သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပြောင်းလဲသေးတဲ့ အောက်ခြေလူတန်းစားဘဝ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံကို နှစ်ပေါင်း (၂၅) နှစ်ကြာမှ ပြန်ရောက်ရှိခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဇော် နဲ့ (၁၅) နှစ်ကြာမှ ပြန်ရောက်ခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ မခင်ဖြူထွေးတို့ကို သူတို့ မြန်မာနိုင်ငံရောက်ရှိချိန် တွေ့မြင်ခဲ့ရတဲ့ အောက်ခြေလူတန်းစား လူ့အဖွဲ့အစည်း၊ လူငယ်များရဲ့ လူမှုဘဝ အခြေအနေ၊ အကြောင်းအရာများကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဇော်ဇော် ခင်များ - မြန်မာနိုင်ငံရဲ့ သာမန်ဆင်းရဲသား အောက်ခြေလူအဖွဲ့အစည်းမှာ ထူးခြားတဲ့ ပြောင်းလဲမှုအနေနဲ့ ဘာတွေ့ခဲ့ရသလဲ ခင်များ။

ကိုဇော်ဇော် ။ ။ ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာတော့ မတွေ့ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်တွေက ဒီပတ်ဝန်းကျင်တွေမှာ လူငယ်တွေ၊ အလုပ်သမားလူတန်းစားတွေက အရင့်အရင်အတိုင်းပဲ ရုန်းကန်နေရဆဲ၊ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြဆဲဖြစ်တယ်။ နောက်တခုက လူငယ်တွေဆိုရင်လည်း အခုအချိန်အထိ ပညာမဲ့၊ အလုပ်လက်မဲ့၊ မရေမရာ ဘဝတွေနဲ့ ရပ်တည်နေတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တာဝန်ရှိတဲ့ လူတွေအနေနဲ့ ဒီလူတန်းစားတွေရဲ့ ဘဝအဆင့်အတန်း မြှင့်မားရေးအတွက်ဆိုပြီးတော့ သီးသီးသန့်သန့် လုပ်ပေးနေတဲ့ကိစ္စတွေကို တွေ့ခဲ့ရပါသလား။

ကိုဇော်ဇော် ။ ။ ထူးထူးခြားခြားတော့ မတွေ့ရဘူး။ သူတို့တွေ ဟိုနားထိုင်၊ ဒီနားငေး။ လဘက်ရည်ဆိုင်တွေမှာဆို ညဆိုရင် ညဉ့်နက်သန်းခေါင်ချိန်အထိ အပြည့်ပဲ။ လူငယ်တွေက ဘောလုံးပွဲကြည့်တယ်။ ဆိုတော့ ကျနော်မေးတယ် မင်းတို့ နောက်တရက် အလုပ်သွားဖို့မရှိဘူးလား။ ဘာမှလုပ်ဖို့ မရှိဘူးလားဆို - မရှိဘူး။ ဘောလုံးပွဲက သူတို့အလုပ်လို ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဘဝမှာ ဘာဆက်လုပ်မယ်ဆိုတဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ လှုပ်ရှားနေတဲ့လူငယ်တွေ သိပ်မရှိဘူးပေါ့။ အဲဒီအောက်ခြေမှာ။

ကိုဇော်ဇော် ။ ။ မရှိသလောက် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ကလည်း လူငယ်တွေ အလုပ်ရရှိဖို့အတွက် မဖန်တီးနိုင်ဘူး။ တချိန်တည်းမှာလည်း လူငယ်တွေက ပညာမတတ်တဲ့ အနေအထား ရောက်နေတယ်။ ဆိုတော့ သူတို့ လိုအပ်တဲ့ vocational school လက်မှုပညာရေးပိုင်းဆိုင်ရာတွေ - အဲဒီလို ပညာရေးပိုင်တွေကို နိုင်ငံတော်အနေနဲ့သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းသော်လည်းကောင်း လုပ်ပေးနိုင်တယ်ဆိုရင်တော့ တမျိုးတမြည်း ဖြစ်နိုင်တယ်ပေါ့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မခင်ဖြူထွေး။ ကျနော်တို့ရဲ့ အခေါ်အဝေါ်အတိုင်းဆိုရင် သဲသဲ လို့ပဲ ခေါ်ပါရစေ။ သဲသဲ အနေနဲ့ မြန်မာပြည်ကို (၁၅) နှစ်ကြာမှ ပြန်ရောက်သွားတော့ အခုန ကိုဇော် ပြောသလို အောက်ခြေလူငယ်ထု၊ အောက်ခြေလူတန်းစားတွေရဲ့ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ဘာတွေ တွေ့ခဲ့ရပါသလဲ။ အထွေးအထူး။

