဲ့တာ ဘယ်အချိန်မှာ ရခဲ့ပါသလဲ။

ဦးထွန်းလှအောင် ။ ။ နောက်ဆုံး အဆက်အသွယ် ရခဲ့တာက (၃၁) ရက်နေ့ ညနေ (၄) နာရီခွဲမှာ Message တစ်ခါ ကျနော်တို့ ရပါတယ်။ (၅) နာရီမှာ Message တစ်ခါ ထပ်ရပါတယ်။ ပုံမှန်ကတော့ တစ်ရက်တစ်ခါ Message ပို့တဲ့ အနေအထားမှာ နောက်ဆုံး Message ပို့တဲ့ဟာလည်း ကျနော်တို့ Google က ကြည့်လိုက်တဲ့အခါမှာ Peak ရဲ့ Rrange ထဲမှာ ရောက်နေတဲ့အတွက် တောင်ထိပ်ကို အောင်မြင်စွာ ရောက်ပြီဆိုပြီးတော့ ကျနော်တို့ လက်ခံလိုက်ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးရရှိထားတဲ့ အခြေစိုက်အဖွဲ့နဲ့ တောင်ထိပ်ကို တက်သွားတဲ့ နှစ်ယောက်ကလည်း စကားပြောစက်ပါတယ်။ အခြေစိုက်အဖွဲ့နဲ့ Summit Team နဲ့ တက်နေတဲ့ဟာတွေ သူတို့လည်း အဆက်အသွယ်ရတယ်။ ရတဲ့အချိန်မှာ သူတို့ (၄) နာရီ (၂၀) မှာ တောင်ထိပ်ကို ရောက်ရှိတဲ့အကြောင်း၊ ညနေ (၅) နာရီမှာ တောင်ပေါ်က နှစ်ယောက်နဲ့ တောင်ခြေမှာ ကျန်ခဲ့တဲ့လူတွေ စုပေါင်းပြီး နိုင်ငံတော်သီချင်း အတူတူဆိုကြတဲ့အကြောင်း။ အဲဒီလို အတူတူ ဆိုပြီးတဲ့အခါမှာ တောင်ပေါ်က နှစ်ယောက်က ငါတို့မှာတော့ စကားပြောစက်က ဓါတ်ခဲအားကုန်တော့မယ်။ ဘတ္ထရီ နည်းနေပြီဆိုပြီးတော့ ပြောပြီးနောက်ပိုင်းမှာ အဆက်အသွယ် မရတော့တာ။

ဦးကျော်ဇံသာ ။ ။ သူတို့ တက်သွားတာ အဲဒီဟာက ဘယ်နှစ်ရက်အကြာမှာလဲ။

ဦးထွန်းလှအောင် ။ ။ Camp ကနေ တက်သွားတာ (၁၀) ရက်မြောက်နေ့။ (၂၂) ရက်နေ့ကနေ စတက်သွားတာ (၃၁) ရက်နေ့မှာ တောင်ထိပ်ရောက်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ခန့်မှန်ခြေအရ တောင်ထိပ်ကို တက်တဲ့အခါ ပိုကြာမှာပေါ့။ (၁၀) ရက်ကြာပေမယ့် ဆင်းတဲ့လမ်းက အဲဒီလောက်အထိ ကြာနိုင်သလား။ အဲဒီ မြန်မယ်လို့ ခန့်မှန်းတာပေါ့။

ဦးထွန်းလှအောင် ။ ။ အဆင်းကတော့ ဘာပဲပြောပြော အတက်ထက်တော့ ပိုမြန်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့နဲ့ လုံးဝအဆက်အသွယ်ပြတ်ပြီး ရှာဖွေရေးအတွက် ပြင်ဆင်ရမယ်ဆိုတာ ဘယ်အချိန်မှာ ရှာဖွေရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စလုပ်ပါသလဲ။