မခင်ဖြူထွေး ။ ။ အစောက ကိုဇော် ပြောသွားသလိုပဲ ထူးထူးခြားခြား တကယ့်အောက်ခြေ လူတန်းစားတွေအတွက်တော့ အပြောင်းအလဲကတော့ သိပ်အများကြီး မရှိဘူး။ အရင် အာဏာရှင်လက်ထက်တုန်းကလိုပဲ ရုန်းကန်နေရတယ်။ ဒါပေမဲ့ အာဏာပိုင်ဖက်က လုပ်ပေးတာမရှိဘူး မှန်တယ်။ ဒါပေမဲ့ လူငယ်တွေ၊ အမျိုးသမီးတွေအတွက် ကျမ သွားခဲ့တဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ဟာက ဘာလဲဆိုတော့ လူမှုအဖွဲ့အစည်းတွေကနေ လုပ်တဲ့သင်တန်းတွေဆိုတာကတော့ ဟိုတုန်းကထက် အခုအချိန်မှာ ရှိလာတာကို တွေ့ရတယ်။ ရှိလာတယ်ဆိုတာ အခု ပွင့်လင်းလာတဲ့ (၂) နှစ်တာကာလမှာ ပေါ်ပေါက်လာတဲ့ Civil Society ပဲပြောပြော၊ ဒီဟာတွေရဲ့ အခန်းကဏ္ဍတခု အနည်းအကျဉ်းပေါ်ထွက်လာတယ်လို့ ပြောလို့ရမယ်ထင်တယ်။ NLD ပါတီကလည်း အဓိကလုပ်တာ အများကြီးရှိပါတယ်။ လူငယ်တွေအတွက် ထောက်ကူသင်တန်းတွေ။ တော်တော်များများလုပ်တာကို တွေ့ရတယ်။ ဟို ကျမတို့ ရှိတုန်းကဆိုရင် ဒီလိုသင်တန်းတွေက ခပ်ရှားရှားပဲ။ မရှိခဲ့ဘူး။ ဒါပေမဲ့ အခု လူငယ်တွေတချို့က ဒီ သင်တန်းတွေကို တက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာတယ်။ သူ့ ဧရီယာအလိုက်ပေါ့။ ဥပမာ သတင်းထောက်ဝါသနာ ပါတဲ့သူတွေဆိုရင် သတင်းထောက်နဲ့ ပတ်သက်ပြီး၊ တရားဥပဒေနဲ့ ပတ်သက်ပြီး law တွေမှာ ဥပဒေမှာ စိတ်ဝင်စားတဲ့လူတွေဆိုရင်လည်း ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာတဲ့ဟာမျိုးလေးတွေ။ ဒီလို သူ့ကဏ္ဍအလိုက် သူတို့ စိတ်ဝင်စားတဲ့ဟာတွေကို သင်တန်းလေးတွေ ရှိလာတယ်။ ဒါက တနည်းတလမ်းတော့ သူတို့အတွက် တိုးတက်ရာ တိုးတက်ကြောင်း အထောက်အပံ့ တစုံတရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါလာသလဲ။ သူတို့ဟာ အရင်တုန်းကလိုပဲ သူတို့ဘဝ ရည်မှန်းချက်ရယ်လို့ ဘာမှမရှိဘူး။ အမျိုးသမီး အများစုကို ပြောတာပါ။ အရွယ်ရောက်ရင် အိမ်ထောင်ကျမယ်။ အိမ်ထောင်ကို ပြုစုရမယ် ဒီလိုနဲ့ပဲ ဘဝကို မြုပ်နံှနေကြသလား။ ဒါ့အပြင် သူတို့တွေအတွက် အနာဂတ် မျှော်မှန်းချက်တွေ ဘာတွေရှိတယ်လို့ ဆိုနိုင်ပါသလဲ။

မခင်ဖြူထွေး ။ ။ ကျမ တွေ့ခဲ့ရသလောက်တော့ အမျိုးသမီးတွေက အရင်ထက်ပိုပြီးတော့ ရုန်းကန်ရတာတွေ ပိုများလာတာတွေကို တွေ့ခဲ့ရတယ်။ အရင်တုန်းကဆိုလို့ရှိရင် ဥပမာ ကျမတို့ ငယ်ငယ်တုန်းကဆိုရင် အမေတွေ၊ အဒေါ်တွေ ဆိုလို့ရှိရင် အိမ်မှုကိစ္စတွေကို လုပ်ကြတယ်။ အဖေ က အပြင်မှာ စီးပွားထွက်ရှာတယ်။ ဒီလောက်ပဲ။ ဒါပေမဲ့ အခုအချိန်မှာကြတော့ အမျိုးသမီးတော်တော်များများက ဘာဖြစ်လာလဲဆိုတော့ အိမ်မှုတာဝန်တွေ လုပ်ရတာလဲ။ ဒီကိစ္စမှာလည်း အရင်အတိုင်းပဲ ဆက်လုပ်နေရတယ်။ တချိန်တည်းမှာလည်း အပြင်မှာ စီးပွားထွက်ရှာတော့လည်း သူတို့ ဖြစ်လာတယ်။ အပြင်ကို နိုင်ငံရေးမှာလည်း အမျိုးသမီးတွေ တက်တက်ကြွကြွနဲ့ ပါလာတာကို အရင်ကထက် တွေ့ရတယ်။ ဒါကတော့ အားတတ်စရာတခုပေါ့။

ဦးကျော်ဇံသာ ။ ။ သဲသဲ ပြောတဲ့အထဲမှာ အန်ဂျီအိုတွေက အမျိုးသမီးတွေအတွက် အသိအမြင် တိုးတက်မယ့် သင်တန်းတွေ၊ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ စသဖြင့် ဖွင့်လာတာဟာ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီတော့ ကိုဇော် တွေ့ခဲ့ရတဲ့ လူငယ်အသိုင်းအဝိုင်းမှာ အဲဒီလိုမျိုးတွေ မရှိဘူးလား။ ဘယ်လောက်အထိများ လူငယ်တွေကို အကျိုးသက်ရောက်မှု ရှိစေပါသလဲ။

ကိုဇော်ဇော် ။ ။ သင်တန်းတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ အခုနလို ဥပမာအားဖြင့် ကျနော့်ညီလေးတယောက်ဆိုရင် နိုင်ငံရေးအကျဉ်းသားတယောက်။ သူတို့ နိုင်ကျဉ်းတို့ဘာတို့ အဖွဲ့အစည်းကလုပ်တဲ့ သင်တန်းတွေရှိတယ်။ Capacity building ဘာညာ လုပ်ငန်းပိုင်းဆိုင်ရာ နားလည်းတက်ကျွမ်းဖို့ ဘာညာဆိုတဲ့ သင်တန်းတွေရှိတယ်။ ရှိပင်သော်လည်း ဒီသင်တန်းတွေတက်မယ်။ သုံးလေးရက် တက်မယ်။ ပြီးတော့ အဲဒီသင်တန်းက ရရှိတဲ့ဟာတွေကို ဘယ်နေရာမှာ ပြန်အသုံးချမလဲ။ ဘယ်နေရာမှာ အလုပ်ရမယ်ဆိုတာ မရှိဘူး။ အဓိက,က အလုပ်။ လူငယ်တွေ အတော်များများကို မေးကြည့်လိုက်ရင်တော့ အရင်အရင်ထက်စာရင်တော့ နိုင်ငံရေးပိုင်ဆိုင်ရာတွေ နားလည်းလာကြတယ်။ လူမှုလုပ်ငန်းပိုင်ဆိုင်ရာတွေ နားလည်းလာကြတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ဝမ်းစာအတွက် သူတို့ အလုပ်မရှိကြဘူး။ မရှိကြတော့ ဘာလုပ်မလဲ။ ကားနောက်လိုက်မယ်။ လဘက်ရည်ဆိုင်တွေ သွားကြည့်မယ်ဆိုရင်လည်း စားပွဲထိုးလေးတွေ အများကြီး တွေ့လိမ့်မယ်။ လဘက်ရည်ဆိုင်မှာ စားပွဲထိုးက ပိုများနေသလို ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရ ဖွင့်လှစ်ထားတဲ့ ပုံမှန်ပညာရေးစနစ်က ဒီလူငယ်တွေ ဘယ်လောက် အားကိုးလောက်သလဲ။ သဲသဲ ဘယ်လို တွေ့ခဲ့ပါသလဲ။