ဦးထွန်းလှအောင် ။ ။ ကျနော် သူတို့ဆီက သတင်းအဆက်အသွယ် အတိအကျ ရတာကတော့ သူတို့ တောင်ထိပ်တက်သွားပြီးတဲ့အဖွဲ့ကို တောင်ခြေကအဖွဲ့တွေက စောင့်တယ်။ ပုံမှန်အားဖြင့် လေးရက်ငါးရက် ဆင်းလာနိုင်ရင် ရောက်လာနိုင်တယ်။ စကားပြောစက်ကတော့ ဘတ္ထရီ ကုန်သွားပြီဆိုပြီးတော့ သူတို့က အဲဒီမှာ စောင့်နေပါတယ်။ Base Camp မှာပဲ အခြေပြုပြီး စောင့်နေပါတယ်။ ငါးရက်ခြောက်ရက် မြောက်လောက်မှာ မရောက်တဲ့အတွက် သူတို့ တောင်ခြေမှာ ကျန်ခဲ့တဲ့ ဒေသခံဝန်ထမ်းနဲ့ ကျနော်တို့အဖွဲ့က အကြမ်းမျဉ်း သူတို့ ပေ တစ်သောင်းခြောက်ထောင်ကျော်လောက်အထိ တက်ပြီးတော့ စောင့်ကြည့်တယ်။ သွားလည်းရှာတယ် သူတို့ ရောက်နေသလား။ ပြန်ဆင်းလာပြီလားဆိုပြီး တက်ကြည့်တဲ့အခါမှာ သူတို့အတွက် တောင်တက်ပစ္စည်းကရိယာ မပါတဲ့အတွက် ပေ တစ်သောင်းခြောက်ထောင်အထိပဲ တက်ရှာနိုင်တယ်။ အဲဒါကို နှစ်ရက် တက်ရှာတယ်။ ရှာပြီး ခုနှစ်ရက်နေ့ကြတော့ Base Camp မှာလည်း ကျနော်တို့ ရိက္ခာ လုံးဝကုန်သွားပြီ ဖြစ်တဲ့အတွက် (၈) ရက်နေ့ကြတော့ တစ်ထောင်စခန်းကို ပြန်ဆင်းလာတယ်။ (၉) ရက်နေ့မှာ တစ်ထောင်စခန်းကို ရောက်တဲ့ရက် ညနေ (၄) နာရီမှာ သူတို့ ဖုန်းဆက်မှ ကျနော်တို့ သိရတယ်။


ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု တက်ပြီးတော့ ရှာတာက တစ်သောင်းခြောက်ထောင်အထိ တက်ရှာတယ်ဆိုတော့ အထက်ကို ခြောက်ထောင်ကျော် ရှိသေးတယ်ပေါ့။ အကြမ်းဖျဉ်း။

ဦးထွန်းလှအောင် ။ ။ မဟုတ်ဘူးဗျ။ သုံးထောင်ဝန်းကျင်ပဲ ရှိတော့တယ်။ တစ်သောင်းကိုထောင် ဝန်းကျင်အထိ။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက အဲဒီ သုံးထောင်ဝန်းကျင်အထိ သူတို့ ရောက်မလာဘဲနဲ့ (၅) ရက်လောက် ကြာခဲ့တယ်ပေါ့။ တကယ်တော့ ဒီခလေးတွေဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်အားကစားသမား။ အင်မတန်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်ရပါလိမ့်မယ်။ အဲဒီ တောင်တက်သမားတွေဟာ။

ဦးထွန်းလှအောင် ။ ။ မှန်ပါတယ်။ ဒီ ခါကာဘိုရာဇီတောင်ဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက်ဆိုရင် ပထမဦးဆုံးအကြိမ် တက်ရောက်အောင်မြင်နိုင်ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသား အကူအညီမပါဘဲနဲ့ မြန်မာနိုင်ငံ တောင်တက်သမားတွေ မြန်မာအလံနဲ့ တက်ရောက်အောင်မြင်နိုင်တဲ့ သမိုင်းလေးတစ်ခုလို့ ကျနော်တို့ အသင်းအနေနဲ့ ဒါကြောင့် ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်နေတာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာပဲဆိုလို့ နိုင်ငံခြားသားတွေက ဘယ်နှစ်ခါ ဘယ်နှစ်ယောက် အောင်မြင်ခဲ့ဖူးလဲ။ ကျနော်တွေ့တာ တစ်ဖွဲ့ပဲ တွေ့ပါတယ်။ ဟုတ်ပါသလား။

ဦးထွန်းလှအောင် ။ ။ ဟုတ်ပါတယ်။ ၁၉၉၆ စက်တင်ဘာလထဲမှာ ဂျပန်လူမျိုး အိုဆာကီနဲ့ မြန်မာနိုင်ငံသား တီဘက်လူမျိုး ဒေသခံ နမာဂျွန်ဆင် ဒီနှစ်ယောက်ပဲ အောင်မြင်ခဲ့ဖူးပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုတက်တဲ့ လူတွေက သူတို့က ကျောင်းသားတွေလား။

ဦးထွန်းလှအောင် ။ ။ ကျောင်းသားတွေတော့ မဟုတ်ဘူး။ ကျောင်းပြီးသွားတဲ့ လူတွေပါ။


ဦးကျော်ဇံသာ ။ ။ ဒီကိစ္စကို လူထု စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ။