မခင်ဖြူထွေး ။ ။ အစိုးရရဲ့ ပုံမှန်ပညာရေးစနစ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သိပ်ပြီးတော့ အထောက်အကူ ပြုတယ်လို့ ကျမကတော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘွဲ့ရပညာတတ်တွေ မြန်မာနိုင်ငံမှာ အများကြီးပဲ။ ဒါပေမဲ့ ဘွဲ့ရပြီး၊ သူတို့ရတဲ့ဘွဲ့နဲ့ ကိုက်ညီတဲ့ အလုပ်ခွင်မှာ လုပ်ခွင့်မရဘူး။ ဆိုတော့ နောက်တခုက သူတို့ပေးခဲ့တဲ့ ပညာရေးထဲမှာ ဘွဲ့ဆိုတာကလည်း အဝေးသင်နဲ့ ယူခဲ့ရတယ် အတော်အများစုက။ နောက် (၁) နှစ်၊ (၂) နှစ်လောက်ကြာတဲ့အခါမှာ ဘာမှဆက်ပြီး ဖြစ်မလာတော့ ပြောရမယ်ဆိုရင်တော့ လူတွေက ဘွဲ့ရပေမယ့်လည်း သူတို့နဲ့ သက်ဆိုင်တဲ့ လုပ်ခွင့်မရတဲ့အခါမှာ ဘာမှ လူ့အဖွဲ့အစည်းအတွက် အသုံးမဝင်တော့သလို ဖြစ်လာတယ်။ နောက်တခုက ဘာသွားတွေ့သလဲဆိုတော့ မြန်မာနိုင်ငံက လူငယ်အများစုက နိုင်ငံခြားကိုပဲ သွားဖို့ကိုပဲ အမြဲတမ်း စိတ်အားထက်သန်နေကြတယ်။ နိုင်ငံခြားသွားမယ်။ ပညာသင်တန်းတွေ တက်တယ်။ ဘွဲ့ရပြီးရင်လည်း သင်တန်းတွေတက်။ တက်ပြီးရင်လည်း နိုင်ငံခြားသွားဖို့ပဲ ဦးတည်နေတယ်။ မြန်မာပြည်မှာ ဘာကိုသွားပြီးတော့ တွေ့မိလဲဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ တအိမ်တယောက်က ကျွန်တယောက်ရှိနေသလို ဖြစ်နေတယ်။ ဒီတယောက်က အပြင်မှာ မလေးရှားမှာဖြစ်ဖြစ်၊ ထိုင်းမှာဖြစ်ဖြစ်၊ စင်္ကာပူ၊ ကိုရီးယား၊ အမေရိက၊ ဥရောပအထိ နိုင်ငံတွေမှာလာပြီးတော့ တအိမ်တယောက်၊ အိမ်တိုင်းအိမ်တိုင်းမှာ နိုင်ငံခြားကို မထွက်တဲ့လူ မရှိသလောက်ပဲ။ ဒီလူက ပို့ပေးတဲ့ငွေကိုပဲ ကျန်တဲ့ တမိသားစုလုံးက ထိုင်စားနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကျန်တဲ့လူတွေမှာ အလုပ်အကိုင်မရှိဘူး။ ကျန်တဲ့လူတွေမှာ အလုပ်အကိုင်မရှိဘူး။ စောစောက ကိုဇော် ပြောသလိုပဲ လဘက်ရည်ဆိုင်မှာ ထိုင်နေမယ်။ ကျန်တဲ့ မောင်နှမတွေက။ ဒီ ကျွန်တယောက်ထွက်ပြီး လုပ်တဲ့လုပ်စာကို တအိမ်လုံးက ဝိုင်းပြီးစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒါမျိုးတော့ စိတ်လည်းမကောင်းစရာ တွေ့ခဲ့ရတယ်။

ကိုဇော်ဇော် ။ ။ ကျနော် အခုန သဲသဲပြောတဲ့ ပညာရေးနဲ့ ပတ်သက်ပြီး နည်းနည်းဖြည့်ပြောချင်တာက အခု သမ္မတဦးသိန်းစိန်တို့၊ နိုင်ငံတော်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုပြီးတော့ ဦးနေဝင်းအစိုးရလက်ထက်မှာ မြန်မာနိုင်ငံတဝှမ်းမှာ ကျောင်းပေါင်း (၁၀၀) ရှိတယ်။ ဦးသန်းရွှေလက်ထက်မှာ ကျောင်း (၁၂၀) ရှိတယ်။ အခု ဦးသိန်းစိန်လက်ထက်မှာ ကျောင်းပေါင်း (၂၀၀) ရှိလာပြီ ဆိုပြီး သူတို့က နံပတ်တွေကိုပြတယ်။ ကျောင်းတခုမှာ ရှိသင့်ရှိထိုက်တဲ့ကဏ္ဍတွေ မရှိဘူး။ ပြောမယ်ဆိုရင် ကျနော်တို့ ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းတွေ၊ ရပ်ကွက်ထဲကကျောင်းတွေဆိုလည်း ဆုတ်ပျက်နေတာ။ ခုံအလုံအလောက် မရှိဘူး။ ကျောင်းသားတွေ သောက်ဖို့အတွက် သောက်ရေတောင် မရှိဘူး။ အခုဆိုရင် ဦးသိန်းစိန်က ကျနော် ရောက်နေတဲ့ကာလမှာပဲ သူပြောတဲ့ စနေနေ့တိုင်း မိန့်ကြားတဲ့မိန့်ခွန်းတခုထဲမှာ ဘာပြောသလဲဆိုတော့ ဒီကျောင်းသားတွေ ဉာဏ်ရည်ပြည့်ဝဖို့ ဖွံ့ဖြိုးဖို့အတွက် နွားနို့သောက်သင့်တယ်။ နွားနို့တိုက်သင့်တယ် ကျောင်းတွေမှာ။ ပြဿနာက နွားနို့မပြောနဲ့။ ကျောင်းတွေမှာ သောက်ရေ ရေသန့်သောက်ဖို့တောင် မရှိဘူး။ မရှိတော့ ကျနော် ရောက်ခဲ့တဲ့ကျောင်းတွေမှာဆိုရင် ဆရာမတွေ ဘယ်လိုတုန်း ဆရာမတို့ ခလေးတွေကို နွားနို့တိုက်သလားဆိုတော့။ နွားနို့ မပြောနဲ့ ကျမတို့ ရေသန့်တောင် မတိုက်နိုင်ဘူးဖြစ်နေတယ်။ ဒါကတော့ ကျနော် ပြောနေတာ ရန်ကုန်ဆင်ခြေဖုံမှာ ရှိနေတဲ့ ကျောင်းလေးတွေကို ပြောနေတာ။ ရွာတွေသွားကြည့်ရင် ဒီထက်မက ဆိုးတာကို ကျနော်တို့ တွေ့နေရတယ်။ သိနေရတယ်။