ဦးထွန်းလှအောင် ။ ။ လူထု စိတ်ဝင်စားမှုဆိုတာ တောင်တက်အားကစားနည်းကတော့ မြန်မာနိုင်ငံမှာတော့ စိတ်ဝင်စားမှု အားနည်းနေပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ မီဒီယာတွေရဲ့ Coverage အခု တောင်တက်သမားတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ဘယ်လောက် သူတို့က အရေးတယူ ဖော်ပြပါသလဲ။ လူထုရဲ့ ထောက်ခံပံ့ပိုးမှုတွေ ပါလာအောင် ဒီကိစ္စကို လူထုက စိတ်ဝင်တစားရှိလာအောင် ဘယ်လို အရေးအသားနဲ့ ဖော်ပြကြတာကို ကိုထွန်းလှအောင်တို့ တောင်တက်သမားတွေအနေနဲ့ ဘဝင်ကျကြပါသလား။

ဦးထွန်းလှအောင် ။ ။ အခုအချိန်အထိတော့ သတင်းမီဒီယာတွေကလည်း ကျနော်တို့ တောင်တက်အဖွဲ့ရဲ့ အခြေအနေတွေကို သတင်းမီဒီယာပေါင်းစုံက စိတ်ဝင်တစားနဲ့ မေးမြန်းပါတယ်။ ပြီးတော့ တတ်နိုင်သမျှ နေ့စဉ်နီးပါး သတင်းဂျာနယ်တွေမှာ ကျနော်တို့ တောင်တက်ပျောက်ဆုံးနေတဲ့ နှစ်ယောက်အကြောင်း သတင်းတွေကိုလည်း ထည့်သွင်းဖော်ပြပါတယ်။ တတ်နိုင်သမျှ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့အတွက် မေးမြန်းတဲ့အတွက် ကျနော်တို့အနေနဲ့ သတင်းမီဒီယာအပိုင်းအနေနဲ့ တောင်တက်သမားနှစ်ယောက်ရဲ့အကြောင်း နဲ့ ခြေလျှင်တောင်တက်အသင်း အကြောင်းတွေကိုတော့ ဖော်ပြပေးနေတယ်လို့ ကျနော်တို့ လက်ခံထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အာဏာပိုင်အဖွဲ့အစည်းတွေက ဘာများဆောင်ရွက်ပေးပါသလဲ။

ဦးထွန်းလှအောင် ။ ။ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ကျနော်တို့ မြန်မာတောင်တက်သမားနှစ်ယောက် တက်ရောက်အောင်မြင်တယ်ဆိုတဲ့ သတင်းကို .. သူတို့ သတင်းအခြေအနေကို စောင့်မျှော်နေတယ်လို့တော့ ကျနော်တို့အချင်းချင်း စကားတွေကနေ ကြားသိထားရပါတယ်။ အခု ပျောက်ဆုံးနေတဲ့ အကြောင်းကို ကြားသိတဲ့အခါမှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်ဆိုင်ရာက လိုအပ်တာကို ပံ့ပိုးကူညီနိုင်ဖို့ ပူတာအိုမှာရှိတဲ့ ဒေသခံ အာဏာပိုင်အဆင့်ဆင့်ကိုလည်း မှာကြားထားတယ်လို့ သိရပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာဆိုရင် တပ်မတော်လေ၊ တပ်မတော်ရဟတ်ယာဉ် လိုအပ်သလို သုံးစွဲနိုင်ဖို့။ လက်ရှိလည်း ကူညီထောက်ပံ့ရေး၊ ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ ရိက္ခာပို့ဆောင်ရေးတွေ အကုန်လုံးကို လုပ်ပေးနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီတောင်တက်သမားတွေမှာ ကျနော် တစ်ခု သိချင်တာက အဲဒီလို သက်စွန့်ဆံဖျားလုပ်ရတဲ့ လုပ်ငန်းတွေအတွက် အသက်အာမခံဆိုတာ ရှိပါသလား။

ဦးထွန်းလှအောင် ။ ။ အသက်အာမခံကတော့ ကျနော်တို့ ထားမယ်ဆိုရင်တော့ ရပါတယ်။ ခရီးသွားအာမခံပေါ့။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ အာမခံလုပ်ငန်းအနေနဲ့ ခရီးသွားအာမခံတစ်ခုအနေနဲ့ ထားလို့တော့ ရပါတယ်။ အလုံးစုံ အသက်အာမခံအနေအထားဆိုရင်တော့ ကျနော်တို့လည်း စုံစမ်းမမေးမြန်းဘူးတော့ သေချာတော့ မသိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တောင်တက်သမားတွေ ပေ နှစ်ထောင်လောက် ခရီးအတွက် (၅) ရက် ကြန့်ကြာခဲ့တယ်ဆိုတာ သိတဲ့အခါမှာ ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်တယ်ဆိုတာ နည်းနည်းနောက်မကျလွန်ဘူးလား။