ဦးကျော်ဇံသာ ။ ။ သဲသဲ ကို မေးချင်တာက နောက်တခုက အခုန လူငယ်တွေဟာ တအိမ်တယောက် အနည်းဆုံး နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ကြတယ်။ သူတို့ ပြန်ပို့တဲ့ပိုက်ဆံကိုပဲ ထိုင်စားနေရတယ်ဆိုတော့ မေးခွန်းနှစ်ခု မေးချင်တယ်။ နိုင်ငံခြားကို မြန်မာနိုင်ငံ လူအင်အား တင်ပို့တဲ့သဘောပေါ့။ တချို့ နိုင်ငံတွေဆိုရင် ဖိလစ်ပင် ဆိုရင်လည်း ပြည်ပမှာလုပ်တဲ့ နိုင်ငံခြားက ပြန်ပို့တဲ့ ဝင်ငွေဟာ တိုင်းပြည်ရဲ့ အဓိကဝင်ငွေတခုအဖြစ်နဲ့ one of the sources of income အားကိုးမှီခိုလောက်အောင် လုပ်နေတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားကို လူတွေထွက်ဖို့အတွက် အစိုးရက စနစ်တကျ စီမံကိန်းနဲ့ လုပ်ပေးတာများ ကြားခဲ့ရပါသလား။

မခင်ဖြူထွေး ။ ။ ကျမတော့ အဲဒါမျိုးတော့ မကြားခဲ့ရဘူး။ အများစုက လူတွေက ကိုယ့်ကိုယ်ပိုင်ငွေကို သုံးပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လမ်းကြောင်းကနေ သွားကြတာများတယ်။ Agent တွေဆိုရင် သိပ်အလုပ်ဖြစ်တာပေါ့။ တချို့ဆိုလို့ရှိရင် ခြံတွေ၊ လယ်တွေ၊ အိမ်တွေပေါင်ပြီးတော့၊ ရောင်းပြီးတော့ သွားတဲ့လူတွေလည်းရှိတယ်။ ဒီ ခရီးကိုသွားဖို့အတွက်။ အဲဒီလို သွားတဲ့အခါမှာ အခက်အခဲမျိုးစုံလည်း ကြုံရတယ်။ တချို့က အလိမ်ခံရလို့ ငွေတွေကုန်ပြီးတော့ မသွားလိုက်ရတာတွေရှိတယ်။ စောင့်ပါစောင့်ပါဆိုပြီး စောင့်နေရတယ့်လူတွေလည်း အများကြီး တွေ့ခဲ့ရတယ်။ ဒီလိုမျိုး ကိုယ့်နိုင်ငံကနေ လူတွေ အလုံးအရင်းနဲ့ နိုင်ငံခြားကို သွားနေတယ်လူတွေရှိပေမယ့် အစိုးရအာဏာပိုင်တွေဖက်ကနေ ဒီလူတွေကို စနစ်တကျ လွှတ်ပေးတယ်ဆိုတာမျိုး မကြားခဲ့ရတဲ့အပြင် ကျမတို့ ကြားခဲ့ရတာ အများစုကတော့ နိုင်ငံခြားမှာရှိနေတဲ့ အစိုးရအာဏာပိုင်တွေကတောင် ဒီလူတွေကို အကူအညီ ပေးတာမျိုး မရှိဘူးဆိုတာကို ကြားခဲ့ရတာ ပိုများတယ်။

ဦးကျော်ဇံသာ ။ ။ လူကုန်ကူးတဲ့ ပြဿနာလည်း ဒါနဲ့ဆက်စပ်ပြီး ပေါ်လာတယ်ပေါ့။

မခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ … လူကုန်ကူးမှုတွေ အများစု။ အခုနောက်ပိုင်းမှာဆိုရင်တော့ ထိုင်းမှာရှိတဲ့ သံရုံးတို့ ဘာတို့က အကူအညီပေးတယ်ဆိုတာတော့ တချို့ တစိတ်တဒေသ ကြားဖူးပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်း ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက် လုပ်ပေးနိုင်တဲ့ အဆင့်မှာတော့ အခုထိ တခါမှ မကြားဖူးသေးဘူး။ အခုအချိန်အထိလည်း ဖြစ်နေတာပဲ ထိုင်း၊ မလေးရှားတို့မှာ လူကုန်ကူးတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံသားတွေ။ ကိုယ့်ဖက်က အစိုးရအာဏာပိုင်တွေဖက်ကနေ တစုံတရာ သူတို့ရဲ့ အခွင့်အရေးကို အကာအကွယ် မပေးတဲ့အခါမှာ မြန်မာအလုပ်သမားတွေအနေနဲ့ အထူးသဖြင့် နိုင်ငံခြားကိုထွက်ပြီးတော့ လုပ်ရတဲ့ အလုပ်သမားတေါအနေနဲ့ ပိုပြီးတော့ လူကုန်ကူးခံရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကိုဇော် ကို နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်။ ဒီလို လူငယ်တွေ နိုင်ငံခြားကိုထွက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အာဏာပိုင်တွေ မကြာခဏ ပြောပါတယ်။ မြန်မာနိုင်ငံကို ပြန်လာကြပါ။ မြန်မာနိုင်ငံမှာ လယ်စိုက်မယ့် စပါးစိုက်မယ့်လူတောင် မရှိတော့ဘူး။ ကျေးလက်မှာ အများကြီး အဲဒီကိစ္စကြောင့်လည်း လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်ရတယ်လို့ ပြောကြပါတယ်။ အဲဒါမျိုး ဘယ်လောက်ဆိုးဆိုးဝါးဝါး တွေ့ခဲ့ရပါသလဲ။ အဲဒီ အခြေအနေ။