ဦးထွန်းလှအောင် ။ ။ ကျနော်တို့ ဒီဖက်ကလည်း ဆက်သွယ်ရေးတွေ အခက်အခဲ ရှိတဲ့အတွက် တောင်တက်နေတဲ့အဖွဲ့နဲ့ ဒီမှာကျန်ခဲ့တဲ့ လူတွေနဲ့ အဆက်အသွယ်က ရရှိမှုနှေးတဲ့အတွက် အချိန်ကာလ အရမ်းကြန့်ကြာမှု ရှိသွားတာပါ။ ကျနော်တို့ သိရတဲ့အချိန်မှာ ဆက်တိုက်ပဲ ကျနော်တို့ အဖွဲ့နဲ့ အခုလက်ရှိ လှုပ်ရှားနေတဲ့အဖွဲ့ ထူးဖောင်ဒေးရှင်းအနေနဲ့ အင်တိုက်အားတိုက်နဲ့ အချိန်ကြန့်ကြာမှုမရှိဘဲ တတ်နိုင်သမျှ မြန်အောင် ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ထူးဖောင်ဒေးရှင်းက ဘာကြောင့် ပါဝင်လာတာလဲ။ တောင်တက်အဖွဲ့ကို သူတို့ စပွန်ဆာ လုပ်ပေးတာလား။

ဦးထွန်းလှအောင် ။ ။ တောင်တက်အဖွဲ့ကိုတော့ စပွန်ဆာ လုပ်ပေးတာ မဟုတ်ဘူး။ ထူးဖောင်ဒေးရှင်း နာယကအနေနဲ့ တောင်တက်တာကို ဝါသနာပါတယ်။ တောင်တက်ထားတဲ့လူတွေကိုလည်း အဓိက ပံ့ပိုးပါတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တဖွဲ့လည်း ရောက်နေတယ် ကြားပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်က ဘယ်လောက်အထိ ထိရောက်ပါသလဲ။

ဦးထွန်းလှအောင် ။ ။ တရုတ်နိုင်ငံက ဆောင်ရွက်ရမယ့်အဖွဲ့ကတော့ လောလောဆယ် ရှေ့ဆက်ဆောင်ရွက်ဖို့တော့ အခြေအနေ လောလောဆယ် မပေးသေးဘူး။ သူတို့ အဓိက ပြန်ပြီးတော့ တိဘတ်ကနေ လာပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်လို့တော့ ကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ကယ်ဆယ်ရေး ဖြစ်တယ်ဆိုတာ နိုင်ငံတကာမှာက ပျောက်ဆုံးသွားတဲ့ နေရာရဲ့ Latitude Longitude position တွေ ကြည့်မယ်။ အန္တရာယ်နဲ့ အနီးစပ်ဆုံး ပျောက်ဆုံးနေတဲ့နေရာနဲ့ အနီးစပ်ဆုံးမှာ ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး သွားရောက်ရှာဖွေမယ်။ ကယ်ဆယ်မယ်။ အနေအထားအမျိုးမျိုးတွေ ကွာသွားတယ်။ တောတောင်ရေမြေ အနေအထားနဲ့။ အခုက ခါကာဘိုရာဇီတောင်ကို ရောက်ဖို့ ပူတာအိုကနေ ပုံမှန်အတိုင်း လမ်းလျှောက်သွားမယ်ဆိုရင် (၁၆) ရက် ကြာပါတယ်။ အခု ရဟတ်ယာဉ်ကလည်း ရာသီဥတုဆိုးဝါးတဲ့အတွက် အဓိက မပျံသန်းနိုင်ဘဲနဲ့ ကြန့်ကြာမှုတွေကြောင့် အဲဒီလို နည်းနည်းအဆင်မပြေဘူးလို့ ကြားသိရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတစ်ခု အခုဖြစ်တဲ့ဟာကို သင်ခန်းစာယူပြီး နောင်ကို ခြေလျှင်တောင်တက်လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သင့်တယ်ဆိုတဲ့ သင်ခန်းစာများ ဘယ်လိုဟာမျိုး ရယူနိုင်ပါသလဲ။

ဦးထွန်းလှအောင် ။ ။ အန္တရာယ်ကြီးတဲ့ တောင်မျိုးတွေကို သွားတဲ့အခါမှာတော့ တကယ်လို့ မဖြစ်မနေ စောစောကလို ဆက်သွယ်ရေးစက် နဲ့ ကျနော်တို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ လိုအပ်တဲ့ တောင်တက်ပစ္စည်း အပြည့်အစုံ လိုအပ်မယ်လို့ ကျနော်တို့ သင်ခန်းစာလည်း ယူရပါတယ်။ ကျနော်တို့ လိုအပ်ချက်တွေ ရှိခဲ့ရင် ကျနော်တို့ဖက်က အန္တရာယ်တွေလည်း ရှိနိုင်တဲ့အနေအထားလည်း ကြုံတွေ့ရတာ မှန်းလိုရပါတယ်။

XS
SM
MD
LG