ကိုဇော်ဇော် ။ ။ ဟုတ်ကဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျနော်က ဒေးဒရဲဖက်၊ ကဝတ်ရွာဖက်ကို နာဂစ်တုန်းက တော်တော်လေး ထိခိုက်သွားခဲ့တဲ့ ရွာပေါ့။ အဲဒီမှာ လူငယ်တွေ မရှိတော့ဘူး။ လယ်လုပ်နေတဲ့ လူတွေ အများစုက သက်ကြီးရွယ်အိုတွေများတယ်။ ကျနော် မေးတယ် ခလေးတွေ ဘယ်မှာလဲဆိုတော့ အခုန မသဲ ပြောသလိုပဲ မလေးရှား ရောက်နေတယ်။ စင်္ကာပူ ရောက်နေတယ်။ ဆိုတော့ အဲဒီလို ပုံသဏ္ဍာန်မျိုး ရှိနေတော့။ ဒါဆိုရင် ဒီလယ်လုပ်ငန်းတွေကို ဘယ်သူတွေ လုပ်ကြသလဲဆိုတော့ ဒီလိုပဲ ရှိတဲ့လူကြီးတွေကပဲ ကုန်ရုန်းပြီး လုပ်နေကြတယ်ဆိုတော့ လယ်ထွက်နှုန်းကလည်း နည်းတာပေါ့။ နည်းတော့ သူတို့ဘဝ အခက်အခဲကလည်း ပိုဖြစ်လာတယ်။ ဒါပေမဲ့ သူတို့ ဘာနဲ့ရပ်တည်နေရသလဲဆိုတော့ အခုန ခလေးတွေ ပို့တဲ့ငွေနဲ့ ရပ်တည်နေကြတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံတော်အစိုးရက ဘယ်လောက်စိုက်နှုန်း ထွက်ရမယ်၊ ဘယ်လောက်လုပ်ရမယ်ဆိုတဲ့ ပြဌာန်းချက်တွေ ရှိတုန်းပဲ။ ရှိတော့ သူတို့မှာ အဲဒီ ပြဌာန်းချက်တွေကိုလည်း လိုက်လုပ်နေရတယ်။ ရတဲ့နည်းနဲ့ပေါ့။ လယ်လုပ်မယ့်လူတွေ မရှိတဲ့အတွက် စက်ပိုင်းဆိုင်ရာတွေ တိုးတက်လာသလား။ တိုးပွားလာသလားဆိုတော့ အဲဒီဖက်ပိုင်းမှာလည်း မရှိဘူး။ မရှိတော့ လယ်သမားကတော့ သူတို့ပြောတဲ့စကားအရတော့ ကျနော်တို့ကတော့ နင်းပြားပဲ။ အစိုးရက ဒီလယ်ယာမြေတွေကို မသိမ်းအောင်လို့ ကျနော်တို့ကတော့ သူတို့တောင်းဆိုတဲ့ ထွက်နှုန်းရအောင် ရတဲ့နည်းနဲ့ လုပ်နေရတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ နောင် ကျနော်တို့မရှိရင် ဘယ်သူလုပ်မလဲဆိုတာတော့ မေးခွန်းတခုလို ဖြစ်နေတယ်။
XS
SM
MD
LG